spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဒေသအချို့နှင့် အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း ရေနစ်မြုပ်မှုဖြစ်ပေါ်

    မွန်ပြည်နယ်ဒေသအချို့နှင့် အခြားပြည်နယ်နှင့်တိုင်းများတွင်လည်း ရေနစ်မြုပ်မှုဖြစ်ပေါ်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မွန်ပြည်နယ်ဒေသအချို့နှင့် အခြားပြည်နယ်နှင့်တိုင်း ဒေသကြီးတို့တွင်လည်း ရေနစ်မြုပ်မှုများနှင့်ကြုံတွေ့နေရသည်။

    မော်တော်ကားလမ်းမပေါ် ရေကျော်နေပုံ
    မွန်ပြည်နယ်၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်ရှိ လယ်ယာမြေများနှင့် လူနေအိမ်အချို့ရေမြုပ်ခံနေရ ကြောင်း ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက်မှ နိုင်ကျိုင်းက ပြောသည်။

    ၎င်းက “အချို့ကကယ်ဆယ်ရေးစခန်းမှာနေကြတယ်၊ ကျနော်တို့မိသားစုက ဆွေမျိုးမောင် နှစ်မအိမ်မှာ သွားပြီးခိုလှုံကြပါတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့်သီတင်းပတ်ကုန်ပိုင်းတွင် ကျိုက်မရောမြို့ပေါ် ရှင်စောပုနှင့် ရန်မျိုးအောင်ရပ်ကွက်တို့၌ ရေနစ်မြုပ်ခဲ့ရာ ရပ်ကွက်နေသူများ ဘေးလွတ်ရာသို့ထွက်ပြေးရပြီး ဒေသခံပြည်သူ ၆၃၂ ဦးတို့အား သက်ဆိုင်ရာ အမက(၁) စာသင်ကျောင်းတွင် နေရာချပေးထားသည်ဟု ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင် ကျိုက်မရောမြို့၌ မိုးရေချိန် ၃.၄၆ လက်မရွာသွန်းခဲ့သည်ဟု မိုးလေဝသဌာနက စံချိန်တင်ထားသည်။

    ထို့အပြင် ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာသည်လည်း အိမ်များရေမြုပ်ခံရသဖြင့် ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရပြီး လယ်မြေများလည်း ရေနစ်မြုပ်ခဲ့ရာ ယခုအခါ ရေကျသွားပြီဟု ပေါင်မြို့ခံ နိုင်ထောရော့က ပြောသည်။

    “စပါးအပင်တွေကြီးနေပြီ၊ စပါးပင်သေတာတို့ သိပ်မကြားမိဘူး၊ အခြေအနေကောင်းလာပြီလို့ ဆိုနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

    အလားတူ ကရင်ပြည်နယ်၊ ဖားအံမြို့၌ သံလွင်ရေကြီးမြင့်မှုကြောင့် လွန်ခဲ့သည့် ၃ ပတ်ခန့်က ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိရာ ယခုအခါမြစ်ရေလျှော့ကျသဖြင့် ယမန်နေ့တွင် ဒုက္ခသည်များ မိမိနေအိမ်သို့ ပြန်သွားကြပြီဟု သိရသည်။

    မြန်မာပြည်အောက်ပိုင်း၊ အထက်ပိုင်းဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ရေလွှမ်းမိုး မှုများဖြစ်ပေါ်နေကြောင်း အထူးသဖြင့် မြန်မာနိုင်ငံတဝန်းတွင် လယ်မြေဧက ၆ သိန်းကျော်ရေမြုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

    ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၂၁ မြို့နယ်မှရပ်ကွက် ၂၇ ခုနှင့် ကျေးရွာအုပ်စု ၇၉၈ ရွာတို့ ရေနစ်မြုပ်ကာ လူဦးရေ ၆၄၄၀ဝ အိုးအိမ်မဲ့ဖြစ်နေကြပြီး မိုးစပါးဧက ၁၉၉၈၇၀ ကျော် ရေနစ်မြုပ်နေကြောင်း ဝန်ကြီးချုပ်ဦးသိန်းအောင်က သတင်းဌာနများသို့ ထုတ်ဖေါ်ပြောဆိုခဲ့သည်။

    သို့ရာတွင် မြန်မာနိုင်ငံ၏စပါးကျီ ဧရာဝတီတိုင်းဒေသကြီးများတွင် မိုးများရေကြီးနေသော်လည်း အညာဒေသဖြစ်သည့် စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်အများစုတွင် မိုးမရွာသဖြင့် စိုက်ပျိုးရေပြဿနာနှင့်ကြုံတွေ့နေရသောကြောင့် ယခုနှစ်မြန်မာ့ဆန်စပါးအထွက်နှုံး လျှော့ကျ သွားမည်ကို စိုးရိမ်နေရကြောင်း ပြည်တွင်းဂျာနယ်များတွင် ရေးသားဖေါ်ပြသည်။

    မိုးလေဝသဌာနမှ ယနေ့နံနက် ၇ နာရီထုတ်ပြန်ချက်တွင် ယနေ့ညနေအထိခန့်မှန်းချက်မှာ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ် တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်မည်ဟုလည်း ဖေါ်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts