spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီ ဥက္ကဌ မွန်တော်လှန်ရေးနေ့ သဝဏ်လွှာပေးပို့

    မွန်ဒီမိုကရေစီပါတီ ဥက္ကဌ မွန်တော်လှန်ရေးနေ့ သဝဏ်လွှာပေးပို့

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အတွက် မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်းက ယမန်နေ့နေ့စွဲဖြင့် သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။

    မွန်အမျိုးသားခေါင်းဆောင် နိုင်ရွှေကျင်နှင့် နိုင်ထင်တို့ အုတ်ဂူရှေ့ မွန်တော်လှန်ရေးနေ့ အခမ်အနား(Photo-IMNA)

    မွန်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် ယနေ့သည် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် အခါအားလျှော်စွာ အမျိုးသားကာကွယ်ရေး၊ စောင့်ရှောက်ရေး၊ မိမိကြမ္မာမိမိတို့ဖန်တီးနိုင်ရေးအတွက် မည်သို့မှ ရှောင်လွှဲ၍ မရတော့သည့်အဆုံးတွင် မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏သဘောတူညီမှုဖြင့် မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် မွန်စံသူ၊ ဗိုလ်သိန်း၊ နိုင်ပန်းသာတို့ဦးစီးပြီး ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင်လပြည့်နေ့တွင် ဇာသပြင်ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ရာမှ မွန်တော်လှန်ရေးစတင်ခဲ့ကြောင်း သဝဏ်လွှာနိဒါန်းတွင် ရေးသားထားသည်။

    မွန်ဒီမိုကရေစီပါတီ ဥက္ကဌ၏ မွန်တော်လှန်ရေးနေ့ သဝဏ်လွှာ
    မွန်ဒီမိုကရေစီပါတီ ဥက္ကဌ၏ မွန်တော်လှန်ရေးနေ့ သဝဏ်လွှာ
    “ဇာသပြင်ရဲစခန်းကို သိမ်းတဲ့အချိန်ဟာ သြဂုတ်လ၊ အဲဒီအချိန်မှာ နိုင်ရွှေကျင်(ကွယ်လွန်-မွန်ပြည်သစ်ပါတီဥက္ကဌ) နဲ့အတူ ကျနော်မော်လမြိုင်ထောင်မှာ ထိန်းသိမ်းခံနေရတယ်၊ ၁၉၄၈ ဇူလိုင်လကတည်းပေါ့၊ မွန်နဲ့ကရင်တပ်ဖွဲ့တွေ မော်လမြိုင်ကို သိမ်းတော့မှ ကျနော်တို့ပြန်လွတ်မြောက်လာကြတယ်” ဟု လက်ရှိမွန်ဒီမိုကရေစီဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    ထို့နောက် လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် မွန်လူမျိုးရေးရာအဖွဲ့ချုပ်နှင့် မွန်တိုင်းရင်းသားအစည်းအရုံးတို့ အနန်းကွင်းကျေးရွာ၌ ဆွေးနွေးပွဲပြုလုပ်၍ မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုဖွဲ့စည်းရန် သဘောတူကြပြီး ဇာသပြင်ရဲစခန်းသိမ်းပိုက်သည့်ရက်နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်ဟုလည်း ယင်းသဝဏ်လွှာတွင်ရေးသားဖေါ်ပြသည်။

    ထိုစဉ်က မွန်လူမျိုးရေးရာအဖွဲ့ချုပ်ကိုယ်စားလှယ် နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင်နှင့် မိဟံသာတို့ပါဝင်သည့်အဖွဲ့နှင့် မွန်တိုင်းရင်းသားအစည်းအရုံး၏ကိုယ်စားလှယ် နိုင်ထွန်းခင်၊ နိုင်ကွန်ဒိ၊ နိုင်ချမ်းမွန်၊ ဆရာဟို တို့ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    မွန်တော်လှန်ရေးအခမ်းအနားများကို မွန်ပြည်သစ်ပါတီကနှစ်စဉ်ဦးဆောင်ကျင်းပခဲ့ပြီး ၂၀ဝ၀ ခုနှစ်နောက်ပိုင်းတွင် တတိယနိုင်ငံရောက်မွန်အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ မွန်လူငယ်အဖွဲ့အစည်းများကလည်း လှုပ်ရှားမှုတရပ်အဖြစ်ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။

    “ဒီနှစ်အခမ်းအနားအတွက် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ ကော့ကရိတ်၊ ဖားအံမြို့နယ်လူငယ်တွေက အုပ်စုတစ်စု၊ မုဒုံ၊ ကြာအင်းဆိပ်ကြီး၊ သံဖြူဇရပ်၊ ရေးမြို့နယ်က အုပ်စုတစ်စု နှစ်စုခွဲထားပြီး မနက်ကတည်းက သတ်မှတ်တဲ့နေရာတွေ သွားကြတယ်၊ ညနေ ၃ နာရီမှာ ဝင်းစိန်တော်ရမှာ ဆုံခဲ့ကြပြီး နိုင်ရွှေကျင်၊ နိုင်ထင်တို့အုတ်ဂူကို ဂါရဝပြုရင်း မိန့်ခွန်းပြောကြတယ်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာလည်း မိန့်ခွန်းပြောခဲ့တယ်” ဟု မွန်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

    မင်းဇေယျာ၏ မိန့်ခွန်း၌ “ မြန်မာပြည်အနှံ့ရောက်ရှိခဲ့တဲ့အတွေ့အကြုံတွေမှာ ဒီ ၆၅ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့အခမ်းအနားက လူငယ်အများဆုံးနှင့်တွေ့ဆုံတဲ့ပွဲပါပဲ” ပြောကြားခဲ့သည်။

    ယမန်နေ့ မွန်တော်လှန်ရေးအခမ်းအနားကို မွန်သံဃာတော်များ၊ မွန်နိုင်ငံပါတီခေါင်းဆောင်အချို့နှင့် မွန်လူငယ်များ အင်အား ၅၀ဝ နီးပါးခန့်သည် တော်လှန်ရေးနေ့သဝဏ်လွှာနှင့် ထုတ်ပြန်ကြေညာချက် အသီးသီးတို့ကိုဝေငှခဲ့သည့်အပြင် ကွယ်လွန်သူမွန်တော်လှန်ရေးခေါင်းဆောင်တို့၏ အုတ်ဂူရှိရာနေရာအသီးသီးသို့ သွားရောက်ဂါရဝပြုခဲ့ကြသည်ဟုလည်း ဦးစီးကျင်းပသူများထံမှသိရသည်။

    ကွယ်လွန်သူမွန်အမျိုးသားခေါင်ဆောင်များဖြစ်ကြသည့် နိုင်အောင်ထွန်း၏အုတ်ဂူတည်ရှိရာ သံဖြူဇရပ်မြို့နယ်၊ ပငရွာ၊ ကြက်တိန်ညင်ဘုရားတွင်၄င်း၊ နိုင်ရွှေကျင်နှင့် နိုင်ထင်တို့၏အုတ်ဂူများတည်ရှိရာ မုဒုံမြို့နယ်၊ ဝင်းစိန်တောရကျောင်းတွင်၄င်း၊ နိုင်နလ္လာ၏ အုတ်ဂူတည်ရှိရာ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာဘုရားဝင်းတွင်၄င်း၊ နိုင်ဖိုးစိန်နှင့် နိုင်ချမ်းမွန်အုတ်ဂူတည်ရှိရာ ကမာဝက်ကျေးရွာတွင်၄င်း၊ နိုင်သိမ်းမောင်၏ အုတ်ဂူတည်ရှိရာ ပေါင်မြို့တွင်၄င်း မော်တော်ယာဉ်များဖြင့်အုပ်စုနှစ်စုခွဲကာ သွားရောက်ဂါရဝပြုခဲ့ကြသည်။

    မွန်ဒီမိုကရေစီပါတီအနေဖြင့် တရားဝင်ပါတီအဖြစ်မှတ်ပုံတင်ခွင့်ရထားပြီးသည့်နောက်ပိုင်းတွင် မွန်တော်လှန်ရေးနေ့သဝဏ်လွှာကို ပထမဆုံးအကြိမ် ပေးပို့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts