မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုရေး

ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုရေး

ရေးသားသူ:

ဦးမျိုး(ဥပဒေ) – လွှတ်တော် နှစ်ရပ်စနစ်ကိုကျင့်သုံးထားကြောင်းတွေ့ရပေသည်။ ပုဒ်မ ရ၄ အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပြည်ထောင်စု လွှတ်တော်တွင် ပါ၀င်ကြောင်းတွေ့ရသည်။ ရ၄ (က) နှင့် ရ၄ (ခ) တွင် ပုဒ်မ ၁၀၉ နှင့်ပုဒ်မ ၁၄၁ ပါ ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၆၆ ဦးရှိသည်ကို တွေ့ရသည်။ ဤသည် မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အထူးခြားဆုံးဖွဲ့စည်းပုံ ဖြစ်သွားစေပါသည်။ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြု အာဏာကို ကျင့်သုံးသည့် လွှတ်တော်ဖြစ်ပါသည်။ ဥပဒေပြုသူထဲတွင် တပ်မတော်သားများကို အမည်စာရင်းတင်သွင်း၍ ခန့်အပ်ထား ခြင်းမှာ ဒီမိုကရေစီ ရွေးချယ်ရေးမူကို ဆန့်ကျင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

နိုင်ငံတော်အခြေခံမူ ဖြစ်သည့် ပုဒ်မ ၂၁ (က) ပါ “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေး တို့ခံစားခွင့် ရှိသည်။” ဟု ပြဋ္ဌာန်း ထားချက်အရ နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည့် အခွင့်အရေးများကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးက လုယက်ယူထားသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့ရှိရပါသည်။ အခြေခံမူနှင့် ဆန့်ကျင်သည့် ပုဒ်မတိုင်းကို ပယ်ဖျက်ပစ်ရပါမည်။ ထို့ပြင် နိုင််ငံသားများ၏ မူလအခွင့်အရေးကိုပြဋ္ဌာန်းထားသည့် ပုဒ်မ – ၃၄၇ ပါ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။” ဟုလည်း ပြဋ္ဌာန်းထားချက်ကိုပါ ဆန့်ကျင်နေပါသည်။ လူသားလူ့အခွင့်အရေးဆိုင််ရာ တန်းတူညီမျှမှုကို လေးစားလိုက်နာသင့်ပါသဖြင့် ပုဒ်မ ၁၀၉ နှင့်ပုဒ်မ ၁၄၁ တို့ သည် လုံးဝပယ်ဖျက်ပစ်ရမည့် ပုဒ်မ စာရင်းတွင် ထိပ်ဆုံးမှာထားသင့်ပါသည်။

တဆက်တည်း ဖော်ပြလိုသည်မှာ အထက်ပုဒ်မ ၂၁ (က) ပါအခြေခံမူကို ဖောက်ဖျက်ပြဋ္ဌာန်းသည့် နောက်ထပ်ပုဒ်မတခုမှာ ပုဒ်မ ၁၂၁ (ည) ပါ “အောက်ပါပုဂ္ဂိုလ်များ သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ပိုင်ခွင့် မရှိစေရ –
(ည) နိုင်ငံ့ ၀န်ထမ်း၊
ခြွင်းချက်။ ။ ယင်းစကားရပ်သည် – ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော်သားများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် မသက်ဆိုင်စေရ။” – ဟုပြဋ္ဌာန်းချက် ဖြစ်သည်။ ခြွင်းချက်စကားရပ်သည် အခြေခံမူကို ချိုးဖောက်၍ မရပါ။ ဤပုဒ်မသည် နိုင်ငံ့ဝန်ထမ်းများကို ခွဲခြားလိုက်သည့် ဥပဒေပုဒ်မလည်း ဖြစ်နေ ပါသည်။ ပြစ်မှုဆိုင်ရာဥပဒေအရ ပြဋ္ဌာန်းချက်တွင်လည်း တပ်မတော်သားများမှာ နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်းနှင့် စကားရပ်များ အဓိပ္ပါယ် ဖွင့်ဆိုချက် ဥပဒေအရလည်း ထောက်ခံထားပြီးဖြစ်ပါသည်။ ထို့ကြောင့် ဤပုဒ်မကိုလည်း မလွှဲမသွေ ဖျက်သိမ်းပစ်ရပါမည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ ၁၆၁ (ဃ) တွင် “ပုဒ်မခွဲ (က) နှင့် (ခ) သို့မဟုတ် ပုဒ်မခွဲ (က) နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ” ဟု ဖော်ပြထားပါသဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအထိ လွှတ်တော် များတွင် ၂၅ ရာခိုင်နှုန်းထက်များသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အမည်စာရင်းတင် ခန့်အပ်ထားသည့် ပုဒ်မများကိုလည်း တဆက်တည်း ပယ်ဖျက်ပစ်သင့်ပါသည်။ အခြေခံမူ ပုဒ်မ ၂၁ (က) ကိုချိုးဖောက်ထား၍ဖြစ်ပါသည်။

ဥပဒေပြုသည့် ပြည်ထောင်စုလွှတ်တော်အတွင်း၌ လွတ်လပ်မှုအတိုင်းအတာ ကင်းမဲ့နေသည်ကို ပုဒ်မ ၉၂ (က) တွင် ဖော်ပြထားသည်ကို အောက်ပါအတိုင်းတွေ့ရသည်။

“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်ကောင်း၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီတို့တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ထိုသို့ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်ပူးပေါင်းကော်မတီတို့တွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက် ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်း မပြုရ။” ဟု ပြဋ္ဌာန်းထားသည်မှာ မလွတ်လပ်မှုကို ဖော်ပြချက်တရပ်ဖြစ်နေပါသည်။

လွတ်လပ်စွာ ဆွေးနွေးခွင့်ကို လွှတ်တော်အတွင်း၌ပင် ပေးအပ်ထားခြင်း ကင်းမဲ့သွားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ မြောက်များစွာကို ပယ်ဖျက်ပစ်ရန်၊ ပြင်ဆင်ဖြည့်စွက်ရန် သုံးသပ်စစ်ဆေးရန် ဖြစ်နိုင်ပါဦးမည်လော မေးခွန်းထုတ်စရာဖြစ်လာပါသည်။ ထို့ကြောင့် ဤပုဒ်မကို လုံးဝပြင်ဆင် ပြဋ္ဌာန်းသင့်ပါသည်။ လူ့အခွင့်အရေး စံချိန်စံညွှန်းများကို ပြည်ထောင်စု လွှတ်တော်အတွင်း၌ပင် ချိုးဖောက်ခံနေရသည် ဆိုလျှင် လွတ်တော်ပြင်ပ၌ အထူးပြောစရာပင် ရှိတော့မည်မဟုတ်တော့ပါ။ ထို့ပြင် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုုင်ရာပုဒ်မ – ၃၅၄ (က) ပါ “မိမိ၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်” ရှိသည့်မူကို ဖောက်ဖျက်ဆန့်ကျင်ထားခြင်း ဖြစ်ပါသည်။

အထူးသတိထားရန်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ယခုလွှတ်တော်အသီးသီးတွင် တက်ရောက်နေသော နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် များအားလုံး ပါ၀င်ရေးဆွဲထားသော အခြေခံဥပဒေမဟုတ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်အသီးသီးထဲတွင် အခြေခံဥပဒေနှင့်ပတ်သက်၍ ဝေဖန်သုံးသပ် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာပြောဆိုပိုင်ခွင့် ပေးရပါမည်။ လွှတ်တော်တွင်း တိုက်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ရှိစေရပါမည်။ လွှတ်တော်တွင်း လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ချုပ်ချယ်ကန့်သတ်ထားခြင်းမျိုး လုံးဝ မရှိအပ်ပါ။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အနည်းငယ် နှိုင်းယှဉ် လေ့လာ သင့်ပါသည်။ ၄၇ အခြေခံဥပဒေပုဒ်မ ၆၅ တွင် “ဥပဒေပြုမှုအာဏာသည် ပါလီမန်တွင်တည်သည်။ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော်တို့ပါ၀င်သည်” ဟု ဖော်ပြသည်။ ပုဒ်မ ၈၃ တွင် “(၁) ပြည်သူ့လွှတ်တော်တွင် တရားဥပဒေဖြင့် သတ်မှတ်ထားသော မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ် အမတ်များပါ၀င်ရမည်။

(၂) ဤ လွှတ်တော်အမတ်ဦးရေသည် လူမျိုးစုလွှတ်တော် အမတ်ဦးရေ၏ နှစ်ဆနီးနီး ဖြစ်နိုင် သမျှ ဖြစ်စေရမည်။” ဟု သာ ဖော်ပြထားပါသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တဦးတပါဒမှ ပါ၀င်ခြင်းမရှိခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင် ပါသည်။ သမိုင်းအမြင်အသိရှိမှ အလိမ်အညာဘဝမှ လွတ်မြောက်နိုင်ပါမည်။ ပြည်သူ့ဘဝထွက်ရပ်လမ်းကို ညွှန်ပြနိုင်ရပါမည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းတို့ကို ပုဒ်မ – ၁၂၂ နှင့် ပုဒ်မ – ၁၅၃ တို့တွင် ဖော်ပြရာတွင် “ပြည်သူ့လွတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်း နှင့် ပြည့်စုံရမည်” ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် ဖော်ပြပါ အရည်အချင်းများကို စစ်ဆေးရန် လိုပါသည်။ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များ၏ အရည်အချင်းကို ပုဒ်မ – ၁၂၀ နှင့် ပုဒ်မ – ၁၅၂ တို့၌ဖော်ပြထားရာတွင် “ရွေးကောက်တင်မြှောက်ခြင်းခံသူ၊ ရွေးကောက် တင်မြှောက် ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူ” ဟုလည်းကောင်း၊ “ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ပိုင်ခွင့်ရှိသော အရည်အချင်းနှင့်ပြည့်စုံရမည်” ဟုလည်းကောင်း ဖေါ်ပြထားပါသည်။ တပ်မတော် သားကိုယ်စားလှယ်များကို ဖော်ပြချက်ပါ အရည်အချင်းဆန်းစစ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ စကား ရပ်ဖော်ပြပါ အဓိပ္ပါယ်များအရ လုံးဝကိုက်ညီခြင်း မရှိသည်ကို တွေ့ရှိရပါမည်။ အဓိက ရွေးကောက်ခံ ပုဂ္ဂိုလ်များ လုံးဝမဟုတ်ပါသဖြင့် ပုဒ်မ – ၁၂၂ နှင့် ပုဒ်မ – ၁၅၃ တို့ကိုပယ်ဖျက် ပစ်ရပါမည်။ အရည်အချင်းအနေဖြင့် ပြည့်စုံခြင်းမရှိသည့် ရွေးကောက်တင်မြှောက်ခံ မဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ် တပ်မတော်သား ၁၆၆ ကို ပါ တပါတည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်သင့် ပါသည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များတွင်လည်း ပုဒ်မ – ၁၆၁ (ဃ) အရ ရွေးကောက်တင် မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတစ်ပုံသော တပ်မတော်သားများသည်လည်း ပုဒ်မ – ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများနှင့် ညီညွတ်ခြင်း မရှိပါ။ ထို့ကြောင့် ပုဒ်မ – ၁၇၁ ကိုလည်း ပယ်ဖျက်သင့်ပါသည်။ ထည့်သွင်းထားသည့် သုံးပုံတစ်ပုံသော တပ်မတော်သားဦးရေကိုလည်း တဆက်တည်း ပယ်ဖျက်သင့်ပါသည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း လေးစားလိုက်နာသင့်ပါသည်။

ဥပဒေပြုခြင်း နှင့် ပတ်သက်၍ ကန့်သတ် ဥပဒေပြုအာဏာ၊ ကြွင်းကျန် ဥပဒေပြု အာဏာနှင့် ထပ်တူ ဥပဒေပြုအာဏာဟု နို်င်ငံတကာတွင် သတ်မှတ်ကြရာ၌ မြန်မာနိုင်ငံတွင် ထပ်တူ ဥပဒေပြု အာဏာကို ကျင့်သုံးထားခြင်း မရှိပါ။ ကန့်သတ် ဥပဒေပြု အာဏာကို ပြည်ထောင်စု လွှတ်တော်က ပုဒ်မ – ၉၆ ဖြင့် ဇယား (၁) တွင် ဖော်ပြထားသော ပြည်ထောင်စု ဥပဒေပြုစာရင်းပါ အတိုင်း ယူထားသည့်အပြင် ပုဒ်မ – ၉၈ တွင် “ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥပဒေပြု စာရင်းများတွင် ဖော်ပြမထားသော အခြားကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့် အာဏာကို ပြည်ထောင်စုလွှတ်တော်သို့အပ်နှင်းသည်။” ဟု ဖော်ပြထားသဖြင့် ကြွင်းကျန်ဥပဒေပြုအာဏာကို တိုင်းဒေသကြီးနှင့် ပြည် နယ်များသို့ ခွဲဝေပေးထားခြင်း မရှိဘဲ ပြည်ထောင်စု လွှတ်တော်က ရယူထားခြင်းမှာ မသင့်တော်ပါ။

အချို့ဥပဒေများကို ပြဋ္ဌာန်းရန်မသင့်တော်လျှင် ပြည်ထောင်စုနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ အတူတကွပါ၀င်သည့် ထပ်တူဥပဒေပြု အာဏာအနေဖြင့်သာ ခွဲဝေအပ်နှင်းသင့်ပါသည်။ထိုသို့အပ်နှင်းထားခြင်းမရှိသည့်အတွက် ပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ်တော်များဖွဲ့စည်းထားခြင်းမှာ အဓိပ္ပါယ်မရှိသလိုဖြစ်နေပါသည်။

“ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း (ပုဒ်မ – ၉၆ ကိုရည်ညွှန်းသည်)၊ ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း (ပုဒ်မ – ၁၈၈ ကိုရည်ညွှန်းသည်) နှင့် ဇယား (၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေ ပြုစာရင်း (ပုဒ်မ – ၁၉၆ ကိုရည်ညွှန်းသည်)” တို့ကို အသေးစိတ် နှိုင်းယှဉ် ကြည့်လျှင် ပြည်နယ်နှင့် တိုင်းတို့တွင် ထိုက်တန်သည့် ဥပဒေပြုအာဏာ အခွင့်အလမ်း မရှိသည်ကို တွေ့ရှိရပါသည်။ အမျိုးသားတန်းတူမှုကို ဖော်ဆောင်နိုင်မည့် ဥပဒေပြု အာဏာများ လုံးဝပေးမထားသည်ကို တွေ့ရပါသည်။ ထိုသို့ဆိုလျင် ပြည်ထောင်စုဟု မည်ကဲ့သို့ ခေါ်ဆိုနိုင်ပါမည်နည်း။

နိုင်ငံ၏ ကုန်လုပ်ဆက်ဆံရေး သမိုင်းအရ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများ၏ ပိုင်ဆိုင်မှု ၊ ခွဲဝေမှု ၊ လူမှုစီးပွား ဆက်ဆံ မှုများကို ၂၀၀၈ ဖွဲ့စည်းပုံ နိဒါန်း ဖော်ပြချက်ဖြစ်သော လူမျိုးရေးတန်းတူမှုုဖြင့် ဖော်ဆောင်နိုင်ရန် ဥပဒေပြုရေးကို အလေးထားရန် အထူးလိုအပ်ပါသည်။ ဤသို့ဖြစ်ရန်ဆိုလျှင် လူမျိုးတိုင်းတွင် ကိုယ်စီရှိကြသည့် နယ်မြေပိုင်နက်အတွင်း ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ်စီ လိုအပ်လျှက်ရှိသည်ကို ကွက်ကွက်ကွင်းကွင်းတွေ့မြင်ရမည်ဖြစ်ပါသည်။

နိုင်ငံတိုင်းတွင် ကိုယ့်နိုင်ငံလွတ်လပ်ရေး အရယူနိုင်ခဲ့သည့် နိုင်ငံနှင့်ဥပဒေသမိုင်းကို အလေးထားဖော်ပြကြသည့် အစဉ်အလာ ရှိပါသည်။ ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ စာမျက်နှာ ရ၃ တွင် ဖော်ပြထားသည့် စာရင်း ၂ ပြည်နယ်ဥပဒေပြုစာရင်း ပုဒ်မ – ၉၂ (၂) ကိုကြည့်ပါ။

“၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုင်ရာကိစ္စများ။ (၁) ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်နယ်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြုခြင်း။” ဟု အတိအလင်းဖေါ်ပြထားပါသည်။ မြန်မာနိုင်ငံ၏ ပကတိလိုအပ်ချက်များအရ ဤသို့ အလေးထားဖော်ပြခဲ့သည်များကို မမေ့အပ်ပါပေ။ ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်တွင်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ပြဋ္ဌာန်းရန်လိုအပ်သည်ဟု ပြည်နယ် လွှတ်တော် အသီးသီးက တင်ပြလာလျှင် မုချ ခွင့်ပြုသင့်ပါသည်။

ဥပဒေကြမ်း တင်သွင်းခြင်း ပုဒ်မ – ၁၉၁ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များသည် ဇယား (၂) တွင်ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များအနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရကသာ ဥပဒေကြမ်းတင်သွင်း ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ သတ်မှတ်ထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဥပဒေကြမ်းများ ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်။” ဟု ဖော်ပြထားချက်ရှိသဖြင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်းကို တင်သွင်းခွင့် ရှိမည်ဖြစ်ပါသည်။ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်မှသာလျှင် ဇယား (၂) ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းတွင် ဖော်ပြထားသည့် ဥပဒေပြုကဏ္႑ ကိစ္စရပ်များထက် ပိုမိုပြည့်စုံသည့် ဥပဒေပြုခွင့် ရလာနိုင်မည် ဖြစ်ပါသည်။

လတ်တလော လက်တွေ့နိုင်ငံရေးကို ပိုမိုပီပြင်စွာ လှုပ်ရှားလာနိုင်မည့် အခြေအနေ အချက်အလက်များကို ဖန်တီးအပ် ပါသည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စု စစ်စစ်ကို ဖော်ဆောင်နိုင််မည့် ဥပဒေပြုခြင်းမျိုးကိုသာ တောင်းဆိုုသွားသင့်ပါကြောင်း။

ဦးမျိုး(ဥပဒေ)
(၁၆- ၅ – ၂၀၁၂)

About မွန်သတင်းအေဂျင်စီ

Check Also

စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

“မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။ “၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း ဒီနေ့ပဲ တီးစေချင်ကြ အစာတောင်း ငှက်ကလေးတွေလို လက်ခုပ်သံကို ဆာလောင်” …

%d bloggers like this: