spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရှေးဟောင်း မွန်ယဉ်ကျေးမှုလက်ရာများ တည်ရှိသော ကော့ဂွန်းဂူအား ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်

    ရှေးဟောင်း မွန်ယဉ်ကျေးမှုလက်ရာများ တည်ရှိသော ကော့ဂွန်းဂူအား ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာ အနီးရှိ ကော့ဂွန်းဂူကို ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်လိုက်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ MRTV-4 ၏အင်တာနက်သတင်းစာမျက်နှာတွင် စက်တင်ဘာလ ၁ ရက်နေ့စွဲဖြင့် ရေးသားဖေါ်ပြထားသည်။

    ကော့ဂွန်းဂူအတွင်းမြင်တွေ့နေရပုံ( Internet)
    ယင်းကော့ဂွန်းဂူသည် သဘာဝကျောက်လိုဏ်ဂူ အမျိုးအစားတစ်ခုဖြစ်ပြီး ဂူအတွင်း၌ရှေးဟောင်း မွန်ယဉ်ကျေးမှု အမွေအနှစ်လက်ရာအုတ်ခွက်ဘုရားများကြောင့် သမိုင်းတွင်ထင်ရှားစွာ ကျန်ရစ်နေသည်။

    အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း)မှ မွန်သမိုင်းသုတေသီ နိုင်မောင်တိုးက “လေ့လာရမိသလောက်ဆိုရင် ဘုရားမတ်တပ်ဆင်းတုတော်တစ်ဆူရဲ့ သင်္ကန်းမှာ ရှေးဟောင်း မွန်ဘာသာနဲ့ ကျောက်စာ ၂၃ ကျောင်းရေးထိုးထားတယ်၊ ရေးသားချက် ကိုဖတ် ရှုကြည့်တော့ အေဒီ ၆-၇ ရာစုက မွန်ကျောက်စာတွေလို့ ခန့်မှန်းပါတယ်၊ အခုဖတ်လို့မရတော့ဘူး၊ မှုန်မှုန်ဝါးဝါးဖြစ်နေပြီ၊ ရှေးဟောင်းသုတေသနဌာနက အရင်ကတည်းက ကော်ပီကူးထားတာ တွေရှိခဲ့တယ်၊ အဲဒီကပဲ ဖတ်ခဲ့ရတာ” ဟု ပြောသည်။

    ယင်းမွန်ကျောက်စာတွင် “ဤဘုရားဆင်းတုတော်ကို မုတ္တမမိဖုရားဖြစ်သော ကျွန်ုပ်သည် ဒုအ်ဝေါပ်(Duwop) မြို့၌နေစဉ်ထုလုပ်၏၊ ဒုအ်ဝေါပ်မြို့၌၄င်း၊ နယ်၌၄င်း ရှိသမျှသောမြေနှင့် ကျောက်ဘုရားတို့ကို ကျွန်ုပ်နှင့် ကျွန်ုပ်၏တပည့်တို့သာလျှင်ထုလုပ်ကြ၏” ဟု ရေးသား ဖေါ်ပြသည်။

    ထို့အပြင် မြေမီးဖုတ်၊ အုတ်ခွက် ရုပ်ပွားတော်များကို ကော့ဂွန်းဂူအတွင်း နံရံမျက်နှာပြင် တစ်လျှောက် စီတန်းကပ်ရှိထားခြင်း၊ မူရင်းဂူအတွင်းရှိသဘာဝကျောက်နံရံမျက်နှာပြင်တွင် ထွင်းထုပုံဖော်ထားသော ၃ လက်မ၊ ၃ လက်မခွဲ၊ ၄ လက်မ၊ ၆ လက်မ၊ ၈ လက်မအရွယ် အုတ်ခွက် ရုပ်ပွားတော်များကို နံရံမျက်နှာပြင် ဧရိယာတစ်လျှောက် မွမ်းမံတန်ဆာဆင်ထားသည့် လက်ရာများကျန်ရှိနေသည်။

    ကော့ဂွန်းဂူကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက် ဦးစီးဌာနမှ ၁၉၅၈ ခုနှစ်မှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

    “ကော့ဂွန်းဂူ၊ ဝါခရူမြို့ဟောင်း၊ ဘီးလင်းမြို့နယ်က ဂဝံကျောက်တံတိုင်းတွေကို ရှေးဟောင်း သုတေသနဌာနက ထိန်းသိမ်းထားခဲ့တာပဲ၊ ကော့ဂွန်းဂူကို အဲဒီလိုယဉ်ကျေးမှုဇုန် အဖြစ် သတ်မှတ်လိုက် ရင်တော့ ယခင်ကထက်အဆင့်မြင့်မြင့် ပိုထိန်းသိမ်းသွားနိုင်မယ်”ဟု နိုင်မောင်တိုးက ဆက်ပြောသည်။

    ရှေးဟောင်းသုတေသနအမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ကော့ဂွန်းဂူရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို နှစ်စဉ်ပြုပြင် မွန်းမံခဲ့ပြီး ကော့ဂွန်းဂူအနီးရှိ ရသေ့ပျံဂူကို အစောင့်ဝန်ထမ်းများခန့်အပ်ထားပြီး ပြုပြင်ထိန်း သိမ်းလျှက် ရှိသည်ဟု သိရသည်။

    ဘားအံမြို့မှ ၈ မိုင်ခန့်ဝေးကွာသော ကော့ဂွန်းဂူတည်ရှိရာတောင်သည် အမြင့်ပေ ၁ဝဝဝ ခန့်၊အလျားပေ ၁ဝဝဝ ခန့်နှင့် အနံပေ ၆ဝဝဝ ခန့် ရှည်ပြီး၊ အနောက်မြောက်မှအရှေ့တောင်သို့သွယ်တန်းလျှက် ကော့ဂွန်းဂူသည် အလျားပေ ၈ဝ၊ အနံပေ ၄ဝခန့်နှင့် အမြင့်ပေ ၃ဝ ခန့်ကျယ်ဝန်းက အရှေ့ဘက်သို့ မျက်နှာမူလျက်ရှိသည်။

    အလားတူ ရှေးဟောင်းနေရာ ၅ ခုကို ယဉ်ကျေးမှု ဝန်ကြီးဌာနကဇုန်နယ်မြေများအဖြစ် သတ်မှတ် ပြဌာန်းခဲ့ရာတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဓညဝတီမြို့ဟောင်း၊ မြောက်ဦးမြို့နယ်မှ ဝေသာလီမြို့ဟောင်း ၊ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ နယ်၊ မြောင်းမြမြို့ဟောင်း၊ တနင်္သာရီတိုင်းမှ လောင်းလုံမြို့နယ်ရှိ သာဂရမြို့ ဟောင်း၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ အမြင့်ရွာဒေသနှင့် သုံးပန်လှ(အနိမ့်)ရွာ ဒေသတို့ ဖြစ်ကြောင်း ယခင်အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။

    ရှေးဟောင်းနေရာဇုန်အဖြစ် သတ်မှတ်ထားသည့် နေရာများတွင် မြေကွက်များ ဖော်ထုတ်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ဆည်းမြောင်းနှင့် ကန်များ တူးဖော်ခြင်း၊ ဓါတ်တိုင်၊ တာဝါတိုင်များ စိုက်ထူခြင်း၊ ဓါတ်သတ္တုတူးဖော်ခြင်းများမပြုလုပ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနက ဥပဒေထုတ်ပြန်၍ တားမြစ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts