spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးဓမ္မစေတီခေါင်းလောင်းအပေါ် မွန်လူထု၏ သဘောထားအမြင်

    ဓမ္မစေတီခေါင်းလောင်းအပေါ် မွန်လူထု၏ သဘောထားအမြင်

    -

    မင်းတော်လဝီသမိုင်းကို ပြန်ဆယ်ယူခြင်း “ပျက်လျှင်မပြင်၊ ပျောက်လျှင် မရှာ ၊အယူမှား ကျင့်သုံး၊ လူတုံးကဲ့ရဲ့” ဤလေးချက် ပျက်စီးရာ ပျက်စီးကြောင်းဟု ရှေးပညာရှိများ မိန့်ကြားခဲ့သည်။ ပျောက်လျှင် ရှာခြင်းသည် ကြီးပွားတိုးတက်ရာ တိုးတက်ကြောင်း၊ ကောင်းမြတ်သော အကြောင်းတရား ဖြစ်ခြင်းကြောင့် ယခုအခါ သမိုင်းဝင် ရှာပုံတော်တရပ်ကို ကြိုးပမ်း ဆောင်ရွက်နေကြပြီ ဖြစ်သည်။ ထိုရှာပုံတော်မှာ လွန်ခဲ့သည့်နှစ်ပေါင်း (၄၀ဝ) က နစ်မြုပ် ပျောက်ကွယ်ခဲ့သည့် သမိုင်းဝင် ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေရန်ဖြစ်သည်။

    ဓမ္မစေတီခေါင်းလောင်း ပန်ချီကားချပ်
    ပျောက်၍ မရှာလျှင် ပျက်စီးခြင်း အကြောင်းတရားဖြစ်၍ ပျောက်တာကို ရှာခြင်းသည် ကြီးပွားတိုးတက်ကြောင်း ကောင်းမြတ်သောတရား ဖြစ်သည်။ ထိုကြိုးပမ်းရှာဖွေမှုအား ကောင်းကျိုးကို ရည်သန်ထားခြင်းကြောင့်၊ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းနှင့် လူ့ ဘောင်ကို စည်ပင်သာယာလှပစေခြင်းတို့ ဖြစ်စေသည်။

    သမိုင်းတန်ဖိုး အလွန်ကြီးမားသော ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ပြန်ဆယ်ယူခြင်းအလုပ်သည် လောက၊ ဓမ္မာ နှစ်ဖြာ အမှန်အကျိုး များစေပြီး ပြည်သူတို့၏ ဂုဏ်သရေကို တိုးပွားစေမည့်အလုပ်လည်း ဖြစ်နေ၍ ပြည်သူအများ စိတ်ဝင်စားနေကြသည်။

    ထို့ အပြင် ဤဆောင်ရွက်ချက်သည် အမျှော်အမြင်ကြီးသော သူတို့၏ လုပ်ရပ်ဖြစ်၍ ရဟန်းရှင်လူ ပြည်သူတရပ်လုံး၏ လိုလားမှုကို ဖြည့်ဆည်းပေးရာလည်း ဖြစ်သည်။ ထို့ကြောင့် ပြည်သူတရပ်လုံးက နှလုံးစိတ်ဝမ်း ပီတိရွှမ်းကာ အကျေနပ်ကြီး ကျေနပ်နေကြသည်။

    အဆိုပါ ခေါင်းလောင်းကြီးကို ပြန်လည် ဆယ်ယူရရှိမည်ဆိုပါက မွန်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ် သမိုင်းအမွေအနှစ် အထောက်အထားများ၏ အသေးစိပ် အချက်အလက်များကို မြန်မာပြည်သူများသာမက၊ ကမ္ဘာ့ပြည်သူများကိုပါ အသေအချာ တင်ပြပေးနိုင်တော့မည်ဟု မွန်လူထုများက မျှော်လင့်တောင့်တနေကြသည်။

    “သဒ္ဓါစိတ်နဲ့ တွေးကြည့်လိုက်ရင် ကမ္ဘာ့အံ့ဖွယ်ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်နေတဲ့ ဒီဓမ္မစေတီခေါင်းလောင်းကြီးနဲ့ဆို အလွန်တရာ ပဏာရမှာပဲလို့ တွေးကြည့်လိုက်ရင်၊ မသေခင်မှာ မျက်မြင် ဖူးမျှော်ချင်လှပါဘိ” ဟု ဗဟန်းရပ်၊ ရန်ကုန်မြို့နေ မွန်လူမျိုး အဖွားမိတင်မြ၊ အသက် ၈၅နှစ် (လမိုင်းရွာဇာတိ) က ဆုတောင်းသည်။

    ဗုဒ္ဓဘာသာကို လေးလေးနက်နက် ကိုင်းရှိင်းတတ်သော မွန်လူမျိုးတို့ကမူ ဤဓမ္မစေတီ ခေါင်းလောင်းကြီး ပြန်လည်ဆယ်ယူ ရရှိလာမည်ဖြစ်က မွန်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်နှင့် သမိုင်းအထောက်အထားအတွက်သာမက၊ ဗုဒ္ဓ၏ မြင့်မြတ်သောအမွေကို ပြန်လည် ထိန်းသိမ်းခွင့် ရလိုက်ခြင်းဖြစ်၍ သာသနာရောင် ထွန်လင်းပြောင်ကာ မြန်မာနိုင်ငံ၏ ကံကြမ္မာသည်လည်း တိုးတက် ကောင်းမွန်လာမည်ဟု ယုံကြည်နေသည့် မွန်လူထု၏ ပြောသံများသည် မွန်ဒေသများမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရသည်။

    မွန်တို့ ၏ အသံ

    “ဒီဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည် ဆယ်ယူရရှိလိုတာဟာ တချိန်က မွန်တို့ရဲ့ မြင့်မြတ်တဲ့ မင်းနဲ့မြင့်မြတ်တဲ့ ပြည်သူတွေ ဆုံးရှုံးခဲ့ရတဲ့ အမွေအနှစ်တွေကို ပြန်လည်ရရှိ အောင်လုပ်ပေးသလို အခုလက်ရှိ နိုင်ငံတော်အစိုးရနဲ့ ပြည်သူအားလုံးကိုလည်း ဒီအမွေ အနှစ်ကို ရှိပိုင်ဆိုင်စေလိုတဲ့ဆန္ဒပဲ” ဟု မော်လမြိုင်တက္ကသိုလ် နောက်ဆုံးနှစ် သမိုင်းအဓိက ကျောင်းသားမင်းတေဇာက ပြောသည်။

    ၄င်းပြင် မိသုတဂျော် ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် မဟာဘွဲ့ ရရှိသူက “ဓမ္မစေတီခေါင်းလောင်းက မွန်နိုင်ငံ၊ မွန်ဘုရင်လက်ထက်မှာ သွန်းလုပ်ခဲ့တယ်၊ ကောင်းမှုတော်မှတ်တမ်းစာတွေ၊ ရာဇဝင်၊ သမိုင်းဆိုင်ရာတွေကို မွန်ဘာသာနဲ့ ရေးခဲ့တယ်လို့ သိရသည်။ သို့သော် ယခု လက်ရှိမှာ မြန်မာ့အမွေအနှစ်လို့ အမည်အသစ်နဲ့ ပြောင်းလဲသုံးစွဲ ခေါ်ဝေါ်နေကြတာ သတင်းစာမှာရော မီဒီယာသတင်းများမှာပါ တွေ့နေရတယ်။ ဒါဟာ သမိုင်းဖြစ်ရပ် အမှန်ကို ဖျောက်ဖျက်ရာ ရောက်တယ်” လို့ ပြောသည်။

    ထို့ အပြင် မွန်အချို့က မိမိမွန်လူမျိုး ဖြစ်ပါလျှက် မွန်တို့ရဲ့ မြင့်မြတ်ကြီးမားခဲ့တဲ့ စာပေအဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်း၊ ထယ်ဝါခဲ့သည့်သမိုင်းကြောင်းများကို မသိနားမလည်သူတို့၊ အမျိုးဂုဏ်ဇာတိဂုဏ် မေ့ပျောက်နေသူတို့အဖို့ ယခုတဖန် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ပြန်သိလာဖို့ ဓမ္မစေတီခေါင်းလောင်းက စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်တဲ့အကြောင်းကို မိသုတဂျော်က ဆက်ပြောသည်။

    မွန်မြန်မာသမိုင်းကို လေ့လာနေသူ ‘နိုင်စွန်းထုန်’ က “ခေါင်းလောင်းကြီးကို ပြန်လည် ရှာဖွေဆယ်ယူရေးအလုပ်ကို နိုင်ငံတော်က ဦးဆောင်ပြီးလုပ်နေတာကို ဝမ်းသာတယ်၊ ခေါင်းလောင်းကြီးရရှိလာရင် ခေါင်းလောင်းမှာထိုးထားတဲ့ စာတွေဟာ မွန်စာပေတွေမို့ မွန်သမိုင်းမှာသာမက ကမ္ဘာ့သမိုင်းကိုလည်း များစွာ အကျိုးပြုနိုင်မှာမို့ အားလုံးအတွက် အကျိုးများတယ်”ဟု ပြောသည်။

    ဓမ္မစေတီခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့စဉ်က ကြေး၊ ငွေ၊ သတ္တုများ၏ အတိုင်းအဆ၊ ဓါတ်သဘာဝများကို ပေါင်းစပ်ရောနှောသည့် သိပ္ပံပညာအတတ်ကို ရှေးမွန်များလက်ထက်ကပင် တတ်မြောက်ခဲ့ပြီး ဓမ္မစေတီမင်းလက်ထက်မှာ အလွန်ကြီးမားသည့် ကြေးခေါင်းလောင်းကြီးကို နိုင်နင်းစွာ သွန်လုပ်ခဲ့သည့် မွန်လူမျိုးတွေကို ချီးမွမ်းစရာ၊ ဂုဏ်ယူစရာဖြစ်ရသည်ဟု နိုင်စွန်းထုန်က ဆက်ပြောသည်။

    ဆယ်သူများ၏ အကျင့်သိက္ခာသီလ

    ထို့ အပြင် သာသနာ့အမွေအနှစ်နှင့် သမိုင်းအမွေအနှစ်၏ တန်ဖိုးကြီးမားသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူရရှိရန် အမျိုးသားရေးစိတ်ဓါတ်တခုတည်းနှင့် မရနိုင်ပဲ ဦးဆောင်သည့် နိုင်ငံခေါင်းဆောင်များ၏ အကျင့်သိက္ခာ သီလပိုင်းကလည်း၊ ကောင်းမွန်ဖို့ အထူးလိုအပ်ကြောင်းကို ပြောကြားပြန်သည်။

    တခါ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်က မြန်မာနိုင်ငံပျူခေတ်က အရုပ် (၅) ရုပ် ပျောက်ဆုံးခဲ့ဘူးသည်။ သရေခေတ္တရာခေတ်ဦးပိုင်း ပျူခေတ်အရုပ်များဖြစ်၍ သမိုင်း တန်ဖိုးကြီးမားသည်ဟု သိရသည်။ ၄င်းအရုပ်များ ပျောက်ဆုံးမှုကို ရှေးဟောင်းသုတေသနဌာနမှ သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အစမရ၊ ပျောက်ချက်မလှ ပျောက်၍နေသည်။

    ထိုအခါ မြန်မာနိုင်ငံရှေးဟောင်းသုတေသနဌာနမှ သုတေသနအရာရှိနိုင်ပန်းလှ (ထိုစဉ်က ဒေါက်တာဘွဲ့ မရသေး)က ပျူခေတ်က အရုပ် (၅) ပျောက်ဆုံး ခဲ့ရသည့်အကြောင်းကို အင်္ဂ လိပ်ဘသာဖြင့် ဆောင်းပါးရေးပြီး လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်) WorkingPeople’sDaily သတင်းစာမှာ ထည့်လိုက်ရာ ၄င်းအရုပ်များကို ဝယ်ထားသည့်အမေရိကန်လူမျိုးတဦးက မြန်မာနိုင်ငံသို့ ပြန်ပေးခဲ့သည့်အကြောင်းကိ်ု နိုင်ပန်းလှ၏ ၇၅နှစ်ပြည့် အထိမ်းအမှတ် “ပန်းတို့ပွဲ” စာစောင်၊ ၁၉၉၈ခုနှစ် အောက်တိုဘာလထုတ်၏ ဖေါ်ပြချက်အရ သိရသည်။

    ယခုလို ပျောက်ဆုံးခံရသည့် တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းအမွေအနှစ်ကို မိမိ စွမ်းပကားဖြင့် စာပေကလောင်လက်နက်နှင့် ရယူပေးနိုင်ခဲ့သည့်နိုင်ပန်းလှကို မွန်လူထု၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူများက ချီးကျူးဂုဏ်ပြုခဲ့ကြသည်ဟု သိရသည်။ တနည်းအား ဖြင့် နိုင်ပန်းလှသည် ပျောက်လျှင်ရှာမှ ဆိုသည့်ပညာရှိအဆုံးမကိုု ကိုင်စွဲပြီး အများအကျိုးအတွက် ဆောင်ရွက်ပေးနိုင်၍ လေးစားထိုက်သူတဦးလည်း ဖြစ်သည်။

    မည်သို့ပင်ဖြစ်စေ ယနေ့တိုင် နစ်မြုပ်ပျောက်ကွယ်နေသည့် ဓမ္မစေတီခေါင်းလောင်းကြီးကိ်ု ပြန်လည် ဆယ်ယူဖို့ ကြံစည်ခြင်း၊ နည်းလမ်းရှာကြံခြင်း၊ ပြည်တွင်းပြည်ပမှ ပစ္စည်း၊ ငွေကြေး၊ နည်းပညာများကို ကူညီပေးခြင်း၊ ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖေါ်နေသူများကို မီဒီယာများမှ သိခွင့်ရနေသည်။ ထိုသူများအားလုံးကို ပြည်သူတို့၏ လိုအင်ဆန္ဒကို ဖြည့် ဆည်းပေးနေသူများအဖြစ် ပြည်သူတွေက အသိအမှတ်ပြုကြသည်။

    သမိုင်း၏ ဝဋ်ကျွေး

    ခရစ်သက္ကရာဇ် (၁၅၃၀) ခုနှစ်မှာ မွန်ဘုရင်များ အာဏာစက်ကျဆင်းလာပြီး (၁၅၃၅) ခုနှစ်တွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပကုန်သည်နှင့် စွန့်စားရှာဖွေသူများ ပင်လယ်လမ်းကြောင်းဖြင့် အောက်ပြည်သို့ ရောက်လာကြသည်။ သက္ကရာဇ် (၁၅၉၀) ခုနှစ်တွင် ပေါ်တူကီလူမျိုး စွန့်စားရှာဖွေသူ ဖိလစ်ဒီဗရစ်တိုကို ရခိုင် ဘုရင်က သံလျင်မြို့တွင် ကုန်သွယ်ရုံးဖွင့်ခွင့်ပေးလိုက်ပြီး သူ၏သြဇာမှာ သက္ကရာဇ် (၁၆၀ဝ) ခုနှစ်တွင် မြစ်ကြောင်းတလျှောက်နှင့် ဘေးပတ်ဝန်းကျင်အပါအဝင် ဒဂုံအထိ ရောက်လာသည်။ ထိုအခါ ဒီဗရစ်တိုသည် ကြေးပိဿာချိန် (၁၈၀ဝ၀ဝ)(တန်ချိန်၂၉၀)ရှိ အပိန္နသော် (မြန်မာ-အဝိန္ဒဆောက်) ခေါ် ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို သယ်ယူပြီး ဖေါင်ဖြင့် တင် ဆောင်ကာ ဖေါင်ပျက်သောကြောင့် ဒေါပုံမြစ်တွင် နစ်မြုပ်ခဲ့ရပြီး ယနေ့တိုင် ပျောက်ဆုံးနေသည်ဟု သမိုင်းမှတ်တမ်းများမှာ ဖေါ်ပြထားသည်။

    “ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူနိုင်ရင် မွန်စာပေ၊ ယဉ်ကျေးမှုနဲ့ သမိုင်းမှတ်တမ်းတွေဟာ ပိုတွေ့လာမယ်၊ မွန်စာပေ၊ ယဉ်ကျေးမှုနဲ့ သမိုင်းအထောက်အထား တွေဟာ မွန်လူမျိုးအတွက်သာမက မြန်မာတနိုင်ငံလုံးအတွက်ပါအကျိုးများမှာပါ” ဟု နိုင်ခင်မောင်လေး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန က ပြောသည်။

    ထို့ အပြင် ဓမ္မစေတီခေါင်းလောင်းကြီးသည် ယခုလက်ရှိ အကြီးဆုံး သတ်မှတ်နေသည့် ရုရှား နိုင်ငံက ဇာကိုလိုကော့ ခေါင်းလောင်းထက် ကြီးပြီး၊ ဇာကိုလိုကော့ ထက်လည်း နှစ်ပေါင်း ၃၀ဝကျော် သက်တမ်းပိုကြာတယ်၊ အကယ်၍ဆယ်ယူရရှိလျှင် လေ့လာလိုသည့် နိုင်ငံခြား ခရီးသည်များ ပေါများလာပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းလည်း တိုးတက်သွားမည်ဟု နိုင်ခင်မောင်လေး ကဆက်ပြောသည်။

    မည်သို့ပင်ဖြစ်စေ ပျောက်တာကို ရှာခြင်းသည် ကြီးပွားတိုးတက်ကြောင်း ကောင်းမြတ် သောတရားဖြစ်၍ ကြိုးပမ်းရှာဖွေရပါမည်။ ကောင်းကျိုးကိုရည်သန်ထားခြင်းကြောင့် ပြည်သူတို့ လိုလားတောင်းတနေသော ဘာသာရောင်၊ သာသနာရောင် ထွန်းလင်းပြောင်ခြင်း နှင့် လူ့ဘောင်စည်ပင်သာယာရေးအတွက်ကို ဤဓမ္မစေတီခေါင်းလောင်းကြီးမှ ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts