spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံသား အချို့ကို မြန်မာတရားရုံးက လက်နက်မှုဖြင့် စီရင်ချက်ချ

    ထိုင်းနိုင်ငံသား အချို့ကို မြန်မာတရားရုံးက လက်နက်မှုဖြင့် စီရင်ချက်ချ

    -

    အာကာ – တရားမဝင် နိုင်ငံခိုးဝင်မှု၊ သစ်တောမှုဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံသား ၉၂ ဦးအနက် လက်နက်မှုတွင် ပါဝင်ပတ်သက်သူ ၉ ဦးကို ကော့သောင်းမြို့နယ် တရားရုံးက ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

    ဖမ်းဆီးမိသော ထိုင်းနိုင်ငံသားများ(Photo-Internet)

    ဇူလိုင်လ ၃၁ ရက်နေ့နှင့် သြဂုတ်လ ၁ ရက်နေ့တွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးကို လက်နက်မှု၊ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် စတင် ရုံးထုတ် စစ်ဆေးလာခဲ့ရာမှ ပြစ်မှု ထင်ရှားသည်ဟု ဆိုပြီး အမျိုးသား ၉ ဦးကို စီရင်ချက် ချလိုက်ခြင်း ဖြစ်သည်။

    “ယောကျာ်းသက်သက် ၉ ယောက်ကို ပုဒ်မ ၁၉ (က) နဲ့ ချတယ်။ အဲဒီအထဲက တယောက်က မူးယစ်မှုမှာလည်း ပါတယ်” ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

    လာမည့် တနင်္လာနေ့တွင် မူးယစ်ဆေးဝါးမှုဖြင့် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးကို ထပ်မံ စီရင်ချက် ချဦးမည်ဟုလည်း သူက ပြောသည်။

    ၎င်း၏ အဆိုအရ တရားလိုပြ သက်သေ ၉ ဦး ရှိပြီး၊ ထိုင်းနိုင်ငံသားများနှင့် တပ်မတော်မှ အပြန်အလှန် ပစ်ခတ်မှုတွင် တပ်မတော်သားတဦး ကျဆုံးခဲ့သည်ဟု သက်သေများက ထွက်ဆိုခဲ့သည်။

    စွပ်စွဲခံထားရသူ ထိုင်းနိုင်ငံသားများ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးရန်အတွက် လက်နက်မှုကို ဦးအောင်စိုး နှင့် မူးယစ်ဆေးဝါးမှုကို ဒေါ်ဆိုမီဇင် တို့အား ရှေ့နေ ငှားရမ်းထားသည်ဟုလည်း သူက ပြောသည်။

    တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် နေထိုင်ကာ ရာဘာနှင့် ဆေးခြောက်စိုက်ခင်း စိုက်ပျိုး လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီးရမိသည်။

    ၎င်းတို့ကို တဲ ၂၃ လုံး၊ M-16 ၅ လက်၊ AR-15 ၂ လက်၊ AK-47 ၂ လက်၊ ဝင်ချက်စတာ ၅ လက်၊ ပွိုင့်-၃၈ ခြောက်လုံးပြူး ၃ လက်၊ ပွိုင့်- ၃၅၇ ခြောက်လုံးပြူး ၁ လက်၊ လုပ်သေနတ်ရှည် ၉ လက်၊ တို ၂ လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၅ ဒသမ ၅၆ ကျည် ၄၂ တောင့်၊ AK-47 ကျည် ၁၁ တောင့်၊ ပွိုင့် ၃၈ ကျည် ၃၆ တောင့်၊ လုပ်သေနတ်ကျည် ၁၂၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၂ ခု၊ မြေထိုးစက် ၃ စီး၊ ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုးယာဉ် ၅ စီး၊ မော်တော်ဆိုင်ကယ် ၂ဝ စီး၊ ရာဘာပင် ဧက ၁၅ဝဝ နှင့်အတူ ဖမ်းဆီးရမိသည်ဟု ဇူလိုင်လ ၁ဝ ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင် ဖော်ပြသည်။

    ၎င်းထိုင်းနိုင်ငံသားများကို ကော့သောင်းခရိုင် တရားရုံးက တရားမဝင် နိုင်ငံ ခိုးဝင်မှု၊ သစ်တောမှုတို့ဖြင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး၊ ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်သည်။

    တရားခံများကို အကူအညီပေးရန် ဒေသခံ ထိုင်း-မြန်မာ နယ်ခြား ကော်မတီသို့ တာဝန်ပေးထားကြောင်းနှင့် ထိုင်းနိုင်ငံ အနေဖြင့် မြန်မာတရားစီရင်မှု လုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာသာနီ က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts