မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ကျန်းဂီးနှင့် သူ၏အကျဉ်းသားမိတ်ဆွေများ

ကျန်းဂီးနှင့် သူ၏အကျဉ်းသားမိတ်ဆွေများ

ရေးသားသူ:

ဘစောတင် -အိမ်မွေးတိရစ္ဆာန်မဟုတ်တဲ့ သတ္တဝါတွေနဲ့ လူတွေ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် နေကြတယ်ဆိုရင် သတင်းထူး ဖြစ်လာတတ်ပါတယ်။ အရပ်တကာမှာ တအံ့တသြ ပြောလို့ကို မဆုံကြတော့ပါဘူး။ သမားရိုးကျ ဖြစ်စဉ်မဟုတ်ရင် လူတွေက တခုတ်တရ ပြောတတ်ကြပါတယ်။

ကျီးကန်းအုပ်စုက အခြားငှက်ကိုလိုက်လံတိုက်ခိုက်ပုံ(Photo-Internet)
ဒါမျိုးတွေ မရှိတော့ မဟုတ်ပါဘူး။ ရှိတော့ရှိပါတယ်။ ဒါပေမဲ့ ရှားတယ်ပေါ့။ ဥပမာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စမုပရာ ကန်မှာရှိတဲ့ မိကျောင်း ပြတိုက်ကို ခင်ဗျားရောက်သွားရင် မိကျောင်းပါးစပ်ထဲကို ခေါင်းဝင်ပြတဲ့ မိကျောင်းထိန်းတွေကို မြင်ရမယ်။ မိကျောင်းပါးစပ်ထဲကို ပိုက်ဆံထည့်ပြီး လက်ပြန်အနှုတ်မှာ ကျောက်ပြားကြီး နှစ်ချပ်ကို ရိုက်ချလိုက်သလို အသံကျယ်တဲ့ မိချေင်းပါးစပ် ပိတ်သံကို ကြားရမယ်။ တကယ့်ကို အသည်းထိတ်ဖွယ်ရာ မြင်ကွင်းတွေပါဘဲ။ မမြင်ဖူးရင် ယုံချင်မှ ယုံမယ်။ ပြီးတော့ ကျားကို ကလေးအစာခွန့်သလို လက်နဲ့ ခွန့်ကျွေးနေတာကို တွေ့ရမယ်။

ဒီလို လူ့အသက်ကို အန္တရာယ်ပေးနိုင်တဲ့ သတ္တဝါနဲ့တော့ ကျနော်ဘဝမှာ ရင်းရင်းနှီးနှီး မနေခဲ့ဖူးပါဘူး။ ဒါပေမဲ့ အိမ်မွေး တိရစ္ဆာန်စာရင်းထဲမပါတဲ့ ကျီးကန်းတကောင်နဲ့တော့ လအတန်ကြာ လက်ပွန်းတတီး နေခဲ့ဖူးပါတယ်။

(က) ၂၀ဝ၂နှစ် မိုးအကုန် ဆောင်းအကူး ကာလလောက်ကပေါ့။

အဲဒီတုန်းကာ အင်မတန်မှ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာ ပုဒ်မ ၅/ည နဲ့ ပြစ်ဒဏ် ၇ ခုနှစ် ချမှတ်ခံထားရ တဲ့ အချိန်ကပါ။ ၅/ည ဆိုတာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရ အဆက်ဆက်က ပြစ်ဒဏ်ပေးချင်ရင် ချမှတ်တဲ့ ပုဒ်မတခုပါ။ နေရတာက ၄တိုက်/ ရှည် အခန်း ၈ မှာပါ။

တရက်သားမှာတော့ တာဝန်ကျ ဝါဒါတယောက်ဟာ ကျီးကန်းပေါက်စလေးတကောင်ကို အတောင်ဖြတ်ပြီး တိုက်ထဲကို ယူလာပါတယ်။ နေ့လည် ဂျူတီပြီးလို့ ပြန်သွားရင် အဲဒီ ကျီကန်းပေါက်ကလေးကို အခန်း၂ က နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ခင်မောင်ဝင်းဆီမှာ အပ်ထားခဲ့တယ်။ ဝါဒါတွေဟာ တိုက်တတိုက်မှာ ၂ ပတ်တန်သည် တလ တန်သည် တာဝန်ကျတတ်ပါတယ်။ ပုံသေတော့ မရှိပါဘူး။ ပြောင်းချင်တဲ့အခါ ပြောင်းချင်သလို ပြောင်းသွားတာပါဘဲ။

ဒီကျီကန်း ကျနော်တို့တိုက်ဝင်းထဲကို ရောက်တာ သုံးရက်လောက်အကြာမှာတော့ သူ့ကို ယူလာတဲ့ ဝန်ထမ်း ကားတိုက်ခံရလို့ ဆေးရုံတင်ထားရတယ်သာ ကြားလိုက်ရတယ်။ နောက်ပေါ်မလာတော့ဘူး။ သူ့ရဲ့ ကျီးကန်းကတော့ ကျနော်တို့ ၄/ရှည်မှာ ကျန်နေခဲ့တယ်။

အိမ်မွေး တိရိစ္ဆာန်မဟုတ်တဲ့ ကျီးကန်းဟာ ပျံနိုင်တဲ့ တောင်ပံမရှိတော့ လူနဲ့နေရတော့တာပေါ့။ တိုက်ဝင်းထဲကို ခုန်ဆွခုန်ဆွနဲ့ ဟိုအခန်းဝင် ဒီအခန်းထွက် အစာတောင်းစားရရှာတယ်။ သူတို့ ဘာသာဓလေ့ ကြိုက်တတ်တဲ့ သားစိမ်း ဖားစိမ်းလည်း အကျဉ်းသားတွေမှာ ဘယ်ကရမလဲ။ ဒီတော့ သူလည်း အကျဉ်းသားတွေ စွန့်ကြဲတာလေးနဲ့ အသက်ဆက် နေရတယ်။

ဒီကောင့်ကို ဘယ်သူက စပြီး နာမည်ပေးလိုက်တယ်တော့ မမှတ်မိတော့ဘူ။ ခင်မောင်ဝင်း ပါးစပ်က ´ကျန်းဂီး´ ´ ကျန်းဂီး´နဲ့ ခေါ်လိုက်ရင် ခုန်ဆွ ခုန်ဆွနဲ့ ပျံလို့ရသလောက် နည်းနည်းစီ ထပျံရင်း ရောက်အောင် ပေါက်ချ လာတတ်တယ်။ နောက်တော့ တတိုက်လုံးက ´ကျန်းဂီး´ကို အစာခေါ်ကျွေး ဘာခေါ်ကျွေးနဲ့ ခင်နေကြတယ်။ ကျန်းဂီးက လည်း လူတွေနဲ့ ခင်လာတော့ လက်ထဲ နှိုက်စားတဲ့အထိ တရင်းတနှီး နေလာတယ်ဗျာ။ ကျီးကန်းဆိုတဲ့ အမျိုးက ဘာမဆို စားတဲ့အမျိုးဘဲ။

(ခ) ဒီကောင့်နဲ့ ကျနော်နဲ့ကလည်း အတော်ရင်းနှီးလာတယ်။ ဒါကြောင့် ကိုယ်စားဖို့ရတဲ့ ဘဲဥပြုတ် ကြက်ဥပြုတ်ထဲက အနှစ် လေးတွေကို သူ့ကိုကျွေးတော့ ဒီမောင်က တယ်ကြိုက်သကိုးဗျ။ ခဏခဏ ကျွေးလာတော့ ကျနော်ခေါ်တိုင်းလာတယ်။ မခေါ်လည်း အတင်းပေါက်ချလာတယ်။ အိပ်နေရင် သံတိုင်းနာလာပြီး တအားအားနဲ့ အော်ပြီး နှိုးတယ်။ နောက် ဘယ် လောက်တောင် ဒီကောင်ရဲလာသလဲဆိုရင် ကျနော်အိပ်ပျော်နေချိန်မှာ အခန်းထဲဝင်လပြီး ခြေမတွေ ခြေသန်းတွေကိ သူ့နှုတ်သီးနဲ့ ဆိတ်ပြီးကို နှိုးတော့တဲ့အထိဘဲ။

ကျန်းဂီးကို အကျဉ်းသားတွေက ခင်ပေမဲ့ မျိုးနွယ်တူ ကျီးကန်းတွေကကျတော့ မုန်းကြတယ်ဗျ။ အုပ်လိုက် ဆင်းလာပြီး အစာရှာစားကြတဲ့ ကျီးကန်းတွေက ဒီကောင့်တွေရင် လိုက်ပြီး နှုတ်သီးနဲ့ ထိုးကြတယ်။ ဒီကောင်ကလည်း ကျီးအုပ်လာရင် ရှောင်နေတယ်။ ခင်မောင်ဝင်းအခန်းဖြစ်ဖြစ် အခြားတခန်းဖြစ်ဖြစ် ဝင်ပုန်းနေတတ်တယ်။ လူတွေနဲ့ အတူနေတဲ့ ကျန်းဂီး ဟာ ကျီးကန်းဇာတ်ပျက်သွားလို့ မဟာကျီးကန်းတွေက လက်သင့်မခံဘဲ ဖယ်ကျဉ်ကြတဲ့ သဘောပေါ့။

ခမျာလေးလဲ သူ့သဘာဝအတိုင်း သူ့မျိုးနွယ်တူတွေနဲ့ နေချင်ရှာတယ် ထင်ပါရဲ့။ တခါတခါ မလှမ်းမကမ်းက တရစ်ဝဲဝဲ လုပ်နေတာ တွေ့ရတယ်။ ဒါပေမဲ့ မဟာကျီးကန်းတွေက သူစိမ်းပြင်ပြင် ဆက်ဆံရုံမက လူတွေသာမရှိရင် ကျန်းဂီးလေးကို မသေမချင်း ထိုးသတ်ပစ်ကြမယ် ထင်ပါတယ်။ ဒီလောက်ကို ကျီးကန်းဇာတ်မြင့်တာနော်။ ကျနော်တို့ရဲ့ ကျန်းဂီးလေး ခမျာမှာတော့ တကယ်သနားစရာပါ။ ဒါဟာ တကယ်ဖြစ်ပျက်ခဲ့တာပါ။

(ဂ) ကျန်းဂီးအကြောင်းပြောရင်းနဲ့ ကျီးကန်းတွေအကြောင်းလည်း တွေ့ကြုံဖူးသလောက် ပြောပြချင်လာတယ်။ ကျီးကန်းတွေ သဘာဝက ရန်သူနဲ့ ကြုံတဲ့အခါ ဖြစ်စေ။ ကိုယ့်အုပ်ထဲကို အခြား မျိုးမတူတဲ့ သတ္တဝါတကောင်ကောင် ရောက်လာတဲ့အခါ ဖြစ်စေ။ အုပ်စုလိုက် ဖြဲတတ်တဲ့သဘာဝ ရှိတယ်။ အပြင်ကကြည့်ရင် သိပ်ကို ညီညွတ်တဲ့ အခင်းအကျင်းပေါ့။ တို့ကို လာမ ကြောနဲ့ မောသွားမယ်။ တို့ကို လာမထိနဲ့ အုပ်နဲ့ ဝိုင်းဖဲ့မယ်ဆိုတဲ့ အထာပေါ့။

လက်ဆော့တဲ့ ကလေးတယောက်ယောက်က ကျီးကန်းတကောင်ကို လေးခွနဲ့ဖြစ်ဖြစ်။ အခြားတနည်းနည်းနဲ့ ဖမ်းကြည့်ပါ လား။ အဲဒီ ကလေးကို သိပ်စွာတဲ့ ကျီးကန်းတွေက အတင်းဝင်ပြီး ထိုးဖို့ ကြိူးစားတတ်ကြတာ။ မိုက်ခဲလေးတွေ လိုဘဲ။ အမျိုးအတွက် အသက်ကို စွန့်ရဲတယ်ဆိုတဲ့ မျိုးချစ် ကျီးကန်းလေးတွေ။

ဒါကို ကြည့်ပြီး ကျီကန်းတွေဟာ အမျိုးကိုချစ်လှချည်ရဲ့။ ကိုယ့်အမျိုးအတွက်ဆိုရင် အသက်နဲ့လဲပြီး ကာကွယ်တတ်ကြ တယ်လို့ အရင်စလို ဘာသာပြန်ပြီး အနက်မဖွင့်လိုက်ပါနဲ့ဦး။ မှားသွားနိုင်လို့ပါ။

ဒီကျီးအုပ်ထဲကို အသားတစ်ကလေး တခုလောက် ပစ်ချကြည့်လိုက်ပါလား။ ကျီးအချင်းချင်း သတ်ပွဲကို ချက်ချင်း ရှုစားရ ပါလိမ့်မယ်။ သားတစ်တစ်ခုကို မြင်တာနဲ့ ညောင်ပင်ပေါ်က ချောင်းနေကြတဲ့ ကျီးအုပ် ပြိုကျလာပြီး သူ့ထက်ငါ အရင်ဦး အောင် လုကြမယ်။ အရင်ရတဲ့အကောင်နောက်ကို ကျန်တဲ့ကောင်တွေက အသားကုန် လိုက်ပြီး ထိုးဆိတ်ကြမယ်။ အရင်ရ တဲ့ ကောင်က ပြေးရင်းလွှားရင်း နာကျင်လွန်းလာတော့ ကိုက်ထားတဲ့ သားတစ် လွတ်ကျသွားတဲ့အခါ နောက်တကောင်က ဆတ်ကနဲ ထိုးသုတ်ပြီး ထပ်ပြေးမယ်။

အဲဒီအခါမှာ ကျီးအုပ်ကလည်း သားတစ်ရှိတဲ့အကောင်ကို ထပ်လိုက်ပြီး ထိုးဆိတ်ကြပြန်ရော။ ဒီလိုနဲ့ သားတစ်တခု အတွက် ကျီးအုပ်ဟာ အချင်းချင်း အသေအကြေ တိုက်ကြခိုက်ကြတတ်ပါတယ်။ ဒီအချိန်မှာ မျိုးချစ်ကျီးကန်းတွေဟာ အစာတလုပ်အတွက် မျိုးနွယ်တူချင်း တိုက်ခိုက်ဖို့ ဝန်မလေးကြတော့ပါဘူး။

အဲဒီ ကျန်းဂီးလေးရယ်။ နောက် မဟာမျိုးချစ် ကျီးကန်းတွေရယ် အကြောင်းကိုတွေးမိတိုင်း လူ့လောကထဲမှာလည်း ကျန်းဂီးလေးလို အဖြစ်မျိုး ကြုံနေရတဲ့ အပယ်ခံကလေးတွေနဲ့ မဟာမျိုးချစ် ကျီးကန်းအုပ်ကြီးတွေကို စိတ်မျက်စိမှာ ကွင်းကနဲ ကွက်ကနဲ မြင်မိလာတတ်တယ်။

(ဃ)ကျန်းဂီးလေးကို အစာကျွေးခဲ့တာ ခင်မင်ခဲ့ကြတာ ကျနော်တယောက်တည်း မဟုတ်ပါဘူး။ ၄/ ရှည် တိုက်ဝင်းတခုလုံးက အကျဉ်းသား အားလုံးနီးနီးပါ။

တခါတလေ သူ့သခင် ခင်မောင်ဝင်းက ဒေါသထွက်လို့ လိုက်ရိုက်ရင် သူ့ခဗျာ ကောင်းကင်ကိုလည်း ပျံနိုင်စွမ်းမရှိ။ ခုန်ဆွခုန်ဆွနဲ့ ကြောက်ကြောက်လန့်လန့် ပြေးလိုက်။ ရသလောက်လေး လေထဲကို ပျံတက်လိုက်နဲ့။ ခင်မောင်ဝင်း အရိုက်မခံရအောင် ပြေးတတ်ပါတယ်။ မိုးချုပ်လာရင်တော့ ကျန်းဂီးဟာ ခင်မောင်ဝင်း အခန်းကိုဘဲ ပြန်အိပ်တယ်။

နောက် နည်းနည်း အရွယ်ရောက်လာတော့ ကျန်းဂီးလေးဟာ တိုက်ဝင်းအပြင်ထွက်ပြီး ပုတ်သင်တို့ ကင်းလိပ်ချောတို့လို သတ္တဝါငယ်တွေကို သတ်စားလာတယ်။ အသေကောင်တွေကို ရှာစားလာတယ်။ အရင်လို မဟုတ်တော့ဘူး။ စိတ်ရိုင်းတွေ ဝင်လာတယ်။ သူ့ကိုယ်နံ့တွေလည်း ဆိုးလာတယ်။ ပြီးတော့ သူ့ရဲ့ အဖြတ်ခံထားရတဲ့ အတောင်ကလေး ကလည်း နည်းနည်း ပြန်ရှည်လာတယ် ထင်ပါရဲ့။ တိုက်နားက အပင်နိမ့်နိမ့်လေးတွေရဲ့အပေါ် တက်ပြီး နေတတ်လာတယ်။ ဒါပေမဲ့ အစပိုင်းမှာတော့ သိပ်ကြာကြာမနေရဲဘူး။ မိုးချုပ်ရင် ခင်မောင်နဲ့ သူ့မိတ်ဆွေများ ရှိရာ ၄/ ရှည်ထဲကို ပြန်ပြန်လာတတ်တယ်။

နောက်ပိုင်းတော့ ခင်မောင်ဝင်းဆီကို အလာကြဲလာတယ်။ ခင်မောင်ဝင်းလည်း မိုးချုပ်လာရင် တစာစာနဲ့ သူ့ကျီးကန်းကို အော်ခေါ်တယ်။ ဒါပေမဲ့ လာမအိပ်တော့ဘူး။ တိုက်ဝင်းထဲမှာ ရှိတဲ့ စေတီနားက သစ်ပင်ပေါ်မှာဘဲ နေတယ်လို့ ဝါဒါတွေ ပြန်ပြောပြလို့ သိရတယ်။ နောက်တော့ ခင်မောင်ဝင်းလည်း သူ့ကျန်းဂီးကို ထိန်းသိမ်းဖို့ မကြိုးစားနိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူနဲ့ အမှုတွဲတွေကို ထောင်ပြောင်းခံလိုက်ရလို့ပါ။

ဒီလိုနဲ့ ကျန်းဂီးလေးဟာ ကျနော်တို့ ၄/ ရှည်ကို ပြန်ရောက်မလာတော့သလို ဘယ်ကိုရောက်သွားမှန်းလည်း မသိတော့ ပါဘူ။ ကျန်းဂီးလေးအကြောင်းကို အခု ကျနော်ပြန်ရေးမိချိန်မှာတော့ ဒီကောင်ဟာ ကျီးသက်ကြွေလို့ သံသရာထဲက ဘုံဘဝတခုခုမှာ ရောက်ကောင်း ရောက်နေတော့မှာပါ။ ဒါပေမဲ့ ကျန်းဂီးဆိုတဲ့ စာလုံးလေးကို ဖတ်မိတဲ့ သူ့ရဲ့ မိတ်ဆွေ အကျဉ်းသားဟောင်းတွေကတော့ နားထဲမှာ မျက်စိထဲမှာ ကျန်းဂီးရဲ့ ပုံရိပ်လေးတွေကို အမှတ်ရကောင်း ရနေကြဦးမှာပါ။

About မွန်သတင်းအေဂျင်စီ

Check Also

သံလွင်ရဲ့ ညီညွှတ်မှုတေး

‘သံလွင်’ဟုဆိုလိုက်တာနဲ့မြွေလိမ်မြွေကောက်အသွင်သဏ္ဍာန်နဲ့တရုတ်နိုင်ငံမှမြစ်ဖျားခံစီးဆင်းလာသည့်မြစ်ဖြစ်သည်။ မြစ်အဆုံးရာမညနဲ့ သံလွင်သည်ခွဲခြားလို့မရနိုင်သောဆက်စပ်မှုပင်ဖြစ်သည်။ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံနယ်နိမိတ်များဖြစ်သောရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုဖြတ်သန်းစီးဆင်းကာ မုတ္တမပင်လယ်ကွေ့မှ ဘင်္ဂလားပင်လယ်အော်ထဲသို့စီးဝင်သည်။ နှစ်ပေါင်းများစွာသံလွင်ဟာ လူသားတို့၏ ဘဝများစွာအတွက်အသုံးတော်ခံရပ်တည်ပေးခဲ့သည်။ သံလွင်ဟာလူသားတို့အတွက် သဘာဝဖန်တီးပေးထားသော အနဂ္ဃရတနာတစ်ပါးပင်ဖြစ်သည်။ …

%d bloggers like this: