မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ပြည်ထောင်စု အစိုးရအဖွဲ့အုပ်ချုပ်ရေး

ပြည်ထောင်စု အစိုးရအဖွဲ့အုပ်ချုပ်ရေး

ရေးသားသူ:

ဦးမျိုး(ဥပဒေ) – ဤအခန်းတွင် ပုဒ်မ- ၁၉၉ မှ ပုဒ်မ -၂၉၂ အထိ ပါရှိသည်။ နအဖ ဥပဒေအမှတ် -၁၅/၂၀၁၀ ဖြစ်သော ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တို ဘာလ ၂၁ ရက်နေ့ကပင် ပြဋ္ဌာန်းထားသည်။

သမ္မတကြီး ဦးသိန်းစိန်(Internet)

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ရ ၊ ပြည်ထောင်စုအစိုးရ၊ ပုဒ်မ -၁၁၄ တွင်” ပြည်ထောင်စု နိုင်ငံ အစိုးရအဖွဲ့ကို ပုဒ်မ -၅၆ အရ ခန့်ထားသော ၀န်ကြီးချုပ်နှင့် ၀န်ကြီးများဖြင့် ဖွဲ့စည်းရမည်။ ”ဟုပါရှိသည်။ ပုဒ်မ -၅၆(၁) တွင်” နိုင်ငံ တော် သမ္မတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသော ပုဂ္ဂိုလ်အား ၀န်ကြီး ချုပ်ခန့်ထားရမည်။ ထိုဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြီးအမှုးဖြစ်ရမည်။”ဟုလည်းပြဋ္ဌာန်းထားသည်ကိုတွေ့ရှိရပါသည်။

ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၉(က) တွင် ”နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။”ဟုဖော်ပြပါရှိသည်။ သမ္မတ အုပ်ချုပ်ရေးစနစ် ဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ပြည်ထောင်စု ၀န်ကြီးချုပ်ကို ဤ ၂၀၀၈ အခြေခံဥပဒေ တွင် ဖော်ပြထားသည်ကို လုံးဝမတွေ့ရှိရပါ။ ပုဒ်မ -၂၀၀ (ဂ) တွင်” ပြည်ထောင်စု ၀န်ကြီးများ။”ဟုဖော်ပြထားသော ၀န်ကြီးများကို ကြီးကြပ်ကွပ်ကဲရန် ပြည်ထောင်စု ၀န်ကြီးချုပ်က မလိုအပ်တော့ပြီလော။ လက်တွေ့အကောင်အထည်ဖော်နေရသော ၀န်ကြီးဌာနအားလုံးကို သမ္မတနှင့် ဒုသမ္မတ နှစ်ဦးတည်းက အကွက်စိအောင် ကြီးကြပ်ကွပ်ကဲ နိုင်ပါမည်လော။

သမ္မတစနစ်ကို အကောင်အထည်ဖော်ရုံမျှဖြင့် ၀န်ကြီးချုပ် လုံးဝမထားရှိခြင်းမှာ တိုင်းပြည်၏ ကွက်လပ်ကြီးတခုအဖြစ် အုပ်ချုပ်ရေးစနစ်ကို အားနည်းစေပြီး လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှုများကို အားပေးအားမြှောက်ပြုရန် လမ်းဖွင့်ပေးထားသလို ဖြစ်နေပါသည်။ သမ္မတသည် ဥပဒေပြု အာဏာကိုရော အုပ်ချုပ်မှုအာဏာကိုပါ နှစ်ကြိုး သုံးကြိုးကိုင် စနစ်ကိုကျင့်သုံးနိုင်ရန် ဤကဲ့သို့ ပြဋ္ဌာန်းထားကြောင်းတွေ့ရှိရပါသည်။

ပုဒ်မ – ၂၁၆ တွင်” ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စု လွတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။”ဟု ဖော်ပြချက်မှာ ဥပဒေပြုအာဏာကိုပင် အုပ်ချုပ်ရေးအာဏာက လွှမ်းမိုးထားသည်ကို ထင်ဟပ်စေသည့် ပြဋ္ဌာန်းချက်ဖြစ်နေပါသည်။ ပြည်ထောင်စု လွှတ်တော်၏အထက်တွင် ပြည်ထောင်စုအစိုးရကိုထားရှိခွင့်ပေးထားခြင်းမှာ နိုင်ငံအတွက် ကြီးမားသည့် အန္တရာယ်ကိုသာ ဖြစ်ပေါ် စေနိုင်ပါသည်။ ထိုသို့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၊ နိုင်ငံတကာ သင်ခန်းစာများကို လေ့လာအတုယူပြီး ဤကိစ္စကို လုံးဝပြင်ဆင် သင့်ပါသည်။စစ်ဗျူရိုကရေစီအုပ်ချုပ်ရေးက ပြဋ္ဌာန်းခိုင်းသည့် ဥပဒေများကို ပြည်ထောင်စု လွှတ်တော်ကြီးက လိုက်နာ၍ ပြဋ္ဌာန်းနေရ သည်ကို ထွက်ပေါ်လာသည့် လောလောဆယ်ဥပဒေများကို ကြည့်ရှုလေ့လာ ခြင်းအားဖြင့် တွေ့မြင်ရမည်ဖြစ်ပါသည်။

မြန်မာအစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပုံ(Internet)

ပုဒ်မ – ၂၀၁ တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အဖွဲ့ဝင် (၁၁) ဦးဖြင့်ဖွဲ့စည်းထားသည်။ ၁၁ ဦးတွင် တစ်ဦးတည်းသာ အရပ်သားဖြစ်နေသည်ကို အထင်အရှားတွေ့ရှိနေရပါသဖြင့် စစ်ဗျူရိုကရက် လုံခြုံရေးကောင်စီကသာ တိုင်းပြည်ကို အုပ်ချုပ်နေကြောင်း ငြင်းကွယ်၍မရတော့ပါ။

ထို့အပြင် ပုဒ်မ ၂၀၁အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီကို ဖွဲ့စည်းထားသော အဖွဲ့ဝင်(၁၁)ဦးအနက် ဒုသမ္မတ တဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည့် ၆ ဦးတို့မှာ တပ်မတော်မှ ဖြစ်ကြရမည်ဟု ပြဌာန်း ထားပြီး ဖြစ်ပါသည်။ထို ပြဋ္ဌာန်းချက်အရ ၁၁ ဦးတွင် တပ်မတော်က ၆ ဦး အပိုင်ယူထားပြီ ဖြစ်နေရာ အများစုမဲ ဖြစ်နေသည့်အတွက် သမ္မတသည် အရပ်သားဖြစ်သည့်တိုင် စစ်အုပ်စုအလိုမကျပါက ဘာတခုမျှဆောင်ရွက်နိုင်စွမ်းရှိတော့မည် မဟုတ်ပါ။

ဤအချက်များအရ အရပ်သားအစိုးရတရပ်ကို မည်သို့ထူထောင်ပါမည်နည်း။ အရပ်သား ပြည်သူ့အစိုးရ တရပ်ကို ဖွဲ့စည်းတည်ထောင်လိုသည့် ဆန္ဒသဘောထား ဖော်ပြချက် တချက်တလေမျှ ပါမလာသည်ကိုသာ တွေ့မြင်သုံးသပ်ရပါသည်။ နိဒါန်း ဖော်ပြချက်ပါ ”နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသား ပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေး”ဆိုသည့် မူနှင့် လုံးဝဆန့်ကျင်နေပါသည်။ ပြည်သူအများ ငြိမ်းချမ်းသာယာ ၀ပြောရေးဖြစ်သည့် ပြည်သူ့အုပ်ချုပ်ရေးမူကို ဆန့်ကျင်ထားသော စစ်ဗျူရိုကရက်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်မည့် မည်သည့် ပုဒ်မကို မဆိုပယ်ဖျက်သင့်ပါသည်။

ပုဒ်မ – ၂၁၅ တွင်” နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင် ရွက်နေသည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော် မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာ တွင် ဤကဲ့သို့ တာဝန်မရှိခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်း ချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။”ဟု ဖော်ပြထားချက်သည် နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို ဗြောင်စိန်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ တရားဥပဒေ၏ အထက်တွင်မည်သူမျှ မရှိစေရဟုဆိုသော်ငြားလည်း သမ္မတရှိနေသည်ကို ဤပုဒ်မက ငြင်းပယ်ဆန့်ကျင် ထားသဖြင့် ပြင်ဆင်ပြဋ္ဌာန်းရမည့် ပုဒ်မစာရင်းတွင်ထည့်သွင်းသင့်ပါသည်။

ပြည်ထောင်စု ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ပုဒ်မ ၂၃၂ (ခ) (၁) တွင် ”လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲကဖြစ်စေ ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်။” ဟုပါရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူလည်း ပြည်ထောင်စု ၀န်ကြီး ဖြစ်နိုင်ပါသည်။ ပြည်သူ့ကိုယ်စားပြုမှုမရရှိသည့် မည်သူ့ကိုမဆို ပြည်ထောင်စုအဆင့်တွင် တာဝန် ပေးအပ်ရန် မသင့်တော်ပါ။ သမ္မတက လက်သင့်ရာ စားတော်ခေါ်နိုင်သည့် အာဏာရရှိ ထားခြင်းမှာ ဒီမိုကရေစီမူနှင့် ဆန့်ကျင်နေပါသည်။ ထိုပြင် ပုဒ်မ ၂၃၂ (ည) (၁) တွင် ”ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တည်ဆဲ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့် အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။” ဟုပါရှိသော်လည်း

ပုဒ်မ ၂၃၂ (ည) (၂) တွင် ” ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ထားခြင်းခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို”ဟု ပြဋ္ဌာန်းထားချက်မှာ ၀န်ထမ်း နှင့် တပ်မတော်သား ကို အကျိုးခံစားခွင့်ခွဲခြားလိုက်ခြင်း သက်သက်ဖြစ်နေပါသည်။ စကားရပ်များအရလည်း တပ်မတော်သားသည် ၀န်ထမ်းဖြစ်ကြောင်း ပြဆိုထားပြီးဖြစ်သဖြင့် ပုဒ်မ ၂၃၂(ည) (၁) နှင့်ညီညွတ်စေရန် ဤပုဒ်မ ၂၃၂ (ည) (၂) ကို လုံးဝပယ်ဖျက်သင့်ပါသည်။

တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာကို ဖေါ်ပြသည့် ပုဒ်မ ၂၄၉ တွင်”ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက်ပျံ့နှ့ံသည်။ ထို့ပြင် ပြည်ထောင်စု ဥပဒေ တရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။” ဟုဖော်ပြထားသည်မှာ အစိုးရ၏ အုပ်ချုပ်မှုအာဏာက တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်၏ ဥပဒေပြုနိုင်သောကိစ္စရပ်များပေါ် လွှမ်းမိုးထားကြောင်းတွေ့ရသည်။ ပုဒ်မ ၂၁၆ ကဲ့သို့ ပြည်ထောင်စုမှာအတိုင်း ဖြစ်နေပါသည်။ ဤနေရာတွင် ပြည်ထောင်စု ဖွဲ့စည်းပုံ အရသာ ဖွဲ့စည်းမည်ဆိုပါက ပြည်နယ်လွှတ်တော်ဥပဒေပြုရေးအာဏာအထက်တွင် ပြည်နယ်အစိုးရ လုံးဝမရှိရပါ။ ဥပဒေပြုလွတ်တော် ကပြဋ္ဌာန်းလိုက်သည့် ဥပဒေကိုသာ အစိုးရက လိုက်နာကျင့်သုံးရပါမည်။ ထို့ကြောင့် ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်လိုအပ်ပါသဖြင့် ဤပုဒ်မအားလည်းဖျက်သိမ်းပြီး ပြည်ထောင်စုပီပြင်သည့် ပြည်နယ်ဥပဒေပြုလွှတ်တော်များ ကိုတည်ဆောက် နိုင်မည့် ပုဒ်မများကိုသာ ထည့်သွင်းပြဋ္ဌာန်းသင့်ပါသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း ဆိုင်ရာ ပုဒ်မ ၂၆၁ (ဂ) တွင်” နိုင်ငံတော် သမ္မတ သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။”ဟုဖော်ပြထားသည်။ ပုဒ်မ ၂၄၇ (က)တွင် ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အုပ်ချုပ်ရေးအကြီးအမှူးးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ဟု ခေါ်ဝေါ် ရမည်။” ဟုသာဖော်ပြပါသည်။ ပြည်ထောင်စုမှာကဲ့သို့ သမ္မတဟု ခေါ်ဝေါ်ရမည်ဟု မဖော်ပြသော်လည်း ”အကြီးအမှူး သို့မဟုတ် အကြီးအကဲ” ဟုဖော်ပြသင့်ပါသည်။ ပြည်ထောင်စု မပီသမှုတချက်ကို တွေ့ရှိရပါသည်။ လက်ရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၀န်ကြီးချုပ်များသည် မိမိတိုင်းဒေသကြီးနှင့် မိမိပြည်နယ်မှ ရွေးချယ်ထားခြင်းခံရသည့် ပုဂ္ဂိုလ်များမဟုတ်သည်များကို ကြည့်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ ပြည်သူလူထု၏ ရွေးချယ်ခန့်ထားသည့်ပုဂ္ဂိုလ်များမဟုတ်ဘဲ ခန့်အပ်အုပ်ချုပ်သည့် ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တယား ဖြစ်ကြောင်း ပီပြင်စွာတွေ့ရှိရပါသည်။ ပြည်သူ့အုပ်ချုပ်ရေးနှင့် ဝေလာဝေးပြီး တလွဲတချော်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် အခြေအနေကို ရောက်ရှိနေသည့်အတွက် အုပ်ချုပ်ရေး ယန္တယား တစုံလုံးကို အသစ်ပြင်ဆင် ပြဋ္ဌာန်း သင့်ပါသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးဆိုင်ရာ ပုဒ်မ- ၂၆၀ တွင်” တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအမှူး သည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။” ဟုလည်းကောင်း၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေး ဆိုင်ရာပုဒ်မ- ၂၈၈ တွင်” ခရိုင်အဆင့် နှင့် မြို့နယ်အဆင့်၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်။”ဟု လည်းကောင်း ဖော်ပြထားသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက ကိုလိုနီအုပ်ချုပ်ရေး ယန္တယားဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည့် ပုံသဏ္ဌာန်နှင့် ဘာများကွာခြားပါသနည်း။ ပါလီမန်ခေတ်၊ မ ဆ လ ခေတ်နှင့် ဘာများကွာခြားပါသနည်း။

ဆန်းစစ်ကြည့် လိုက်လျှင် မျောက်လောင်း မျောက်လောင်းပင် အတူတူနှင့် အနူနူ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ဗျူရိုကရေစီ အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီအုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းချင်သည်ဆိုလျှင် ယန္တယားတစုံလုံးကို ပြောင်းလဲပစ်ရန် လိုပါသည်။ ပြည်သူ့အတွက် ပြည်သူတွေကိုယ်တိုင် အုပ်ချုပ်သည့် ပြည်သူ့ဒီမိုကရေစီအုပ်ချုပ်ရေးသို့ မုချ ပြောင်းလဲပစ်ရမည့် ခေတ်ရောက်နေပါသဖြင့် ဤပုဒ်မ အားလုံးကို ပြန်လည်ပြုပြင် ပြဋ္ဌာန်းသင့်ပါသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး နှင့်စပ်ဆိုင်သည့်ပုဒ်မ ၂၈၉ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ ကို ပြဋ္ဌာန်းသကဲ့သို့ မြို့နယ်၊ ခရိုင် ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေး ဥပဒေများ ကို ပြဋ္ဌာန်းလာနိုင်လျှင် တနည်းတဖုံ ပြောင်းလဲလာနိုင်ပါသည်။ ပြည်သူ့ အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်သည့် ဥပဒေများကို ပြည်ထောင်စုလွှတ်တော် စစ်စစ်ကသာလျှင် ဖော်ဆောင်နိုင်မှာ ဖြစ်ပါလိမ့်မည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ် ခန့်အပ်တာဝန်ပေးခြင်း ဆိုင်ရာ ပုဒ်မ ၂၆၆ (ခ) တွင်” နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။”ဟု ပြဋ္ဌာန်းထားချက်ကိုတွေ့ရပါသည်။ ပုဒ်မ ၂၆၆ (က)အရ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ-ဟုလည်းကောင်း ပုဒ်မ ၂၆၆(က)(၂) အရ အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူဟုလည်း ကောင်း ဖော်ပြထားပါသည်။

ပုဒ်မ ၁၂၀ (ဂ) တွင်”ပြည်သူ့လွတ်တော် ကို်ယ်စားလှယ် အဖြစ်ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ။ (ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်း နှင့်ပြည့်စုံသူ။ ဟု အထင်းအရှား ပြဋ္ဌာန်းထားချက်နှင့် ပုဒ်မ ၂၆၆(က) အရ လွှတ်တော် ကိုယ်စား လှယ်မဟုတ်သူများထဲက ဟု ဖော်ပြချက်တို့သည် ဆန့်ကျင်ကွဲလွဲလျှက် ရှိပါသည်။

လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် ခန့်အပ်ထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဥပဒေချုပ်အားလုံးမှာ ၀န်ထမ်း များဖြစ်ကြောင်းတွေ့ရှိရပါသည်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားခြင်းမရှိသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များနည်းတူ တူညီခန့်အပ်ထားခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ တရားခွင်တွင်သာ အမှုလိုက်ပါဆောင်ရွက်နေရသည့် တိုင်းဒေသကြီး နှင့်ပြည်နယ်အဆင့်ရှိ ဥပဒေဝန်ထမ်း အဆင့်(၁) သို့မဟုတ် (၂) တို့အနေဖြင့် ၀န်ထမ်းသက်သက်သာ ထမ်းဆောင်ဖူးသူ များဖြစ်ပါသည်။ ပြည်သူရေးရာ ကျွမ်းကျင်သူ၊ ပြည်သူ့ကိုယ်စားလှယ်များမဟုတ်သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်များလောက် ပြည်သူကို ကိုယ်စားပြုနိုင်လိမ့်မည်မဟုတ်ပါ။ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်များဖြစ်မှသာ ပြည်သူ့လွှတ်တော်တွင် ပြည်သူကို ကိုယ်စားပြုခွင့်ရှိပါသည်။ ဤသည်မှာ ဒီမိုကရေစီ မူဖြစ်ပါသည်။ ဒီမိုကရေစီပြောင်းပြန်ဖြင့် ခန့်အပ်တာဝန်ပေးသည့်စနစ်ကို ဖော်ဆောင်နေသည့် ယခုကဲ့သို့သော ပုဒ်မအားလုံးကို ပြန်လည်ပြင်ဆင်ရေးဆွဲသင့်ပါသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ရှိ လွှတ်တော်များ၏ ဥပဒေပြုမှုအခန်းကဏ္ဍကို မှေးမှိန်စေပါသည်။ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသား အမျိုးသားပြည်သူများဆိုင်ရာ ဥပဒေပြုမှုများကို အလေးအနက်ထားရန် အထူးလိုအပ်ပါသဖြင့် ရှေးရေး အမြော်အမြင်ကောင်းကောင်းဖြင့် သဘောထားမှန်သင့်ပါသည်။

ထို့ကြောင့် ကောင်းမွန်သောအစိုးရတရပ်အား အကောင်အထည်ဖော်ဆောင်နိုင်မည့် အုပ်ချုပ်ရေးအခန်းကဏ္ဍကို အသစ်ပြန် လည်ပြဋ္ဌာန်းသင့်ပါသည်။ အနာဂတ်ပြည်ထောင်စုစစ်စစ်နှင့် ကောင်းမွန်သောအစိုးရတရပ်ပေါ်ပေါက်ရေး လှုပ်ရှားမှုတိုင်းကို အားပေးမြှင့် တင်ပေးရပါလိမ့်မည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

%d bloggers like this: