spot_img
Thursday, April 18, 2024
More
    spot_img
    Homeဆောင်းပါးလူတကိုယ် မဲတပြား လူထုတိုက်ပွဲ

    လူတကိုယ် မဲတပြား လူထုတိုက်ပွဲ

    -

    ဦးမျိုး (ဥပဒေ) – လွှတ်တော်တွင်း တိုက်ပွဲနှင့် လွှတ်တော်ပြင်ပ တိုက်ပွဲ နှစ်ရပ်တွင် လွှတ်တော်တွင်း တိုုက်ပွဲမှာ လွှတ်တော်ပြင်ပတိုက်ပွဲ၏ တိုက်ရိုက်နှင့် တဆက်စပ်တည်း ဖြစ်သည်။ တဆက်တည်း တိုက်ယူရမည့် တိုက်ပွဲလည်း ဖြစ်သည်။

    လူ့အဖွဲ့အစည်းမှာ စီးပွားရေး၊ တရားဥပဒေ၊ နိုင်ငံရေး၊ ဘာသာရေး၊ အနုပညာ၊ ကိုယ်ကျင့်တရား စသည့် လူမှုဆက်ဆံရေးများအနက် စီးပွားရေး ဆက်ဆံမှုသည် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ဤအခြေခံအုတ်မြစ်ပေါ်မှာ တရားဥပဒေ ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အထက်အဆောက်အအုံ ပေါ်ထွက်လာသည်။ ၎င်းအထက် အဆောက် အအုံနှင့် လျော်ညီသည့် နိုင်ငံရေး၊ တရားဥပဒေ ဆိုင်ရာ အယူအဆများ၊ ကိုယ်ကျင့်တရား၊ အနုပညာ၊ ဝိဇ္ဇာပညာ၊ အဘိဓမ္မာ၊ ဘာသာရေး ဆိုသည့် လူမှုရေး အ သိသဏ္ဍာန်များ ပေါ်ထွက်လာပါသည်။

    မည်သည့်အချိန်၊ မည်သည့် အကြောင်းအချက် အောက်မှာပဲ ဖြစ်ဖြစ် အခြေခံစီးပွားရေးရဲ့ ထုတ်လုပ်ရေးဟာ လူ့အဖွဲ့အစည်းဆိုင်ရာ ထုတ်လုပ်ရေး ဖြစ်ပါသည်။ လူ့အဖွဲ့အစည်း၏ ထုတ်လုပ်ရေး ဆက်ဆံမှုများသည် ထုတ်လုပ်ရေး ဖြစ်စဉ်အတွင်းမှာ ရှိသည့် လူများအကြားရှိ ဆက်ဆံမှုသာ ဖြစ်ပါသည်။ ထုတ်လုပ်ရေး ဆက်ဆံမှုများထဲတွင် အတွင်းသဘော သုံးရပ်ကို တွေ့ရှိရပါသည်။

    ထုတ်လုပ်ရေး ပစ္စည်းတွေကို ဘယ်သူတွေက ပိုင်ဆိုင်ပါသလဲ။ လူတဦး တယောက်လား။ လူတစုလား။ လူတန်းစားလား။ လူ့အဖွဲ့အစည်း တခုလုံးက ပိုင်တာလား။ တနည်းပြောရလျှင် ပိုင်ဆိုင်မှု ဆက်ဆံရေးဟာ ထုတ်လုပ်ရေး ဆက်ဆံမှုများ၏ တရားဥပဒေ ဆိုင်ရာ ဖော်ပြချက်ဖြစ်ပါသည်။ ထုတ်လုပ်ရေး ပစ္စည်း များကို ပိုင်ဆိုင်မှု သို့မဟုတ် ပိုင်ဆိုင်မှု ဆက်ဆံရေးသည် ထုတ်လုပ်ရေးဆက်ဆံမှု များထဲမှ အခြေခံ အကျဆုံး အစိတ်အပိုင်း ဖြစ်ပါသည်။

    ထုတ်လုပ်ရေး ပစ္စည်းများကို ပိုင်ဆိုင်မှုအပေါ် အခြေခံထားပြီး ထုတ်လုပ်ရေးဖြစ် စဉ်အတွင်းမှာ ပါ၀င်နေကြသည့် လူများ၏ အဆင့်နေရာသည် မတူကြတော့ပါ။ ဥပမာ-အရင်းရှင် လူ့အဖွဲ့အစည်းမှာ အရင်းရှင်နှင့် အလုပ်သမားသည် ထုတ်လုပ်ရေး ဖြစ်စဉ်ထဲတွင် ပါ၀င်နေကြပါသည်။ အရင်းရှင်က ထုတ်လုပ်ရေးပစ္စည်းတွေကို ပိုင်ဆိုင်သည့်အတွက် ထုတ်လုပ်ရေးကို စီမံအုပ်ချုပ်သူဖြစ်ပြီး၊ ထုတ်လုပ်ရေး ဖြစ်စဉ်မှာ သူက သွေးစုတ်သူ အခန်းက ပါ၀င်ပါသည်။ အလုပ်သမားတွေကြတော့ ထုတ်လုပ်ရေး ပစ္စည်း ကင်းမဲ့ပြီး လုပ်အားရောင်းစားရသူ ဖြစ်သည့်အတွက် ထုတ်လုပ်ရေး ဖြစ်စဉ် အတွင်းမှာ သွေးစုတ်ခံရသူ အခန်းကပါ၀င်ပါသည်။ အလားတူစွာပင် ပဒေသရာဇ် မြေရှင်နှင့် မြေကျွန် (သို့မဟုတ်) လယ်သမား အကြားဆက်ဆံမှုသည် အဓိက ထုတ်လုပ်ရေးဖြစ်သည့် မြေယာပိုင်ဆိုင်မှု အခြေခံပေါ်မှာ၊ ထုတ်လုပ်ရေး ဖြစ်စဉ်အတွင်းမှာ သူတို့၏ ဆက်ဆံမူသည် မတူကြတော့ပါ။ သွေးစုတ်သူနဲ့ သွေးစုတ်ခံရသူတို့၏ ဆက်ဆံမှု အဖြစ်ဖော်ပြကြသည်။

    ပိုင်ဆိုင်မှုအပေါ် အခြေခံပြီး ထုတ်လုပ်လိုက်သည့် အထွက်ပစ္စည်းတွေကို ထုတ်လုပ်ရေးပစ္စည်း ပိုင်ဆိုင်သူက ရရှိခဲ့သည်။ ဥပမာ-အရင်းရှင်လူ့အဖွဲ့အစည်းမှာ အလုပ်သမားက ထုတ်လုပ်သူဖြစ်ပါလျှက် ထုတ်လုပ်ရေး ပစ္စည်းကို ပိုင်ဆိုင်သူ မဟုတ်သည့်အတွက် အထွက်ပစ္စည်းကို သူမရဘူး။ အထွက်ပစ္စည်း ခွဲဝေမှုမှာ အလုပ်သမားက မသေရုံလုပ်ခ အနည်းငယ်သာရသည်။ ကျန်တာ အားလုံးကို အရင်းရှင်တွေက အပိုင်စီးသွားပါသည်။

    ပိုင်ဆိုင်မှု၊ ဆက်ဆံမှု နှင့် ခွဲဝေမှု သုုံးရပ်စလုံးဖြစ်သည့် ထုတ်လုပ်ရေးဆက်ဆံမှုများသည် စီးပွားရေးဆက်ဆံမှု ဖြစ်ပါသည်။ ဤစီးပွားရေး ဆက်ဆံမှုများသည် လူ့အဖွဲ့အစည်း၏ စီးပွားရေး အခြေခံ အုတ်မြစ် ဖြစ်ပါသည်။ ဤကဲ့သို့ ဆက်ဆံရေးများသည် သွေးစုတ်မှု လွတ်ကင်းသည့် လူများအကြား အပြန်အလှန် ပူးပေါင်းရေး၊ အပြန်အလှန် ကူညီရေးလဲ ဖြစ်နိုင်သည်။သို့တည်းမဟုတ် သွေးစုတ်မှုနှင့် သွေးစုတ်ခံရမှု၊ စိုးမိုးချယ်လှယ်မှု နှင့် အချယ်လှယ်ခံရမှုလည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သွေးစုတ်မှုရှိသည့် ဆက်ဆံရေးမှ သွေးစုတ်မှု လွတ်ကင်းသော ဆက်ဆံရေးသို့ ကူးပြောင်းသည့် သဏ္ဍာန်လည်း ဖြစ်နိုင်ပါသည်။

    သွေးစုတ်မှု ကင်းလွတ်သည့် ဆက်ဆံရေးသို့ ပြောင်းလဲပစ်ရန်အတွက် အခြေခံ စီးပွားရေးတွင် ပါဝင်ကြသည့် ပြည်သူလူထုကြီးက အပေါ်ထပ်အဆောက်အအုံရှိ တရားဥပဒေ ဆိုင်ရာ ဖေါ်ပြချက်ဖြစ်သည့် ပိုင်ဆိုင်မှုဆက်ဆံရေးကို ပြောင်းလဲ ပစ်ရပါမည်။

    လူတကိုယ် မဲတပြားပိုင်ဆိုင်မှု သို့မဟုတ် လူ့အခွင့်အရေး ပိုင်ဆိုင်မှုကို လူတိုင်း တူညီစွာ ခံစားနိုင်ကြစေရန် တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၇၄ အရ လွတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနေရာအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တဦးတည်းက ခန့်အပ်ထားသည် ကိုတွေ့ရသည်။

    ပြည်သူ့ကိုယ်စားလှယ် ၁၆၆ ဦး၏ ပိုင်ဆိုင်မှုကို သိမ်းပိုက်ထားသည်မှာ ကျေးပိုင်ကျွန်ပိုင်ရှင် ခေတ်က ကျွန်များများပိုင်ဆိုင်သည့် ကျွန်ပိုင်ရှင်ကြီး၏ မဲပေးပိုင်ခွင့် နှင့် တထပ်တည်း တူညီနေသည်ကို ခေတ်သမိုင်းနှင့် ယှဉ်၍ တွေ့မြင်နေရပါသည်။ ကျေးကျွန်လူတန်းစားရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး စပါးတကပ်(စ) လို လူထုခေါင်းဆောင်များ အမြောက်အမြား ပေါ်ပေါက်လာပါလိမ့်မည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts