မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / အစမ်းသပ်ခံ လယ်သမားများဘဝ

အစမ်းသပ်ခံ လယ်သမားများဘဝ

ရေးသားသူ:

မင်းတော်လဝီ

နေပြည်တော် အစိုးရအသစ်နှင့် စိုက်ပျိုးရေးစီမံကိန်း

နိုင်ငံတော်အစိုးရမှ လယ်ယာကဏ္ဍလို စီမံကိန်မျိုးကို အာဏာကိုင်စွဲပြီး ဖိအားပေး အကြပ်ကိုင်မှုမျိုးနှင့် စီမံကိန်းကို အကောင်အထည်ဖေါ်ခိုင်းနေလျှင် နိုင်ငံတော်နှင့် လယ်သမားများအတွက် အကျိုးကျေးဇူးများ မရှိနိုင်ပါ။ မရေရာသည့် စီမံကိန်းကို လယ်သမားများအနေဖြင့် အသုံးချခံ လုပ်ကိုင်ပေးနေရသဖြင့် သူတို့ဘဝလည်း အစမ်းသပ်ခံ ဘဝအဖြစ်သို့ ရောက်ရှိ သွားရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ စပါးစိုက်ခင်း(ပုံ - hv-986)
ယနေ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာပင် လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ ဆည်မြောင်း တာတမံများနှင့် မြစ်ရေတင် စီမံကိန်းများသည် ၁၆ ရာခိုင်နှုန်းခန့်သာ အကျိုးပြုနိုင်သည်ဟု နိုင်ငံတော်စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်ကို လွှတ်တော်သို့ တင်ပြခဲ့ပါပြီ၊ အာဏာရခဲ့သည့် စစ်ခေါင်းဆောင်များ၏ ပညာမဲ့လုပ်ရပ်ကြောင့် နိုင်ငံတော် ဘဏ္ဍာငွေ အမြောက်အမြား နစ်နာဆုံးရှုံးမှုအပေါ် လက်ရှိအစိုးရက မည်သို့မျှ အရေးမယူ နိုင်သေးသည်ကို ပြည်သူများ စောင့်ကြည့်နေသည်။

ယခုလည်း တစ်ဧကတင်း (၂၀၀) ကျော်ထွက်မည့် ပုလဲသွယ် စပ်မျိုးစပါးကို လယ်ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ တွန်းတွန်းတိုက်တိုက် ဧကရာချီ စိုက်ပျိုးပြသထားသည်ကို လယ်သမားများမှအစ သမ္မတဦးသိန်းစိန် ကိုပါ ပြသနေသည်ကို သတင်းစာများမှာ ဖော်ပြနေသည်။

ပုလဲသွယ် စပါးစိုက်ပျိုးရေး စီမံကိန်းကို လယ်သမားပိုင် လယ်ပေါ်နှင့် ကုမ္ပဏီပိုင် လယ်များပေါ်မှာ ဝန်ကြီးဦးမြင့်လှိုင်က စမ်းသပ် စိုက်ပျိုးနေသည်။ ဦးမြင့်လှိုင်သည် ယခင်အရှေ့ပိုင်း တိုင်းမှူးဘဝတုံးကလည်း စီမာတရုတ် စပ်မျိုး စိုက်ပျိုးရေး စီမံကိန်းကို ရှမ်းအရှေ့ရှိ ရှမ်း တောင်သူများကို ဖိအားပေး အာဏာသုံး စိုက်ခိုင်းခဲ့ရာ တောင်သူများ ကိုယ်ကျိုးနည်းပြီး အကြွေးတင် မြေဆုံးပြီး စီမံကိန်း၏ စမ်းသပ်ခံ ဘဝနှင့် ဆင်းရဲမွဲတေ ကျန်ရစ်ခဲ့ရသည်။

ယခုတဖန် နေပြည်တော်တွင် ပုလဲသွယ် စပ်မျိုးနှင့် စပါးစီမံကိန်းကို ထပ်မံ အကောင်အထည်ဖေါ် နေပြန်သဖြင့် ယခင်အဖြစ်မျိုးနှင့် ထပ်မံကြုံရမည်ကို လယ်သမားများ စိုးရိမ်နေကြသည်ဟု ရမည်းသင်းခရိုင် မြန်မာ့စိုက်ပျိုးရေး ခရိုင်မန်နေဂျာ တာဝန်ထမ်းခဲ့ဘူးသူ တဦးက ပြောသည်။

“မည်သည့် စီမံကိန်းမျိုးကိုမဆို တိကျခိုင်မာတဲ့ မူဝါဒ၊ မှန်ကန်တဲ့ နည်းပညာ၊ မှန်ကန်တဲ့ ဦးတည်ချက်တွေနဲ့ ပြည်သူတွေရဲ့ ပါဝင်ပူးပေါင်းမှု အားက အရေးကြီးဆုံးပဲ ဒါဟာ စီမံကိန်း အောင်မြင်ဖို့ အဓိကအချက်ပဲ” ဟု ဒေါက်တာဆလိုင်ထွန်းသန်း ယခင်စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်က စာရေးသူ အပါအဝင် အရာရှိသင်တန်းသားများကို အဆင့်မြင့် လယ်ယာ သီးနှံဘာသာရပ် သင်တန်း သင်ကြားပို့ချပေးခဲ့စဉ်က ပြောကြားခဲ့သည်များကို မှတ်သားခဲ့ရသည်။

၄င်းအချက်များ လေးစားလိုက်နာမှု မရှိပါပဲနှင့် ဖိအားရော အာဏာပါ သုံးသည့် စီမံကိန်းမျိုး ဖြစ်ပါက ထိုစီမံကိန်း မအောင်မြင်နိုင်ပဲ နိုင်ငံတော်က နစ်နာသလို အထူးသဖြင့် လက်တွေ့ လုပ်ကိုင်နေသူ လယ်သမားများက ပိုထိခိုက်နစ်နာရပြီး သူတို့ဘဝလည်း စီမံကိန်းအတွက် အစမ်းသပ်ခံ ဘဝမျိုး ဖြစ်သွားရသည်။ နောင်ဆို စီမံကိန်းဟု အသံကိုပင် မကြားချင်ကြ ဖြစ်သွားရသည်ဟု ဆရာက ဆက်ပြောသည်။

အတိတ်က မှားယွင်းမှုများ ၁၉၇၃ ခုနှစ်မှ စတင်၍ စပါးအထူးအထွက်တိုး စီမံကိန်းတရပ်ကို ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ် ဖလုံရွာမှာ အထွက်တိုးမူ ၁၀ ချက်နှင့် လယ်သမားပိုင် လယ်ဧက (၁၀၀) မှာ စမ်းသပ် လုပ်ကိုင်ခဲ့သည်။

“ကိုယ့်လယ်မြေ၊ ကိုယ့်မျိုး၊ ကိုယ့်လုပ်အား၊ ကိုယ့်ဓါတ်မြေ ကိုယ်ဝယ်ပြီး စိုက်ပျိုးရေးဌာနက နည်းပညာနဲ့ စပါး အထူးထွက်တိုးအောင် တို့လယ်သမားက လုပ်ခဲ့တယ်၊ ဒါကို မဆလပါတီနဲ့ ကောင်စီရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ စပါးအထွက် တိုးလာတယ်လို့ ပြောတယ်ဗျာ၊ လယ်သမားကို အစမ်းသပ်ခံ ဘဝအဖြစ် အသုံးချခဲ့တာ” ဟု ဖလုံရွာက အထွက်တိုး စီမံကိန်းမှာပါသည့် လယ်သမားတဦးက ပြောခဲ့သည်။

ထို့အပြင် နဝတ၊ နအဖ ခေတ်မှာလည်း “ရေအောက်မြေ ဖေါ်ထုတ်ရေးစီမံကိန်း၊ မြေနုကျွန်းပေါ် ခွဲဝေစိုက်ပျိုးရေးနှင့် စပါးငါးတွဲဖက် စီမံကိန်းတွေကို လယ်သမားတွေ အတွက်လို့ ဆိုပြီး လယ်သမားလုပ်အားကို အသုံးချခဲ့တယ်၊ ဒါပေမယ့် လယ်သမားတွေ အကျိုးမခံစား ရဘူး၊ မပိုင်ခဲ့ဘူး၊ စီမံကိန်းရဲ့ အစမ်းသပ်ခံ ဘဝနဲ့ လယ်စာရင်းငှား ဘဝရောက်ခဲ့ရပြန်တယ်” ဟု ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဆားမလောက်ရွာက လယ်သမားတဦးက ဆိုပြန် သည်။

မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့ဘူးသည့် မည်သည့်လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းများမှ အောင်မြင်မှု အကျိုးရလဒ် များများစားစား မတွေ့ရှိရပဲ ဆုံးရှုံးမှုသာ ရှိခဲ့သည်။ ထိုမှားယွင်းမှုများကို အာဏာရ အစိုးရအဆက်ဆက်က တာဝန်ရှိမှု၊ တာဝန်ယူမှု မရှိခဲ့ပါ။

လယ်ယာကဏ္ဍ

ဖွံ့ဖြိုးရေး စီမံကိန်းသည် တနိုင်ငံလုံးအတိုင်းတာကို ဖြန့်ကြက် လွှမ်းခြံုရသည့်အတွက် အလွန်ကျယ်ပြန့်သည်၊ လယ်သမားထု ပါဝင်ပူးပေါင်းလာရန် လိုအပ်၍ အခြားစီမံကိန်းများ အထက် ခက်ခဲသည်။

“အောင်မြင်ဖို့ အဓိကက စီမံကိန်းကို ချမှတ်တဲ့ အစိုးရနှင့် စီမံကိန်းကို လက်တွေ့လုပ်ဆောင်ရမည့် တောင်သူလယ်သမားများ အကြား ကွက်လပ်မရှိရပဲ လက်တွေ့ကျသော လုပ်ဆောင်ချက်ကသာ စီမံကိန်းအောင်မြင်မယ်” ဟု ယခင် မဆလ အစိုးရလက်ထက် ကမ္ဘာ့ဘဏ်နှင့် လယ်ဆည်ဝန်ကြီးတို့ ပူးပေါင်း အကောင်အထည်ဖေါ်ခဲ့သော စပါး (၁) စီမံကိန်းတွင် ပါဝင်ခဲ့သည့် စိုက်ပျိုးရေး မန်နေဂျာ ဦးစောဒီဒီ (အငြိမ်းစား) က ပြောပြသည်။

လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော် စီမံကိန်းအဖြစ် အစိုးရအဆက် ဆက်က အကောင်အထည် ဖေါ်ခဲ့ကြသော်လည်း တကယ်လက်တွေ့တွင် အစိုးရမှ ချမှတ်ထားသည့် မူဝါဒနှင့် နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှားယွင်းမှုကြောင့် ယခင်ကာလမှ သည်လက်ရှိအခြေအနေအထိ မအောင်မြင်ပဲ ဖြစ်နေသည်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်နေကြသည်။

“တကယ်တော့ သီးနှံ စိုက်ပျိုး ထုတ်လုပ်တဲ့အခါ ဒေသအလိုက် စိုက်ပျိုးရေး သုတေသနများ မှ တိကျတဲ့ သုတေသန တွေ့ရှိချက် နည်းပညာအဖြေကသာ လယ်သမားအတွက် အားကိုးစရာ၊ စိုက်ပျိုးရေးမှာ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ဖို့ ့ ဆိုထားတော့ နေပြည်တော်မှာ ပုလဲသွယ်စပါး ဖြစ်ထွန်းတယ်လို့ ဆိုနိုင်ပေမယ့် တမူးမြိုးလို၊ ကော့သောင်း မြို့လို နေရာမျိုးမှာ ပုလဲသွယ်စပါး ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းမယ်” ဟု နေပြည်တော်ပျဉ်းမနားမြို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

လယ်ယာစီးပွားဖြင့် ကြီးပွားတိုးတက် စေရမည်ဟူသော ကြွေးကျော်သံကို ၁၉၆၂ ခုနှစ်မှ စ၍ စစ်တပ်အစိုးရ အဆက်ဆက်ဖြစ်ခဲ့သည့် ဝောာ်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ အစိုးရများ လက်ထက်တိုင် ကြွေးကျော်ခဲ့သကဲ့သို့ ယနေ့ ဦးသိန်းစိန်၏ ဒီမိုကရေစီ အစိုးရ လက်ထက်တွင်လည်း ဆက်လက် ကြွေးကြော် နေလျှက်ပင်။

စိုက်ပျိုးရေး ပညာရပ်

ထို့အပြင် စိုက်ပျိုးရေး ပညာရပ်ကို အခြေခံပညာ ကျောင်းများတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စ၍ စတင်သင်ကြားတော့မည့် သတင်းကို ၅-၃-၂၀၁၂ နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖေါ်ပြထားသည်။

နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အခြေခံ လိုအပ်ချက် ဖြစ်သော လယ်ယာလုပ်ငန်းခွင်အတွင်း တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး ပညာရပ်များ ကျေးလက်ဒေသမကျန် ပျံ့နှံ့ ရောက်ရှိရေး လုပ်ငန်းတာဝန်များကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖေါ်ရန် နိုင်ငံတော် သမ္မတက လမ်းညွှန်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ရေးဆွဲပြုစု တင်ပြလာခဲ့သော စိုက်ပျိုးရေး သင်ခန်းစာများကို ကျောင်းများတွင် သူငယ်တန်းမှ ဒဿမတန်း အထိ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး ကျယ်ပြန့်စွာ ဖြန့်ကြက် သင်ကြား ပေးသွားတော့မည်ဟု သတင်းစာတွင် ဆက်လက်ဖေါ်ပြ ထားသည်။

“အကြားအလပ်မကျန် အခြေခံပညာ စိုက်ပျိုးရေး ဘာသာရပ်များကို သားသမီးများမှတ ဆင့်လက်ဆင့်ကမ်းပြီး တောင်သူလယ်သမားများ လက်တွေ့ အသုံးပြုနိုင်တော့မည် ဖြစ်ကာ ကျေးလက်ဒေသ တောင်သူလယ်သမားများ အနေဖြင့် မိဘ၏ လက်ငုပ်လက်ရင်း လယ်ယာလုပ်ငန်းခွင်အတွင်း ထိရောက်စွာ စိုက်ပျိုးရေး ပညာရပ်ဖြင့် မိဘအား ကူညီဖြည့်ဆည်း ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးများအား စိုက်ပျိုးရေး ပညာဖြင့် လက်တွေ့ အချိန်တိုအတွင်း ထိရောက်စွာ အကောင်အထည် ဖေါ်နိုင်တော့မည်ဖြစ်​ကြောင်း လယ်ယာနှင့်ဆည်မြောင်း ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ယခုသင်ကြားမည့် အစီအစဉ်အပေါ် မှတ်ချက်ပြု ပြောကြားသည် ကိုလည်း ဖေါ်ပြထားသည်။

မည်သို့ပင်ဆိုစေကာမူ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တောင်သူ လယ်သမားများအား စိုက်ပျိုးရေး ပညာ သင်ကြားပေးခြင်းကို အထူးလိုအပ်၍ ထောက်ခံ အားပေးရပါမည်။ သို့သော် စိုက်ပျိုးရေး ဘာသာရပ်ကို စိတ်မပါ ဝါသနာ မထုံသည့် ကျောင်းသားများအဖို့မှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းကို မဖြစ်မနေ လုပ်ကိုင်ပေးနေရသည့် အစမ်းသပ်ခံ လယ်သမားများဘဝလို ကျောင်းသား သူငယ်များကိုလည်း ၄င်းဘဝမျိုး မသွတ်သွင်းသင့်ကြောင်း တင်ပြလိုက်ရပေသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဆွေးနွေးအဖြေရှာသည့်နိုင်ငံရေးယဉ်ကျေးမှုသစ် ကန့်လန့်ကာကို စဖွင့်လိုက်ပြီလား

မြန်မာနိုင်ငံတွင် အရေးတကြီး အဖြေရှာရန် လိုအပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ ခမ်းနားကြီးကျယ်လှသည့် MICC 2 အဆောက်အဦးထဲတွင် ဒေသအသီးသီးက အရောင်အသွေးစုံ၊ အဖွဲ့အစည်းအစုံကလူတွေ Related

%d bloggers like this: