spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီ ထုတ်ပြန်

    ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် မွန်ပြည်သစ်ပါတီ ထုတ်ပြန်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ခိုင်မာသောစိတ်ဓါတ်၊ ဇွဲသတ္တိတို့ဖြင့် ဆက်လက်ချီတက်တိုက်ပွဲဝင်သွားကြရဦးမည်ဟု မွန်ပြည်သစ်ပါတီ ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ယနေ့ထုတ်ပြန်ကြေငြာချက်တွင် ရေးသားဖေါ်ပြသည်။

    နိုင်ဟံသာ မိန့်ခွန်းပြောကြားစဉ်(Photo-IMNA)
    အစဉ်အမြဲဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးရေစီးကြောင်း အကွေ့အလှည့်အမျိုးမျိုးအပေါ် မည်သည့်အကွေ့တွင် မည်သည့်တက်ဖြင့် လှော်ခတ်ကျော်ဖြတ်ရမည်ကို မွန်အမျိုးသားများနှင့် မျိုးချစ်ရဲဘော်များက အတွေ့အကြုံအရ နားလည်သိရှိကြပြီးဖြစ်ရာ ရှေ့သို့တက်ညီလက်ညီဖြင့် ကြိုးပမ်းချီတက်ကြရဦးမည်ဖြစ်သည်ဟုလည်း ၄င်းကြေညာချက်တွင် ရေးသားထားသည်။

    ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာ၌ ယနေ့ကျင်းပသော ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနား၌ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာမိန့်ခွန်းတရပ်တွင် “နိုင်ငံရေးသီအိုရီအယူအဆတွေမှာက တိုင်းပြည်မရှိတဲ့လူမျိုး၊ မိမိကြမ္မာဖန်တီးခွင့်မရှိတဲ့လူမျိုး၊ တပ်မတော်မရှိတဲ့လူမျိုးတစ်မျိုးဟာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်ကူပါဘူး၊ အခြားလူမျိုးတွေရဲ့ ဖိနှိပ်ဝါးမြိုမှုကြောင့် အချိန်ကာလတိုတိုလေးထဲမှာ ပျောက်ဆုံးသွားနိုင်တယ်” ဟု ပြောသည်။

    လက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ရှိခဲ့သည့်အတွက် မွန်လူမျိုးကို အများတကာအသိအမှတ်ပြုခံနေရသည်ဟုလည်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

    ၆၅ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့သို့ မွန်ပြည်သစ်ပါတီဥက္ကဌကြီးပေးပို့သော သဝဏ်လွှာတွင် “တဖက်မှာလည်းထာဝရငြိမ်းချမ်းရေးအတွက်ဖေါ်ဆောင်တဲ့နေရာမှာ ရှေးကအဆိုအမိန့်များရှိခဲ့သည့်အတိုင်း ထမင်းဆုပ်ကိုပဲမဲမနေပဲနဲ့ ဝါးရင်းတုတ်ကိုလည်းသတိမူသင့်” ဟု လက်ရှိငြိမ်းချမ်းရေးကာလအတွက် သတိပေးထားသည်။

    ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့တွင် ဖားအံမြို့မြိုနယ်၊ ဇာသပြင်ကျေးရွာရှိ အစိုးရ၏ကာကွယ်ရေးတပ်ဖွဲ့နှင့် ရဲစခန်းတို့ကို မွန်လူငယ်များသေနတ်လုယူ တိုက်ခိုက်ရာမှ မွန်တော်လှန်ရေးစတင်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် မော်လမြိုင်ခရိုင်၊ သထုံခရိုင်တို့ကို မွန်နှင့်ကရင်တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်သိမ်းယူခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

    မွန်တပ်ဖွဲ့ဝင်များ(Photo-IMNA)
    ထိုစဉ်က မွန်ပြည်သူ့တပ်ဦးအမည်ဖြင့် မွန်တိုင်းရင်းသားများတော်လှန်ရေးဆင်နွဲခဲ့ရာတွင် မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ MNDO ဖွဲ့စည်းနိုင်ခဲ့သည်။

    ဦးနုအစိုးရ၏ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေး အစီအစဉ်အောက်တွင် ၁၉၅၈ ၌ မွန်ပြည်သူ့တပ်ဦး လက်နက်ချခဲ့ပြီး တရားဝင်ပါတီ တည်ထောင်ခွင့်ရကာ ရွေးကောက်ပွဲဝင်ပြီး ခေါင်းဆောင်အချို့ လွှတ်တော်အမတ်နှင့် အစိုးရဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ကြသည်။

    မွန်ပြည်သူတပ်ဦး၏ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေးကို လက်မခံသော နိုင်ရွှေကျင်သည် ကျန်ရှိနေသာအင်အားစုများကို စုစည်းကာ မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။

    အလားတူ ယနေ့ကျရောက်သော ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ရေးချောင်းဖျားရှိ မွန်ပြည်သစ်ဗဟိုဌာနချုပ်၊ မော်လမြိုင်၊ သထုံ၊ ထားဝယ်ခရိုင်ရုံးများနှင့် ကွယ်လွန်သူမွန်အမျိုးသားခေါင်းဆာင်များတို့၏ အုပ်ဂူတည်ရှိရာ နေရာအသီးသီး၌ ကျင်းပခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts