spot_img
Thursday, April 25, 2024
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု

    မွန်ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု

    -

    မင်းသုတ – မွန်ဒီမိုကရေစီပါတီ (MDP)ကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင် ရေးသားဖေါ်ပြသည်။

    မွန်ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုသည့်သတင်းစာဖြတ်ပိုင်း
    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်၊ ရာဇာဓိရာဇ်လမ်း အမှတ်(၁၈၁) တွင် ရုံးချုပ်ဖွင့်လှစ်ထားရှိသော (MDP)အား ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ နိုင်ငံရေးမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း၊ မှတ်ပုံတင်အမှတ်(၅၈) ဖြစ်သည်ဟု နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ကြေညာချက်အမှတ်(၃၄/၂၀၁၂) ယမန်နေ့၊ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

    (MDP) မှတ်ပုံတင်ရန် ဒုခေါင်းဆောင်အဖြစ်တာဝန်ပေးခြင်း ခံထားရသူ နိုင်စိုးမြင့်က “ ကော်မရှင် ရဲ့အကြောင်းကြားစာမှာတော့ ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား အနည်းဆုံးတစ်ထောင်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီပြန်တင်ပြရမယ်၊ ဒီအတွက်ကြိုတင်ပြင်ဆင်ထားပြီးပြီ” ဟု ပြောသည်။

    သတ်မှတ်ထားသည့် ပါတီဝင်အင်အားပြည့်ရန်အတွက် မကြာမီက (MDP) ဗဟိုကော်မတီဝင်များအနေဖြင့် မွန်နှင့်ကရင်ပြည်နယ်ရှိ မွန်အများစုနေထိုင်သည့်မြို့နယ်၊ ကျေးရွာများတွင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ စုဖွဲ့ထားပြီဟုလည်း နိုင်စိုးမြင့်က ဆက်ပြောသည်။

    (MDP)၏ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက “၉၀ ရွေးကောက်ပွဲတုန်းက အချို့မြို့နယ်တွေမှာ ကျနော်တို့ပါတီဝင်အရေအတွက် တစ်သောင်းအထက်မှာရှိခဲ့တယ်၊ မှတ်ပုံတင်နိုင်ဖို့ ဒီပါတီဝင်တစ်ထောင်ကိုတော့ ပူပန်စရာမလိုပါဘူး”ဟု ပြောသည်။

    ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်လည်းဖြစ်သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်းတွင် တရားဝင်ပါတီမှ ဖျက်သိမ်းခံလိုက်ရပြီး ပြီးခဲ့သည့်ဧပြီလတွင် မွန်ဒီမိုကရေစီပါတီ (MDP) အမည်သစ်ဖြစ် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီ (MDP) ပါတီတွင် ဂုဏ်ထူးဆောင်နာယက နိုင်ထွန်းသိန်း၊ ဥက္ကဌနိုင်ငွေသိမ်း၊ ဒု-ဥက္ကဌ(၁) နိုင်သက်လွင်၊ ဒု-ဥက္ကဌ(၂) နိုင်တင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း၊ တွဲဖက်အတွင်းရေးမှူး(၂) မင်းစိုးဝင်း(ခေါ်) မွန်ရာဇာ အပါအဝင်ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးပါရှိသည့် ဗဟိုကော်မတီဝင် ၅၄ ဦးဖြင့် ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts