spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဆိုပါလား။

    လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဆိုပါလား။

    -

    ဦးကောင်းဇံ (ရခိုင်အမျိုးသားကောင်စီ) – အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဘယ်အနားရောက်သွားပြီး၊ ဘာတွေလုပ်ခဲ့သလဲ။ ခုလဲလာပြန်ပြီ။ ကော်မရှင်တွေ၊ ကောင်စီတွေဆိုတာ ကြံ့ဖွံ့အစိုးရ လှည်းအိုကြီးက တီးတီး ဘိုဘို ဘယ်လှည့် ညာလှည့် ခိုင်းကောင်းတိုင်း ခိုင်းရအောင် တပ်ဆင်လိုက်တာ ဖြစ်ပါတယ်။ ဆူပွက် ဆန့်ကျင်သံတွေ ဗလောင်ဆူနေတယ်။ အစွယ်ထုတ်ပြတော့လဲ ပရိဿတ်က မကြောက်တော့။ ပြည်သူက အများ။လူထုက အများ။ တအုပ်စု တအာဏာကို လက်မခံတော့။

    ”လယ်သမားများ၏ လယ်ယာမြေများကို လျော်ကြေးငွေဖြင့်သိမ်းယူခြင်း၊ စက်ရုံတည်ဆောက်ရန် သိမ်းယူခြင်းများကို ဖြေရှင်းပေးရန် ရှိမရှိ၊ ကုမ္ပဏီများ၏ လျော်ကြေးအနည်းငယ်ပေး သိမ်းယူမှု၊ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်သာရှိပြီး၊ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် မရှိခြင်း၊ လယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အာမခံချက် ပေးရန် ဥပဒေပြဋ္ဌာန်းပေးနိ်ုင်ခြင်း ရှိ မရှိ” မေးခွန်းများကို ယခင်ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် ၌ (၉ -၃ -၂၀၁၁)နေ့တွင် ဦးအောင်ခင် (ပုဇွန်တောင်၊ မဲဆန္ဒနယ်) နှင့် ဦးရဲထွန်း(သီပေါ၊မဲဆန္ဒနယ်) လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြပါသည်။

    ကြံ့ဖွဲ့အစိုးရ လယ်ဆည်ဝန်ကြီး ဦးဋ္ဌေးဦး က ဖြေကြားခဲ့သည်မှာ ”ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ခဲ့ပါသည်”ဟု လိမ်ညာ လည်ဆယ်ကာ ဖြေကြားခဲ့ပါသည်။ စာရွက် စာတမ်း အထောက်အထားမို့ ဘယ်မှာမှ ငြင်းဆန်လို့ မရတော့ပါ။ ဖြေကြားခဲ့သူ ကစ၍ လုပ် မလုပ် စတင်စုံစမ်း စစ်ဆေးရေး ဝင်ရပါတော့မည်။ ဘယ်သူက စစ်ဆေးရေး ဝင်မလဲ။ စုံစမ်း စစ်ဆေးရေး အဖွဲ့တွင် ဘယ်သူတွေပါမလဲ။ ခန့်အပ်မှာကတော့ သေချာသည်။ ဦးဋ္ဌေးဦး လွှတ်တော်ထဲတွင် တရားဝင်လိမ်ညာခဲ့သည်ကို ဘယ်သူတွေက ဘယ်လိုအရေးယူပါမည်နည်း။ အမှန်တရား ဒီနေရာတွင် ပျောက်နေသည်။

    တည်ဆဲ ပြဋ္ဌာန်းဥပဒေများကို အထပ်ထပ် ဖန်တရာတေအောင် ကျူးလွန်ဖောက်ဖျက်ခဲ့ကြသော်လည်း အရေးယူ၍မရအောင် ၂၀ဝ၈ နအဖ စစ်အစိုးရ ဖွဲ့စည်းပုံ ပုဒ်မ ၄၄၅ က ကြိုတင်ပြဋ္ဌာန်းထားသည်။ အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျှက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရတဲ့။ ဥပဒေ ဆိုတာ ဥပဒေထုတ်တဲ့ ငါတို့စစ်အုပ်စုကို အပြစ်ပေးဖို့ မဟုတ်ဘူး၊မင်းတို့ ပြည်သူတွေအတွက် ပြစ်ဒဏ်ခတ်ဖို့ သက်သက်လို့ လက်ညှိုးထိုးလာခဲ့တာ ကြာပါပြီ။ သဘောပေါက်- သဘောပေါက် သဘော မပေါက်လျှင် ကျောပေါက်ကြရန်သာ ကျန်တော့သည်။

    စစ်တပ်က သိမ်းဆည်းထားသည့် ပြည်နယ် တိုင်းအလိုက် မြေယာစာရင်းကို ပထမ ဦးဆုံး ကောက်ယူရပါမည်။ မြေစာရင်းဦးစီးဌာန ကို မောင်ပိုင်စီးထားသည်။ မြေစာရင်း ဦးစီးဌာန အားလုံးရှိ စာရင်းလိမ် စာရင်းဖျက် စာရင်ပျက်များမှာ ဗလပွ ဖြစ်နေသည်။ သက်သေခံ အထောက် အထားများကို လောလောဆယ် ပြုတာပြင်တာဖျက်တာဖျောက်တာ ရှိမရှိ လက်ဦးမှုရှိရှိ လေ့လာ ကြရန်လိုပါသည်။ စာတမ်းအမှတ်အသား သက်သေခံ အထောက်အထားများကို အစိုးရကိုယ်တိုင် က တာဝန်ယူရပါမည်။ ပြေးမလွတ်ပါ။ တနိုင်ငံလုံး စစ်တပ်က သိမ်းပိုက်ထားတဲ့ မြေယာအားလုံး တဧကမကျန် ပြန်လည်ပေးအပ်ရန် လိုအပ်ပါသည်။

    စစ်အုပ်စု အာဏာကပ်ပါး စီးပွားရေး ဓါးပြများ( ဝါ )ခရိုနီများ၊ ကုမ္ပဏီများ က မတရားသိမ်း ပိုက်ထားသည့် မြေစာရင်းအားလုံးကို စာရင်းကောက်ယူရန်လိုပါသည်။ ယခုလောလောဆယ် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေသည့် လယ်သမားထုကြီး၏ မကြေနပ်သည့် လယ်ယာမြေများ၊ အမှုအခင်းဖြစ်ပွားနေသော လယ်ယာမြေများစာရင်းကို ပြည်နယ်တိုင်းအလိုက် တရားဝင် စာရင်း ကောက်ယူပြီး ကြေညာပေးရန်လိုပါသည်။

    ဥပမာ-ရန်ကုန်-ပဲခူး ကားလမ်းမကြီးရဲ့ မိုင်တိုင်အမှတ် ၃၇ နဲ့ ၃၈ ကြားနေရာက ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြေဧက ၂၀ဝ၊ ဒု ဗိုလ်ချုပ်ကြီး အေးသောင်က ဧက ၄၀ဝ၊ ဒု ဗိုလ်ချုပ်ကြီး တင်ဦးက ဧက ၂၀ဝ ကျော်၊ ရှေ့နေချုပ် ဦးသာဒွန်းက ဧက ၂၅၀၊ တရားသူကြီးချုပ် ဦးအောင်တိုးက သူ့သမီးနာမည်နဲ့ ဧက ၂၅၀ စသဖြင့် ရယူပိုင်ဆိုင်ထားခြင်းမျိုး ပိုင်ဆိုင်ထားကြသည့် မြေစာရင်းများကိုလည်း အတိအကျ စာရင်းကောက်ခံရန် လိုအပ်ပါသည်။ သတင်းမီဒီယာများ၊စာအုပ်စာတမ်းများတွင် လယ်ယာမြေသိမ်းပိုက်ထားကြောင်း ဖော်ပြထားသည့် မြေယာအားလုံးကိုလည်း တရားဝင်စာရင်း ကောက်ယူကြရန် လိုပါသည်။ ဤသို့စာရင်းကောက်ယူရာတွင် တွေ့ရှိချက်များကို သတင်းမီဒီယာ အားလုံးကလည်း ဝိုင်းဝန်းပံ့ပိုးကြရန် လိုပါသည်။ မတရားလျှင် မတရားသလို ဖော်ထုတ်ရဲရန် လိုအပ်ပါသည်။

    ကြံ့ဖွံ့အစိုးရ လွှတ်တော်မှ ပြဋ္ဌာန်းလာသော လယ်ယာမြေ ဥပဒေနှစ်ခုမှာ ယခင်ပြဋ္ဌာန်းခဲ့သော ဥပဒေများလောက် လယ်သမားများကို အကျိုးပြု မပြု ဦးစွာလေ့လာရပါမည်။
    ယခင်ရှိခဲ့သည့် လယ်သမားများဘက်မှ ကာကွယ်ပေးသည့် ဥပဒေ အချက်အလက်များကို မပယ်ဖျက်သင့်ပါ။ တည်ဆဲဖြစ်နေသည့် လယ်ယာမြေဥပဒေများကို န အ ဖ အစိုးရ နှင့် ယခု ကြံ့ဖွံ့အစိုးရ တို့ဘာတွေမလိုက်နာ ပျက်ကွက်ခဲ့ပါသလဲ။ ဘာတွေ ကျူးလွန်ဖောက်ဖျက်ခဲ့တာ ရှိပါသလဲ။ လယ်သမားများ နစ်နာချက်တွေကို ဘယ်ဟာတွေ ယခုထိ ကုစားသက်သာခွင့် မပေးသေးသလဲ။ ဆက်လက် ကျူးလွန်နေတာတွေ ဘာတွေလဲ။ ဖော်ထုတ် အရေးယူရပါမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဘယ်သူတွေနဲ့ဖွဲ့မလဲ။ မသက်ဆိုင်သူများ မပါဝင်သင့်ပါ။

    မြန်မာနိုင်ငံရှိ လယ်ယာမြေဆိုင်ရာ ဥပဒေသမိုင်းများ ကိုလည်းပြန်လည်ရှုမြင်သုံးသပ် ရန်လိုပါသည်။ သမိုင်းမသိလျှင် အထပ်ထပ်အခါခါ အလိမ်ခံအညာခံ ရလျှင် လယ်သမားများ ဘဝ ဖွတ်ဖွတ်ကြေမွ ပျက်စီးကြပါမည်။ လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ပါလီမန်က ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ယင်းဥပဒေ တွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (ပုဒ်မ ၃၀ (၃) မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာ အမြောက်အမြား ပိုင်ဆိုင်နိုင်သော အခွင့်မရှိစေရ။ တဦးတည်းပိုင် ဖြစ်သော မြေယာ၏ အများဆုံး မြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။)ရည်ရွယ်ချက်ကို ပြည့်စုံလုံလောက်အောင် ဆောင်ရွက်ရန် ပြဋ္ဌာန်းချက်များ မရှိခြင်း၊ အချို့ ပြဋ္ဌာန်းချက်များသည် လက်တွေ့ဆောင်ရွက်ရာတွင် အခက်အခဲတွေ့ရခြင်း၊ တောင်သူလယ်သမားများအား ပို့ဆောင်လိုသော ဘဝသစ် ပို့ဆောင်ရေး ကဏ္ဍ မပါရှိခြင်း တို့ကြောင့် ပိုမိုပြည့်စုံစေရန် လိုအပ်သောကြောင့် ပြင်ဆင်ချက်များ ထည့်သွင်းပြီးလျှင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ပါလီမန်တွင် တင်သွင်းအတည်ပြုခဲ့သည်။

    ထို့အပြင် သိမ်းယူဝေငှပြီးဖြစ်သော လယ်ယာမြေများအတွက် လျော်ကြေးပေးရန် ၁၉၅၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ပါလီမန်တွင် ပြင်ဆင်ချက် ဥပဒေတရပ်ကို ပြဋ္ဌာန်းအတည်ပြုပြီးလျှင် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ် ရေး အက်ဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(၁) အရ လျော်ကြေးပေးရေး ( ၁၀ ) ဦးကော်မရှင်ကိုလည်း ဖွဲ့စည်းပေးခဲ့သည်။ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိ်ုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပါမူအတိုင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည် မဆောင်ရွက်ခဲ့သည်ကို စုံစမ်းစစ်ဆေးနိုင်ရန် နိုင်ငံတော် သမ္မတ က စုံးစမ်းရေး ကော်မတီတရပ်ကို ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ခန့်ထားခဲ့သည်။ စုံစမ်းရေး ကော်မတီ အစီရင်ခံစာအရ အောက်ပါအတိုင်း တွေ့မြင်ရသည်။

    (၁) လုပ်ကွက် လုပ်အားကို မစဉ်းစားဘဲ ဇယား-၆၂ ပါအတိုင်းအတာအထိ ကင်းလွတ်ခွင့်များ ပေးသဖြင့် လယ်ယာမြေဝေခြမ်းရာတွင် သီးစားများမှာ လယ်မြေ အနည်းငယ်သာ ရရှိခြင်း။
    (၂) ကင်းလွတ်ခွင့်ပေးရာတွင် မူလလုပ်ကွက်ထက် ပိုမို၍သော်လည်းကောင်း၊ လူအင်အားနှင့် လုပ်နိုင်သည့် အရည်အချင်းထက်ပိုမို၍ သော်လည်းကောင်း ကင်းလွတ်ခွင့် ပေးထားခြင်း။
    (၃) ကင်းလွတ်ခွင့် မပေးထိုက်သော မြေပိုင်ရှင်များအား ကင်းလွတ်ခွင့် ပေးထားခြင်း။
    (၄) တောင်သူလယ်သမား အိမ်ထောင်စုဝင် မဟုတ်သည့် ကျောင်းဆရာ၊ ကုန်သည်၊ စာရေးစာချီ စသော ပုဂ္ဂိုလ်တို့အား ကင်းလွတ်ခွင့် ပေးထားခြင်း။
    (၅) တရားဝင် မြေယာပိုင်ခွင့် မရှိသူတို့အား ကင်းလွတ်ပေးထားခြင်း။
    (၆) အိမ်ထောင်စု တစုတည်း ဖြစ်ပါလျက်နှင့် သီးခြားအိမ်ထောင်သားစုပွား၍ ကင်းလွတ်ခွင့် ပေးထားခြင်း။
    (၇) လယ်ယာမြေကို ကြီးကြပ် လုပ်ကိုင်ပါမည်ဟု ကတိပေးရုံနှင့် အမှန်တကယ် ကြီးကြပ်လုပ်ကိုင် နိုင်သော အခြေအနေ မရှိသော လူအား ကင်းလွတ်ခွင့် ပေးထားခြင်း။
    (၈) တောင်သူလယ်သမား မဟုတ်သူများအား လယ်ယာမြေ ဝေခြမ်းထားခြင်း။
    (၉) မြေယာကော်မတီနှင့် ဆွေမျိုးတော်စပ်သူများအား မြေဝေခြမ်းရာတွင် အခွင့်အရေး ပိုမိုပေးထားခြင်း။
    (၁၀) တသီးပုဂ္ဂလ နေထိုင်သူအား မြေယာ မဝေခြမ်းနိုင်ပါဘဲနှင့် အပျိုကြီး၊ လူပျိုကြီး စသည်တို့အား မြေယာဝေခြမ်းထားခြင်း။
    (၁၁) အချို့ဒေသတွင် သီးစားများအား လုံလောက်စွာ ဝေခြမ်းရန် လယ်ယာမြေများ မပါဘဲနှင့် အကြောင်းအမျိုးမျိုးကြောင့် သီးစားများအား ဝေခြမ်းရမည့် မြေယာထဲမှ နုတ်ယူ၍ လယ်ယာအလုပ်သမားများအား ဝေခြမ်းထားခြင်း။
    (၁၂) အချို့ဒေသတွင် လုပ်ကိုင်၍ မဖြစ်သော အလွန်ညံ့ဖျင်းသည့် မြေမျိုးကို ဝေခြမ်းထားသဖြင့် မူလလက်ငုတ် သီးစားမြေ လက်လွတ် ဖြစ်ရခြင်း။
    (၁၃) ကျွန်းမြေ၊ သာသနာ့မြေကဲ့သို့ မသိမ်းသင့်သည့် လယ်ယာမြေများကို သိမ်း၍ ဝေထားခြင်း။
    (၁၄) ကျေးရွာအတွက် ချန်လှပ်ထားသော သိမ်းယူပြီးသည့် မြေယာများကို မတရား သုံးစွဲကြခြင်း။
    (၁၅) အာဏာရ နိုင်ငံရေးသမားများနှင့် ဝန်ထမ်းမှုးများ ဝင်ရောက်စွက်ဖက်သဖြင့် ဝေခြမ်းရေး ဥပဒေနှင့် အညီ မဆောင်ရွက်နိ်ုင်ခြင်း။
    (၁၆) မူလ သီးစားချထားရေး မူမမှန်ခြင်းကြောင့် လယ်ယာမြေ ဝေခြမ်းရေးတွင် စည်းမျဉ်းများနှင့် မကိုက်ညီမှုများ ဖြစ်ရခြင်း။
    (၁၇) လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင်မှု အချိန်မလုံလောက်သဖြင့် ဥပဒေနှင့်အညီ မဆောင်ရွက်နိုင်ခြင်း။
    (၁၈) ဥပဒေပါ ပြဋ္ဌာန်းချက် အချို့ ပြတ်ပြတ်သားသား မရှိသဖြင့် ဥပဒေကို အမျိုးမျိုး လိုရာဆွဲယူ ဝေခြမ်းနိ်ုင်ခြင်း။
    (၁၉) အဆင့်ဆင့် ကွပ်ကဲကြီးကြပ်မှု၊ စစ်ဆေးစုံစမ်းမှုများ ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ခြင်း။
    (၂၀) မြေယာကော်မတီများ၊ အာဏာရ နိုင်ငံရေးသမားများ အမှုထမ်းအချို့နှင့် ဝန်ထမ်းများက မြေယာဝေခြမ်းရေး ဆောင်ရွက်ရာတွင် အဂတိ လိုက်စားခြင်း၊ တန်စိုးလက်ဆောင်ယူခြင်း၊ လာဘ်စားခြင်း။
    (၂၁) လယ်ယာမြေ ဝေခြမ်းရေးတွင် ဥပဒေနှင့်အညီ မဆောင်ရွက်နိုင်အောင် အချို့သော အရာထမ်း၊ အမှုထမ်းတို့က အဂတိလိုက်စား၍ ဆောင်ရွက်ခြင်း။
    (၂၂) ဥပဒေနှင့် အညီ လယ်မြေဝေခြမ်းရေးကို ဆောင်ရွက်လိုသော ကျေးရွာ မြေယာကော်မတီများအား အမှုထမ်း အရာထမ်းများနှင့် အာဏာရ အဖွဲ့ဝင်များက အမျိုးမျိုး အကျင့်ပျက်အောင် နည်းပေးလမ်းပြကြခြင်း။
    (၂၃) ကျေးလက်မြေရှင်လေးများနှင့် ချမ်းသာသော တောင်သူလယ်သမားများက မြေယာကော်မတီများနှင့် ပေါင်း၍ အခွင့်အရေး ပိုယူကြခြင်း။
    တို့ကို အစီရင်ခံစာတွင် တွေ့ရှိရပါသည်။ ဤကဲ့သို့ အစီရင်ခံစာမျိုး ထွက်ပေါ်လာနိုင်ရန် အခြေအနေ အချက်အလက်ရှိမရှိ တိုက်ဆိုင် စစ်ဆေးကြည့်ရပါမည်။ ထွက်ပေါ်လာသည့် အစီရင်ခံ စာအရ အရေးယူမှု ရှိမရှိ၊ တရားဥပဒေအရ ဖောက်ဖျက်ကျူးလွန်သူများကို တရားစွဲဆိုခြင်း ရှိမရှိ၊ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်စေသည့် အပြုအမူများဖြင့် ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ၊ အမှန်တကယ် လယ်သမားထုကြီး တခုလုံး၏ နစ်နာဆုံးရှုံးမှုများကို ကုစားပေးနိုင်ခြင်း ရှိမရှိကို စတုတ္ထ မဏ္ဍိုင် သတင်းမီဒီယာများနှင့် ပြည်သူလူထု တရပ်လုံးက မျက်စိဒေါက်ထောက် သတိချရမည် ဖြစ်ကြောင်း အစပျိုး နိုးဆော်အပ်ပါသည်။

    (ရခိုင်ပြည် ဆန်ပြဿနာနေ့ သြဂုတ် ၁၃ ရက်နေ့တွင် ကျဆုံးသွားသော အာဇာနည် ရဲဘော်များအား ဤဆောင်းပါးဖြင့် အလေးပြုပါသည်။)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts