spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမြစ်ဆုံစီမံကိန်း ရှေ့ဆက်လုပ်ဆောင်ရန် CPI စိုင်းပြင်းနေသည်ဟု ICOLD ထုတ်ပြန်

    မြစ်ဆုံစီမံကိန်း ရှေ့ဆက်လုပ်ဆောင်ရန် CPI စိုင်းပြင်းနေသည်ဟု ICOLD ထုတ်ပြန်

    -

    လွတ်လပ်သော မွန်သတၚ်အေဂျၚ်စီ – တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI က မြစ်ဆုံရေကာတာ စီမံကိန်းကို ရှေ့ဆက် ပြန်လည်လုပ်ဆောင်နိုင်ရေးအတွက် စိုင်းပြင်းနေသည်ဟု နိုင်ငံတကာရေကာတာအဖွဲ့မှ အတည်ပြုပြောကြားကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က ပြောသည်။

    ဧရာဝတီမြစ်ဆုံရေကာတာကို အဓိကဆောက်လုပ်နေသည့် CPI မှ စီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များ ပြုလုပ်ပေးရန် နိုင်ငံတကာ ရေကာတာကျွမ်းကျင်မှုအဖွဲ့ကို တိုက်ရိုက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့ ICOLD မှ မေလ ၃၀ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ထားသည်ဟု ဇွန်လ ၁ ရက်နေ့ထုတ် KDNG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ဧရာဝတီမြစ်ကြောင်း တလျှောက် လုပ်ကိုင်နေသာ ငါးဖမ်းလုပ်းငန်းများ
    ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG မှ ဆိုင်းမိုင်က “သူတို့က ရေကာတာစီမံကိန်းဧရိယာကနေ ဆုတ်ခွာဖို့ ငြင်းနေတယ်၊ အခုလည်း သူတို့က ဒီဆိုင်းငံ့ထားမှုကို စောဒကတက်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကာတာ ကျွမ်းကျင်ပညာရှင်များကို ခေါ်လာနေပြီ”

    ICOLD ၏ ထုတ်ပြန်ကြေညာချက်တွင် ၄င်းတို့အနေဖြင့် ဤမြစ်ဆုံစီမံကိန်း ပြန်သုံးသပ်လေ့လာမှုလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်လုပ်ဆောင်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း မြစ်ဆုံရေကာတာကို အဓိကဆောက်လုပ်သူဖြစ်သည့် CPI မှ မြစ်ဆုံရေကာတာအပေါ် လေ့လာသုံးသပ်မှုလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

    “တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)က ရေကာတာစီမံကိန်းဆိုင်းငံ့ထားသည့် အပေါ်မှာ မထီမဲ့မြင်လုပ်တယ်” ဟု ဆိုင်းမိုင်က ပြောထားသည်။

    ရေကာတာကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများအပေါ် မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသောကြောင့် မြန်မာနိုင်ငံအစိုးရမှ “ပြည်သူလူထုဆန္ဒ” ကြောင့်ဟုဆိုကာ လွန်ခဲ့သည့်နှစ် စက်တင်ဘာလက မြစ်ဆုံရေကာတာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

    သို့သော်လည်း ICOLD အနေဖြင့် ထိုမြစ်ဆုံရေကာတာစီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချမှုရှိသည့်အပြင် အကျိုးရလာဒ်များစွာရှိကြောင်း သက်သေပြရန်အတွက် ပြန်လည်သုံးသပ်မှုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသည့်အကြောင်းကို အစောပိုင်းထုတ် တရုတ်သတင်းဌာနတခုတွင် ဖော်ပြထားသည်ဟုလည်း KDNG က ပြောဆိုထားသည်။

    မြစ်ဆုံရေကာတာစီမံကိန်း ဆိုင်းငံထားသော်လည်း CPI က စီမံကိန်းအတွက် စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး၊ စီမံကိန်းဧရိယာမှ စက်ယန္တရားများနှင့် ဝန်ထမ်းများကို ပြန်လည်ခေါ်ယူ ရုတ်သိမ်းခြင်းမရှိသေးကြောင်း ကြေငြာချက်တွင် ပါရှိသည်။

    ထိုအတူ မြန်မာအစိုးရသည်လည်း ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော ရွာသူရွာသားများကို ၄င်းတို့၏နေရပ်သို့ ပြန်လည်နေထိုင်ခွင့်မပြုသေးသည့်အပြင် ထိုရွာသူရွာသားများမှာလည်း ဤစီမံကိန်းအခြေအနေမှာ မသေချာမရေရာသည့်အတွက် သံသယစိတ်များ ကြီးထွားနေဆဲပင်ဖြစ်သည်။

    တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် တရုတ်ပြည်သို့ လျှပ်စစ်ဓာတ်အား ရောင်းချရန်အတွက် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားလျှက်ရှိသော ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်နှင့် ယင်းမြစ်လက်တက်များပေါ်တွင် ရေကာတာပေါင်း ၇ ခုကို အဓိကလုပ်ဆောင်နေသည့် ကုမ္ပဏီတခုဖြစ်သည်။

    နိုင်ငံတကာ အကြီးစားရေကာတာစီမံကိန်းကောမရှင်အဖွဲ့ (ICOLD) သည် အဖွဲ့ဝင်နိုင်ငံပေါင်း ၉၅ နိုင်ငံဖြင့်ဖွဲ့စည်းထားပြီး၊ ရေအားလျှပ်စစ်ကုမ္ပဏီများလည်းပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts