spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းမယ်လဒုက္ခသည်စခန်းတွင် ယနေ့မီးလောင်မှုဖြစ်ပွား

    မယ်လဒုက္ခသည်စခန်းတွင် ယနေ့မီးလောင်မှုဖြစ်ပွား

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ရပ်ကွက် (၁) တွင် ယနေ့နေ့လည်ပိုင်း အချိန်၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စခန်းတွင် နေထိုင်သူတို့က ပြောသည်။

    မီးလောင်မှုကြောင့် စခန်းအတွင်းရှိ ခရစ်ယာန် ကျမ်းစာဘုရားကျောင်း၏ ကျောင်းနေအဆောင်များ အပါအဝင် အခြေခံပညာ မူလတန်းကျောင်း ၃ ကျောင်းနှင့် အိမ်ခြေ ၄ လုံးခန့် လောင်ကျွမ်းသွား သည်ဟု စခန်းအတွင်းရှိ ရပ်ကွက် (၁) တွင် နေထိုင်သူ မွန်လူမျိုး ကိုဟောင်က ပြောသည်။

    ၎င်းက”ကျောင်းနေဆောင်က ကျောင်းသား/သူတွေ ထမင်းဟင်းချက်ဖို့ ဂက်စ်ဖွင့်တာ ဂက်စ်ပေါက် ကွဲလို့ လောင်ရတာဖြစ်တယ်”ဟု ပြောသည်။

    ၄င်းမီးသည် ယနေ့နေ့လည် ၁၂:၁၅ ဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲပိုင်း ၁:၂၀ ခန့်တွင် မီးငြိမ်းသွားကြောင်း သူက ဆက်ပြောသည်။

    မီးလောင်ကျွမ်းမှုကြောင့် မိသားစုဝင် ၄ စု အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများနှင့် လူအသေအပျောက်မရှိကြောင်း ကိုဟောင်က ပြောသည်။

    “မီးတဟုန်းဟုန်းနဲ့လောင်တာ စခန်းထဲကလူတွေစုပြီးတော့ မီးငြိမ်းဖို့ရေဖြန်းတာ နာရီဝက် လောက်ကျော်သွားတယ်၊ မီးသတ်ကားခေါ်တာလဲ မီးငြိမ်းမှရောက်လာတယ်” ဟု စခန်းအတွင်းရှိ ရက်ကွက်(၁) တွင် နေထိုင်သူတစ်ဦးက ပြောသည်။

    လွန်ခဲ့သော ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် အိမ်ခြေ တစ်ထောင်ကျော် မီးလောင်မှုဖြစ်ပွားမှုကြောင့် လူဦးရေ ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည်။

    ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် စစ်ပြေးမြန်မာဒုက္ခသည်စခန်း (၉)ခုအနက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်ဟင်၊ ဘန့်ဒုံယမ်းစသည့် ဒုက္ခသည်စခန်း (၇) ခုမှာ ကရင်ဒုက္ခသည်များ ကော်မတီ KRC ၏ စီမံကွပ်ကဲမှုအောက်တွင် တည်ရှိသည်။

    ထိုစခန်းခုနှစ်ခုတွင် ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ဇိုမီး သည့် လူမျိုးများအပါအဝင် မြန်မာတိုင်းရင်းသား လူမျိုးစုပေါင်းစုံနေထိုင်လျှက်ရှိပြီး စုစုပေါင်းလူဦးရေ တစ်သိန်းလေးသောင်း ကျော်ရှိသည်။

    မယ်လဒုက္ခသည်စခန်းတွင် လူဦးရေ လေးသောင်းဝန်းကျင်နေထိုင်လျှက်ရှိကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများအနက် အကြီးဆုံးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts