spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်ဒီမိုကရေစီပါတီတည်ထောင်ခွင့်ပြုပြီ

    မွန်ဒီမိုကရေစီပါတီတည်ထောင်ခွင့်ပြုပြီ

    -

    မင်းသုတ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ယမန်နေ့ရက်စွဲဖြင့် ဦးနိုင်ငွေသိမ်း ပါ ၁၅ ဦးလျှောက်ထားခဲ့သည့်မွန်ဒီမိုကရေစီပါတီအား ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်းတွေ့ရှိသဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုလိုက်ပြီဟု ယနေ့ထုတ်အစိုးရသတင်းစာများတွင် ရေးသားဖေါ်ပြသည်။

    မွန်ဒီမိုကရေစီပါတီ ခေါင်းဆောင်များ(Photo-IMNA)
    ၁၉၉၀ ခုရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေအဖွဲ့ MNDF အား မွန်ဒီမိုကရေစီပါတီ Mon Democratic Party-MDP အမည်သစ်ပြောင်းလဲကာ ပြီးခဲ့သည့်ဧပြီလ ၂၆ ရက်နေ့တွင် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

    မွန်ဒီမိုကရေစီပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းကြည်ဝင်းက “ဒီရက်ပိုင်းမှာ ကျနော်တို့ ၁၅ ဦးအဖွဲ့အစည်းအဝေးပြန်ထိုင်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ဆက်လက်လျှောက်တင်ဖို့ ဆက်လုပ်ရပါဦးမယ်” ဟု ပြောသည်။

    နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်အတွက် အဖွဲ့ခေါင်းဆောင်နှင့် ဒုအဖွဲ့ခေါင်းဆောင်နှစ်ဦး ရွေးချယ်ပြီး နေပြည်တော်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ယခုလအတွင်း သွားရောက်လျှောက်တင်မည်ဟု သိရသည်။

    နိုင်ငံရေးပါတီမှတ်ပုံခွင့်ရရှိပြီးလျှင် ပါတီဝင်များစုစည်းပြီး ရက်ပေါင်း(၉၀) အတွင်း အနည်းဆုံးပါတီဝင်ဦးတစ်ထောင်စာရင်းကို ဆက်လက်တင်ပြရမည် ဖြစ်သည်။

    လက်ရှိ မွန်ဒီမိုကရေစီပါတီတွင် ဂုဏ်ထူးဆောင်နာယက နိုင်ထွန်းသိန်း၊ ဥက္ကဌနိုင်ငွေသိမ်း၊ ဒုဥက္ကဌ(၁) နိုင်သက်လွင်၊ ဒုဥက္ကဌ(၂) နိုင်တင်အောင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၊ တွဲဘက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း၊ တွဲဘက်အတွင်းရေးမှူး(၂) မွန်ရာဇာ(ခေါ်) မင်းစိုးဝင်း အပါအဝင် ဗဟိုအလုပ်အမှုဆောင်(၂၁) ဦးကို ယာယီရွေးချယ်ဖွဲ့စည်းခဲ့သည်။

    “၉၀ ရွေးကောက်ပွဲမှာ မုဒုံမြို့နယ်တစ်ခုထဲမှာ ကျနော်တို့မွန်ဒီမိုအဖွဲ့ဝင်အင်အား နှစ်သောင်းနီးပါးရှိတယ်၊ တစ်ခုလုံးအနေနဲ့ ပါတီဝင်စုစုပေါင်းအင်အားတစ်သိန်းကျော်ရှိတယ်၊ ဒါကြောင့်အခုပါတီဝင်တွေ ပြန်လည်စုဆောင်းတာ သိပ်တော့အခက်အခဲရှိမယ်မထင်ဘူး” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    လက်ရှိမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တွင်လည်း ပါတီဝင်အင်အား ၄၀ဝ၀ ကျော်ရှိသည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။

    လာမည့် ၂၀၁၄ ခု၊ နှစ်ကုန်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ တစ်ပါတီအဖြစ်ပေါင်းစည်းရန် ပြီးခဲ့သည့်ဧပြီလတွင် မွန်သံဃာတော်ရှေ့မှောက်၌ ပဏာမသဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

    ထို့အတူ အထက်ပါ ပါတီနှစ်ဖွဲ့ပူးပေါင်းမည်ကိုသိရှိရသဖြင့် ထိုင်းနယ်စပ်အခြေစိုက် မွန်ရေးရာအဖွဲ့ချုပ် Mon Affair Union(MAU) သည်လည်း ဝမ်းမြောက်စွာကြိုဆိုကြောင့် မေလ(၈) ရက်နေ့တွင် အိပ်ဖွင့်ပေးစာတစ်စောင်ပေးပို့ခဲ့သည်။

    မွန်တိုင်းရင်းသားတို့၏နိုင်ငံရေးလောကတွင် လက်နက်ကိုင်မွန်ပြည်သစ်ပါတီ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါနှင့် ယခုနိုင်ငံရေးတည်ထောင်ခွင့်ရရှိသော မွန်ဒီမိုကရေစီပါတီ (၃) ပါတီ တည်ရှိနေသည်။

    ၂၀၁၁ ခု၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အဖျက်သိမ်းခံမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ပြန်လည်စုဖွဲ့ခဲ့ရာတွင် မွန်ပြည်သစ်ပါတီမှအနားယူခဲ့သော ဝါရင့်ဗဟိုကော်မတီဝင်ဟောင်းများနှင့် လူငယ်ခရိုင်ကော်မတီများ ပါဝင်လာကြပြီး ယခုအခါ မွန်ဒီမိုကရေစီပါတီအဖြစ် အမည်ပြောင်း၍ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်တင်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts