spot_img
Saturday, April 20, 2024
More
    spot_img
    Homeဆောင်းပါးငြိမ်းချမ်းခြင်းနှင့် အတူ

    ငြိမ်းချမ်းခြင်းနှင့် အတူ

    -

    သူရိန် – ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အမှတ် ၃ ရပ်ကွက် KNU ဆက်ဆံရေးရုံးတည်ရှိရာ မျက်နှာစာအရှေ့တွင် ဘုရားသုံးဆူမြို့တွင်းရှိ တိုင်းရင်းသားပြည်သူများသာမက ဒေသအတွင်းမှ တိုင်းရင်းသားပြည်သူများ ဘိတ်ကြားထားသည့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ စုစုပေါင်းအင်အား ၄၀၀ ခန့်တို့ စုရုံးတက်ရောက်ကြသည်။

    ဘုရားသုံးဆူ Knu ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားမှာ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့ နှင့် Knu စစ်ဦးစီးချုပ် စောမူးတူးဆေးဖိုး အဖွဲ့ဖဲကြိုးဖြတ်နေစဉ်
    ကရင်မြန်မာလူမျိုးရေးပဋိပက္ခများနှင့် နိုင်ငံရေးပြဿနာအရပ်ရပ်တို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးသည့်အချိန်မှစ၍ အုပ်ချုပ်သူအစိုးရအဆက်ဆက်အား ၆၃ နှစ်နီးပါးကာလမျှကြာအောင် လက်နက်ကိုင်တွန်းလှန်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU ကရင်းအမျိုးသားလက်နက်ကိုင်တပ်မတော် KNLA တို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရအသစ်ဖြစ်လာသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့်လည်း ကရင်ပြည်နယ် ဒူးပလာယာခရိုင် တပ်မဟာ ၆ KNU ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားကို ပရိဿတ်များ စုရုံးရောက်ရှိနေကြသည်။

    အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခြင်း ပြည်ထောင်စုဝန်ကြီးဖြစ်သည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက အမှာစကားပြောကြားခြင်း KNU၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အမှာစကားပြောကြားခြင်း ဝန်ကြီးဦးအောင်မင်းနှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့က ရုံးဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း အခမ်းအနားပြီးဆုံးကြောင်း ကြေငြာခြင်းစသည့် အခမ်းအနားအစီအစဉ် ၅ ချက်နှင့် မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီတွင် KNU ရုံးဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့သည်။

    ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ယခုကဲ့သို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုများကို စစ်အစိုးရလက်ထက်ကတည်းက လုပ်ဆောင်ခဲ့သော်လည်း စနစ်မမှန်သည့် နိုင်ငံရေးအခြေအနေများကြောင့် ငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းရေးပျက်ပြားမှုများရှိခဲ့ကြောင်း ယခုပြည်ထောင်စုသမ္မတအစိုးရလက်ထက်တွင် တိုင်းရင်းသားများ တန်းတူညီတူ အခွင့်အရေးများဖော်ဆောင်နိုင်သည့် စနစ်ကြောင့် ငြိမ်းချမ်းရေးအစ်အမှန်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းကို ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ပြောကြားသွားခဲ့သည်။

    ပြည်ထောင်စုဝန်ကြီးက ဆက်လက်၍ ပြောဆိုရာတွင် တိုင်းပြည်တိုးတက်နိုင်ရန်အတွက် စီးပွားရေးသည် အဓိကကျကြောင်း တိုင်းပြည်ငြိမ်းချမ်းမှုရှိမှသာလျှင် စီးပွားရေးကဏ္ဍကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းနှင့် နယ်စပ်ဒေသ ပြည်ပစီးပွားရေးလုပ်ငန်းများ ချောမွေ့လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်ရန်အတွက် လမ်းပမ်းဆက်သွယ်ရေးကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုပြေးဆွဲနေသော ဘုရားသုံးဆူ သံဖြူဇရပ်ကားလမ်းသည် ဒုတိယကမ္ဘာစစ်ကာလက သေမင်းတမာန်ရထားလမ်းဖြစ်ခြင်းကြောင်း ၄င်းကားလမ်းကို ရထားလမ်းအဖြစ် ပြည်လည်အသုံးပြုသွားမည်ဖြစ်သည့်အပြင် ကားလမ်းကိုလည်း အစိုးရက အသစ်ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း ဘုရားသုံးဆူဒေသသည် မွန်၊ ကရင်အများစု နေထိုင်ရာဒေသဖြစ်ခြင်းကြောင့် နယ်စပ်စီးပွားရေးဇုံကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဝန်ကြီးဌာနများက ပူးတွဲ၍ လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးယှဉ်ပြိုင်မှုများကို ပြုလုပ်သွားရန်လိုကြောင်း နောက်ဆုံးအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား၍ ရာသက်ပန် ထိန်းသိမ်းသွားရန်လိုကြောင်း ပြောကြားသွားခဲ့သည်။

    KNU၊ KNLA စ်စဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကလည်း ယခုကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ခြင်းကို ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ကရင်၊ မြန်မာ မုန်းတီးရေးဝါဒသည် ဒုတိယကမ္ဘာစစ်ကစပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တစ်နှစ်အကြာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဖျာပုံဒေသတွင် ကရင်မြန်မာလူသတ်ပွဲများ၏ အနိဋ္ဌာရုံများ လူမျိုးရေးပဋိပက္ခများ နိုင်ငံရေးပြဿနာများကြောင်း လက်နက်ကိုင်တိုက်ပွဲကို ၆၃ နှစ်တာကာလနီးပါးကြာအောင် ဆင်နွှဲလာခဲ့ရကြောင်း စစ်အစိုးရလက်ထက်မှ ပြည်ထောင်စုအစိုးရတက်လာသည့် ၂၀၁၀ နောက်ပိုင်းတွင် နိုင်ငံရေးပြဿနာများကို စစ်မြေပြင်တွင် လက်နက်ကိုင်၍ ဖြေရှင်းနေခြင်းမှာ မှန်ကန်သည့်နည်းလမ်းမဟုတ်သည်ကို သုံးသပ်မိခြင်းကြောင့် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်တိုးတက်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးကို လိမ်ညာမှုမပါဘဲ အစဉ်ထာဝရ ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့သည်။

    KNU တပ်မဟာ ၆ နယ်မြေ၏ ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာကြသည့် ဧည့်ပရိဿတ်များလည်း ပုဂ္ဂိုလ်ကြီး နှစ်ဦး၏ပြောကြားချက်များကို ဝမ်းမြောက် ဝမ်းသာ အားပေးခဲ့ကြသည်။ ကရင်အမျိုးသားတစ်ဦးက “ကျနော်တို့ ဒီလိုအခြေအနေမျိုးကို မျှော်လင့်နေတာကြာပြီး ဒီလိုငြိမ်းချမ်းရေးကို မြင်ရမယ်ဆိုတာ တစ်ခါမှ မစဉ်းစားမိဘူး ကျနော်တို့ ဗိုလ်ချုပ် ပြောသွားသလိုဘဲ ငြိမ်းချမ်းရေးကို မလိမ်ညာဘဲ ထိန်းသိမ်းသွားမယ်ဆိုရင်တော့ ပြည်သူတွေ စိတ်ချမ်းသားမှာ အမှန်ဘဲ” ဟု ပြောသည်။

    ပြည်တွင်းနှင့်နယ်စပ်ကို ကုန်သွယ်နေသည့် ကုန်သည်တစ်ဦးကလည်း “လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး ယူလိုက်တာကတော့ ကောင်းပေမဲ့ ကုန်သည်တွေအတွက်ကတော့ အရင်ကထက်ပိုပြီး အခွန်းအကောက်ပေးရတာများလာမယ် ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေရဲ့ အကောက်အခွန်ဂိတ်တွေ အစိုးရအဖွဲ့အစည်း ဌာနဆိုင်ရာဂိတ်တွေဟာ ဒီဘုရားသုံးဆူနယ်စပ်မှာ မှိုလိုပေါက်နေတယ် ချောင်းဆုံနဲ့ ဘူရားသုံးဆူလောက်ကိုဘဲ ဆယ်ဘီးကုန်ကားတစ်စီးဆိုရင် အကောက်ပေးရတာ သက်သက် မြန်မာငွေ နှစ်သိန်း (၂၀၀၀၀၀) လောက်ကုန်တယ် ဟိန်းဟောက်တာလည်း ခံရသေးတယ်” ဟု ဆိုပါသည်။

    KNU ဆက်ဆံရေးရုံးသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အစိုးရဌနာဆိုင်ရာ အရာရှိကြီးများ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်သည့်အကျိုးတော်ဆောင်အဖွဲ့များသာမက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းနှင့်အတူး ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့များ ကျန်းမာရေးဆိုင်ရာ ဆရာဝန်ကြီးများ ပါရဂူများတို့သည်လည်း မေလ ၁၄ ရက်နေ့ ညပိုင်းတွင် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာကြသည်။

    KNU ဆက်ဆံရေးရုံးဖွင့်ပွဲ ပြီးမြောက်ပြီးနောက် ၄င်းမေလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘုရားသုံးဆူမြို့ မြို့နယ်ခန်းမတွင် ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ နိုင်ငံရေးပါတီများ စီးပွားရေးလုပ်ငန်းရှင်များ ရပ်မိရပ်ဖများနှင်း ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၄င်းတွေ့ဆုံပွဲတွင် ဘုရားသုံးဆူဒေသ၏ စီးပွားရေးကဏ္႑များ စိုက်ပျိုးရေးကဏ္႑များနှင့် လူမှုရေးကဏ္႑များ လမ်းပမ်းဆက်သွယ်ရေးကဏ္႑များကို စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်မိရပ်ဖများက ဆွေးနွေးတင်ပြသည်။များကို ကရင်ပြည်နယ်ဝန်ကြီးအဖွဲ့က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမည်ဟု ဂတိပေးသွားခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတစ်ဦးက ဆိုပါသည်။

    ကျန်းမာရေးဌာနဆိုင်ရာများဖြစ်သည့် မျက်စိ နား နှာခေါင်း လည်ချောင်း အရိုးအကျောနှင့်အရေပြား ငှက်ဖျား မီးယပ်နှင့်သားဖွားစသည့် ဆရာဝန်ကြီးများ ပါရဂူများကလည်း မေလ ၁၅ ရက်နေ့တွင်ပင် ဘုရားသုံးဆူမြို့ မြို့နယ်ဆေးရုံကြီးတွင် ဒေသခံ စမ်းသပ်လူနာ ၉၀၀ ကျော်တို့အား အခမဲ့စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ရာ ဘုရားသုံးဆူဒေသတွင် တစ်ခါမှ မခံစားခဲ့ရဘူးသော ငြိမ်းချမ်းရေး၏ အရသာကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်ကြောင်း မျက်စိအစမ်းသပ်ခံ လူနာတစ်ဦးက ပြောပါသည်။

    ပြည်ထောင်စုအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ခတ်ရပ်စဲကာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့သော်လည်း ငြိမ်းချမ်းခြင်း၏အရသာကို အပြည့်အဝ ခံစားနိုင်မည်မဟုတ်သေးကြောင်း ဘုရာသုံးဆူမြို့ခံ လူငယ်တစ်ဦးက ဆိုပါသည်။ ၄င်းက “အခုငြိမ်းချမ်းရေးလို့ပြောနေကြတာက အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြားက အပစ်ခတ်ရပ်စဲထားတာလောက်ဘဲရှိသေးတယ်၊ ကျနော်တို့လို ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ နိုင်ထက်စီးနင်းပြုကျင့်မှုတွေကို ကာကွယ်မပေးနိုင်သေးသရွေ့တော့ ငြိမ်းချမ်းတယ်လို့ မဆိုနိုင်ဘူး ဘုရားသုံးဆူဒေသမှာဘဲကြည့် အစိုးရအဖွဲ့အစည်းတွေရော ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရော နည်းမျိုးစုံနဲ့ အရပ်သားတွေကို အနိုင်ကျင့်နေတာဘဲ” ဟု ပြောသည်။

    နိုင်ငံတော်အစိုးရ၏ မနေ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုများသည် မည်သို့ပင်ဆိုစေကာမူ ငြိမ်းချမ်းခြင်း၏ ပုံရိပ်ကို အနည်းငယ် မြင်တွေ့နေရပြီးဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရယူခြင်းအားဖြင့် ယခင်ကာလများကဲ့သို့ စစ်ပွဲ၏ အနိဋ္ဌာရုံများ စစ်ပွဲ၏ဘေးဒဏ်များကို ပြည်သူများက မြေဇာပင်အဖြစ်မှ လွတ်မြောက်နိုင်ခဲ့ပြီးဖြစ်သလို ကုန်စည်ကူးသန်းရောင်းဝယ်မှု ခရီးသွားမှုများတွင်လည်း စိုးရိမ်ထိန့်လန့်မှုများ ကင်းမဲ့စွာနှင့် ရောင်းဝယ်ဖောက်ကားသွားလာနိုင်တော့မည်ဖြစ်သည်။

    ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောစကားများအရ ငြိမ်းချမ်းမှုရှိမှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သော်လည်း နှစ်ပေါင်းများစွာကတည်းက အရိုးစွဲလာခဲ့သော ခြစားမှုများ အကျင့်ပျက်ဝန်းထမ်းများ လူ့အခွင့်အရေးချိုးဖောက်မှုများ အနိုင်ကျင့်မှုများ ရှိနေသရွေ့ကာလပတ်လုံး ငြိမ်းချမ်းမှုကို အပြည့်အဝ ဖော်ဆောင်နိုင်မည်မဟုတ်သလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်လည်း လွယ်ကူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တစ်ကယ် လိုလားသည်ဆိုပါက ဖော်ပြခဲ့ပြီးသော ခြစားမှုများ အကျင့်ပျက်ဝန်ထမ်းများ လူ့အခွင့်အရေးချိုးဖောက်မှုများ အနိုင်ကျင့်စော်ကားမှုများကို အမြန်ဆုံးပပျောက်အောင် ဆောင်ရွက်နိုင်မှသာလျှင် စစ်မှန်သော “ငြိမ်းချမ်းခြင်းနှင့် အတူ” တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts