spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းအတွက် ပညာရေး အကျိုးဆောင်အဖွဲ့ ပြည်သူကြား စည်းရုံးရေးဆင်း

    မွန်အမျိုးသားကျောင်းအတွက် ပညာရေး အကျိုးဆောင်အဖွဲ့ ပြည်သူကြား စည်းရုံးရေးဆင်း

    -

    နိုင်မာန် – မွန်အမျိုးသား ပညာရေးကျောင်းများ ရေရှည်တည်တံ့နိုင်ရန်နှင့် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် ဆရာ ဆရာမများ၏ ထောက်ပံ့ကြေးကို တိုးမြှင့်ပေးနိုင်ရန်အတွက် မွန်အမျိုးသား ပညာရေး အကျိုးဆောင်အဖွဲ့မှ မိဘပြည်သူများအတွင်း စည်းရုံးရေး ဆင်းလျက် ရှိသည်။
     
    ပြည်သူများက မွန်အမျိုးသား ပညာရေး လမ်းစဉ်ကို မသိရှိထားသည့်အတွက် စည်းရုံးရေး ဆင်းရာတွင် အခက်အခဲများစွာနှင့် ကြုံတွေ့ရကြောင်းကို အဆိုပါအကျိုးဆောင်အဖွဲ့၏ ဒုခေါင်းဆောင်း နိုင်ခိုစိုက်က ပြောသည်။
     
    “မကြာခင်က ကျနော်တို့ မုဒုံမြို့နယ်မှာ စည်းရုံးရေး စဆင်းတယ်၊ ဆရာ ဆရာမတွေ၊ ရဟန်း သံဃာတွေနဲ့ ရပ်မိရပ်ဖတွေလည်း ပါတယ်။ မွန်အမျိုးသား ပညာရေး ဘယ်လို ရှေ့ဆက်သွားမယ်၊ ဆရာ ဆရာမ ထောက်ပံ့ကြေးနဲ့ ကျောင်းအသုံးစရိတ်တွေကို မိဘပြည်သူတွေဆီက အကူအညီ ယူသွားရမယ်လို့ ရှင်းပြတော့ အလှူရှင်ဆီကနေ အထောက်အပံ့ မရရင် မွန်အမျိုးသား ပညာရေးကို ဆက်မလုပ်နဲ့တော့လို့ ကျနော်တိိုု့ကို ပြန်ပြောတယ်” ဟု နိုင်ခိုစိုက်က ပြောသည်။
     
    မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရတို့ ဆက်ဆံရေး အခြေအနေ တင်းမာလာပြီး နောက်ပိုင်းတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ် မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များရှိ မွန်အမျိုးသားကျောင်းများကို မွန်ပြည်သစ်ပါတီ ပညာရေးဌာနက မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုနှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။
     
    လွှဲပြောင်းပေးပြီး နောက်ပိုင်းတွင် ရဟန်းသံဃာတော်များနှင့် ညှိနှိုင်းပြီးနောက် မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုက မွန်အမျိုးသား ပညာရေး အကျိုးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၎င်းတွင် သြဇာတိက္ကမ ရှိသော ဆရာတော် ၃ ပါးနှင့် မွန်အမျိုးသား ပညာရေးအကြောင်း နှံ့စပ်သူ ၇ ဦး ပါဝင်သည်။
     
    “ဆရာ ဆရာမတွေရဲ့ ထောက်ပံ့ကြေးက တော်တော် အခက်အခဲ ရှိတယ်။ ဆရာ ဆရာမတွေက အမျိုးသားရေးကို အခြေခံပြီးမှ ဆင်းရဲဒုက္ခခံ သင်နေကြတယ်။ တကယ်လို့ လခတွေကို မျှော်ကိုးပြီး သင်မယ်ဆိုရင်တော့ ဘယ်သူမှ မသင်နိုင်ဘူး။ ဒါပေမဲ့ တဖက်ကကြည့်ရင် ဆရာ ဆရာမတွေရဲ့ ထောက်ပံ့ကြေးကို တိုးမပေးနိုင်လို့ တချို့ဆရာ ဆရာမတွေဟာ လုပ်သက် မရှည်ကြဘူး၊ ဒီတော့ ဆရာ ဆရာမတွေရဲ့ အရည်အချင်းကလည်း မပြည့်တော့ဘူး၊ ဒီလို ဖြစ်လာတယ်” ဟု သံဖြူဇရပ်မြို့နယ် မွန်အမျိုးသား ပညာရေးအဖွဲ့ ဥက္ကဌ မိစိုက်ပွန်းက ပြောသည်။
     
    “ဘာပဲ ဖြစ်ဖြစ် မွန်အမျိုးသားကျောင်းကိုတော့ ဘယ်လိုမှ ကျနော်တို့ အပျက်စီး မခံနိုင်ဘူး။ မဖြစ် ဖြစ်အောင် နည်းလမ်းရှာပြီး ရဟန်းသံဃာနဲ့ မိဘပြည်သူတွေကြားမှာ စည်းရုံးရေး ဆင်းသွားဦးမယ်” ဟု မွန်အမျိုးသား အကျိုးဆောင်အဖွဲ့ ခေါင်းဆောင် နိုင်သိုက်ချင်းက ပြောသည်၊
     
    ကျောင်းအသုံးစရိတ်နှင့် ဆရာ ဆရာမ ထောက်ပံ့ကြေးအတွက် တနှစ်လျှင် သိန်းပေါင်းများစွာ ကုန်ကျသည့်အတွက် မွန်အမျိုးသား ပညာရေး အဖွဲ့ အနေနှင့် အခက်အခဲများစွာ ကြုံတွေကြရသည်။
     
    “မွန်ပညာရေးအတွက် ကျောင်းသားတွေဟာ အစိုးရ စာသင်ကျောင်းမှာ စာသင်ခွင့် ရမယ် ဆိုရင် ပိုပြီး အဆင်ပြေမယ်။ ဒါမှ ဆရာ ဆရာမ ထောက်ပံ့ကြေးတွေအတွက် ဝန်မပိတော့ပဲ အခက်အခဲတွေ နည်းလာနိုင်မယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ဗဟိုအဖွဲ့ ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
     
    မွန်ပြည်သစ်ပါတီမှ အမျိုးသားကျောင်းအတွက် ထောက်ပံ့ငွေမှာ နည်းပါးသည့်အတွက် အချို့ကျောင်းများတွင် ကျောင်းသားမိဘများထံမှ ထပ်မံကောက်ခံရသကဲ့သို့ အချို့ကျောင်းများတွင် ရဟန်းသံဃာတော်များ၏ ထောက်ပံ့မှုကို ရယူနေရသည်။
     
    “မွန်ပြည်သစ်က ချမှတ်ထားတဲ့ မူအတိုင်းပဲ သင်ကြားတဲ့ ကိုယ်ပိုင် ဘာသာရပ်နဲ့ ကိုယ်ပိုင်ကျောင်း သီးသန့် ဖြစ်ချင်တယ်၊ တကယ်လို့ ကျနော်တို့ အစိုးရ စာသင်ကျောင်းမှာ သင်ရင်တော့ ကလေးတွေက မွန်စာ တတ်ရုံလောက်ပဲ ရမယ်။ သမိုင်းတွေနဲ့ အမျိုးသား စိတ်ဓါတ် ရှင်သန်ရေးတွေမှာတော့ မှေးမှိန်သွားမယ်၊ ဒါ့ကြောင့် သီးသန့်ကျောင်းပဲ ကျနော်တို့ ဖြစ်ချင်တယ်” ဟု မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်မှ ပြည်တွင်း အတွင်းရေးမှူး နိုင်ဒုက္ခမွန် က ပြောသည်။
     
    အလှူရှင်များက ပညာရေး အထောက်အပံ့ကို ဖြတ်တောက်ခဲ့ပါက မွန်အမျိုးသား ပညာရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နိုင်ဖွယ် ရှိသည့်အတွက် ပညာရေး အကျိုးဆောင်အဖွဲ့ ရေရှည်တည်တံ့နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts