မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ ဆိုပါလား

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ ဆိုပါလား

ရေးသားသူ:

ဦးမျိုး(ဥပဒေ) – မြန်မာနိုင်ငံတွင် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေဟူ၍ နိုင်ငံလွတ်လပ်ရေး ရကတည်းက ယနေ့ထိ တခါမှ မပေါ်ပေါက်ခဲ့ ဘူးသေးချေ။ (၁၉၄၇) ခုနှစ် အခြေခံ ဥပဒေသည်ပင်လျှင် ပြည်ထောင်စုဥပဒေ မစစ်ခဲ့သေးပေ။ လွတ်လပ်ရေး အရယူနိုင်ရန် ပင်လုံစိတ်ဓာတ်ဖြင့် ရေးဆွဲခဲ့ရခြင်းဖြစ်သည်။

၎င်းကိုပြင်ဆင်ရန် (ဝါ) ပြည်ထောင်စု အခြေခံဥပဒေ ရေးဆွဲရန် ပြည်သူ့လွတ်တော် ပါလီမန် အစည်းအဝေးက (၁၉၆၀) ပြည့်နှစ်   နိုဝင်ဘာ (၁၀) ရက်နေ့တွင် အဖွဲ့ဝင် (၂၉) ဦးပါသော အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဥပဒေအရ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ၏ တာဝန် (၃) ရပ်ကိုလည်း ချမှတ်ပေးခဲ့သည်။

စုပေါင်းညှိနှိုင်းဆွေးနွေးပြီး ပြင်ဆင်ရန်ကြိုးပမ်းနေသည့် အချိန်ကာလမှာပင် ဗိုလ်နေဝင်း စစ်အုပ်စုက (၁၉၆၂) ခုနှစ်တွင် စစ်အာဏာသိမ်းကာ ပြည်ထောင်စုကို ဖျက်ဆီးခဲ့သည်။ ဗိုလ်နေဝင်း၏ (၁၉၇၄) ခုနှစ် မဆလ ပြည်ထောင်စု အခြေခံ ဥပဒေနှင့် ယခု ဗိုလ်သန်းရွှေ၏ (၂၀၀၈) ခုနှစ် နအဖ ပြည်ထောင်စုအခြေခံဥပဒေမှာလည်း အတူတူနှင့်အနူနူပင်ဖြစ်သည်။အဘယ်ကြောင့် နည်း။ ဗိုလ်နေဝင်း၏ (၁၉၇၄) ခုနှစ် အခြေခံဥပဒေပုဒ်မ (၃၁) အရနှင့် ဗိုလ်သန်းရွှေ၏ (၂၀၀၈) ခုနှစ် အခြေခံဥပဒေပုဒ်မ (၄၉) အရ- တိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ခု ပိုင်းခြားသတ်မှတ်ချက်မှာ တထပ်တည်းတူနေကြ၍ဖြစ်ပါသည်။ အားလုံး တစ်ပြည်ထောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေချည်း ဖြစ်နေသောကြောင့်ပင်တည်း။ မည်သည့် စစ်အာဏာရှင် စနစ်ကမျှ ပြည်ထောင်စုကို လုံးဝမလိုလားကြောင်း တိုင်းရင်းသားအားလုံးက သိနှင့်နေကြပြီးဖြစ်သည်။

(၁၉၇၄) ခုနှစ် အခြေခံ ဥပဒေထက် ပိုဆိုးသည်က (၂၀၀၈) ခုနှစ် တစ်ပြည်ထောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပုဒ်မများကို ပြဋ္ဌာန်းလာသည်။ ဥပဒေနောက်ထပ်တိုး၍ ကြောက်စရာကောင်းလောက်အောင် (Divide and rule) ခွဲခြား ဖိနှိပ်ရန်ပြဋ္ဌာန်းလာသောကြောင့် ဖြစ်သည်။ အကောင်းဘက်ကို ဦးတည်သလော၊ အဆိုးဘက်ကို ဦးတည်ရှေ့ရှုနေပါသလော၊ ဆန်းစစ်သုံးသပ်ရပါမည်။

(၂၀၀၈) အခြေခံဥပဒေ ပုဒ်မ (၅၆) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည်။

(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် တို့ကို စုစည်းပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊
(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့ကို စုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ် တို့ကိုစုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင် နှစ်ခရိုင် ဖွဲ့ပြီး “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟုဖော်ပြထားသည်။

တိုင်းဒေသကြီး  လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ဖွဲ့စည်းခြင်း။ ပုဒ်မ (၁၆၁) (ဃ) တွင် ပုဒ်မခွဲ (က) နှင့် (ခ) သို့မ ဟုတ် ပုဒ်မခွဲ (က) နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံတပုံ နှင့်ညီမျှသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ။

ဟုဖော်ပြထားသည်။ စစ်တပ်မှ သုံးပုံတစ်ပုံ (၂၅% ထက်များ) နေရာယူထားသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း ပုဒ်မ (၂၆၁) (ဃ) တွင် နိုင်ငံတော် သမ္မတက အမည် စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ဟုပြဋ္ဌာန်းထားသည်။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၉) အရ တိုင်းဒေသကြီး (၇) ခုသတ်မှတ် ထားသဖြင့် ပုဒ်မ (၂၆၁) (ဃ) အရ တိုင်းဒေသကြီး ၀န်ကြီးချုပ် (၇) ဦးကို သမ္မတက ခန့်အပ်ထားပါသည်။ လက်ရှိသမ္မတ ဦးသိန်းစိန် က ယခုတလော ပြောဆိုဖွင့်ဟလာပါသည်။ ဗမာလည်းတိုင်းရင်းသားလူမျိုးတမျိုး ဖြစ်သည်ကို ယခုမှ ဘာကြောင့် ပြောပါ သလဲ။ လူမျိုးတမျိုး (ဝါ) ပြည်နယ်ဝန်ကြီးချုပ်တဦး ခန့်အပ်ထားသည့်ကာလတွင် ဗမာလူမျိုးတမျိုး (ဝါ) ဗမာပြည်နယ်ဖွဲ့စည်းပုံ ဗမာဝန်ကြီးချုပ်တစ်ဦးကိုသာ ခန့်ထားချင်၍လော။ သို့ဆိုပါလျှင် ၀န်ကြီးချုပ် (၆) ဦးနေရာနှင့် ဌာနအတွက် တိုင်းပြည်ကပေးနေ ရသည့် လစာငွေ သိန်းပေါင်းမြောက်မြားစွာ သက်သာသွားဖွယ်ရာရှိပါသည်။ ဆင်းရဲမွဲတေမှု ကျဆင်းအောင်လုပ်ရာလည်း  ရောက်ပါမည်။ ဗမာပြည်နယ်ကို သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းဝံ့ပါမည်လော။ လူမျိုးစုတိုင်း၏ တန်းတူရေးကို လက်တွေ့ အကောင် အထည်ဖော်ဝံ့ပါမည်လော။ ပြည်ထောင်စုစစ်စစ်ကို လိုလား လျှင်၊ နိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေးကို လိုလားလျှင် လက်တွေ့လုပ် ရဲ ကိုင်ရဲရှိရပါမည်။ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံက နိုင်ငံရေးအရ အာရုံစိုက်နေကြလေပြီ။

ဥပဒေပြုခွင့် အာဏာနှင့် ပတ်သက်၍ ပုဒ်မ (၁၉၆) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့တိုင်း သို့မဟုတ် ဒေသအတွက် ဇယား (၃) တွင် ဖော်ပြထားသော ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့် အာဏာများကို ခွဲဝေအပ်နှင်းသည် ဟုဖော်ပြသည်။ ဇယား (၃) တွင် ဥပဒေပြု စာရင်းကို အောက်ပါ အတိုင်း တွေ့ရှိရသည်။

(၁) မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ။
(၂) လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
(၃) ပြည်သူ့ ကျန်းမာရေး၊
(၄) စည်ပင်သာယာရေးလုပ်ငန်း၊
(၅) မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး၊
(၆) စားကျက်မြေများ ထိန်းသိမ်းရေး၊
(၇) သစ်တောများ ကာကွယ်ထိန်းသိမ်းရေး၊
(၈) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး။
(၉) မြို့နှင့် ကျေးရွာများ အတွင်း ရေနှင့်လျှပ်စစ်မီး ဆိုင်ရာ ကိစ္စ၊
(၁၀) မြို့များနှင့် ကျေးရွာများ၏ စျေးများဆိုင်ရာ ကိစ္စ ဟုဖော်ပြထားသည်။

အထက်ပါ ဥပဒေပြုစာရင်း (၁၀) ခုကိုသာလျှင် ကိုယ်ပိုင်အုပ်ခွင့်ရ ဒေသများဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ “ဝ” လူမျိုးစုများ တင်ပြခွင့်ရမည်။ ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ အမျိုးသားလူမျိုးစု အခွင့်အရေးနှင့် ပတ်သက်၍ မည်သည့်   ပြဋ္ဌာန်း ချက်ကိုမှ ပြဋ္ဌာန်းရန်တင်ပြပိုင်ခွင့်မရှိပါ။ လူမျိုးစုများအား စစ်တပ်မှ သုံးပုံတပုံ ကိုယ်စားလှယ်များက အနီးကပ် ဖိနှိပ် ခွဲခြား အုပ်ချုပ်ရန်အတွက် သီးသန့် ပြဋ္ဌာန်းလာခြင်း ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်း က သက်သေပြခဲ့ပြီး ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပြုရေးကဏ္ဍ အာဏာခွဲဝေရေးအပိုင်း နှင့်ပတ်သက်၍ အပစ်ရပ် လူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်း (၁၃) ဖွဲ့ စုပေါင်းပြီး ညောင်နှစ်ပင်အမျိုးသားညီလာခံသို့ (၂၀၀၅) ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့က တက်ရောက် တင်ပြ ခဲ့ကြသည်။ တင်ပြခဲ့သော အချက်များမှာ-

(၁) ထပ်တူ ဥပဒေပြု စာရင်း ထားရှိရေး၊
(၂) အကြွင်းအကျန် အာဏာကို ပြည်နယ်တွင် ထားရှိရေး၊
(၃) ဥပဒေပြု ကဏ္ဍမှာ တိုင်းရင်းသားလူမျိုးစုကို သီးခြားထားရှိရေး၊
(၄) ပြည်နယ်လွှတ်တော်တွေမှာ လုံခြုံရေး၊ ကာကွယ်ရေး ဆိုင်ရာ ဥပဒေပြုပိုင်ခွင့် ရှိရေး၊
(၅) ပြည်နယ်လွှတ်တော်တွေမှာ စာပေ၊ ယဉ်ကျေးမှု နှင့်ပတ်သက်ပြီး ဥပဒေပြုပိုင်ခွင့် ရှိရေး၊
(၆) တိုင်းရင်းသားတွေ့ရဲ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ပြည်နယ်တွေမှာ ဥပဒေပြု ပြဋ္ဌာန်းနိုင်ရေးနှင့်
(၇) ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ သီးခြားရေးဆွဲ ပြဋ္ဌာန်း ကျင့်သုံးခွင့်ရှိရေး တို့ဖြစ်သည်။

လူမျိုးစု ခေါင်းဆောင်များ တရားဝင် တင်ပြချက်များအား တချက်ကိုမျှ လေးစားခြင်းမရှိဘဲ၊ ဥပဒေပြုစာရင်း (၁၀) ခုကိုသာ ဇ ယား (၃) ဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြဋ္ဌာန်းလာသည်။ လူမျိုးစု နယ်မြေများကို ခွဲခြားလိုက်ရုံမျှဖြင့် လူမျိုးစုပြဿနာ များ ပြေလည်သွားပြီဟု လက်ခံထားချက်မှာ အင်မတိအင်မတန် မှားယွင်းချက် ဖြစ်ပါသည်။ မည်သည့် အမျိုးသား လူမျိုးစုကိုမျှ   ကောင်းကျိုး မပေး၍ ဖြစ်ပါသည်။

အမျိုးသား ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေများနှင့် စပ်လျဉ်းပြီး တပြည်ထောင်စနစ်ကို ကျင့်သုံးသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေကို လေ့လာခြင်းအားဖြင့် နှိုင်းယှဉ်ကြည့်၍ ရနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အလိမ်အညာ ပြည်ထောင်စုအမည်ခံသော စစ်အာဏာရှင်များ၏မျက်လှည့်ပြပွဲ သက်ဆိုးမရှည် နိုင်ရန် ဖော်ထုတ်ပြဖို့ လိုအပ်ပါသည်။

အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆဌမ အကြိမ်မြောက်ပြည့်သူ့ကွန်ဂရက်၊ ဒုတိယအကြိမ် အစည်းအဝေးက (၁၉၈၄) ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ သမ္မတ၏ အမိန့်အမှတ် (၁၃) အရ ထုတ်ပြန်ကြေညာ၍ (၁၉၈၄) ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့မှစတင် ကျင့်သုံးခဲ့ပါသည်။ ဥပဒေပါ ပုဒ်မ အချို့ကိုတင်ပြပါ သည်။

ဥပဒေ၏ နိဒါန်းတွင် – “အမျိုးသား အသီးသီး တန်းတူညီမျှမှု၊ စည်းလုံးညီညွတ်မှုနှင့် အတူတကွ တိုးတက် ကြီးပွားစေရေး မူအရ လိုက်နာကျင့်သုံးရာ၌လည်းကောင်း၊ လူနည်းစု အမျိုးသားများ၏ အခွင့်အရေးကို နိုင်ငံတော်၏ အပြည့်အဝ အလေးထားမှုနှင့် အာမခံ မှုကို ဒေသဆိုင်ရာ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေးက ဖော်ဆောင်သည်။”

“အမျိုးသား သွေးစည်းရေးကိုထိန်းသိမ်းထားရှိရန် ကြိုးပမ်းရာတွင် လူမျိုးကြီးဝါဒ အဓိကအားဖြင့် ဟန်လူမျိုးကြီးဝါဒကို ဆန့်ကျင် တိုက်ခိုက်သွားရမည်။ တချိန်တည်းတွင် ဒေသန္တရလူမျိုးရေး ဝါဒကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားရမည်။”

“အမျိုးသား အသီးသီး အတူတကွ ဖွ့ံဖြိုးတိုးတက်ရေး၊ သွေးစည်းညီညွတ်ရေးနှင့် စည်ပင်ဝပြောရေးအတွက်လုပ်ဆောင်ရမည်။”  ဟုဖော်ပြထားသည်။

ပုဒ်မ (၁)။   ။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်၏ ဒေသဆိုင်ရာ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပဒေသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချမှတ်ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။

ပုဒ်မ (၉)။   ။ နိုင်ငံတော်၏အထက်အဆင့် အစိုးရအဖွဲ့အစည်းများနှင့် အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများရှိ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရအဖွဲ့အစည်းများသည် တရုတ်ပြည်၏ အမျိုးသားအားလုံး တန်းတူရေး၊ သွေးစည်းရေး၊ အပြန်အ လှန် ကူညီရေး ဟူသည့် ဆိုရှယ်လစ်ဆက်ဆံရေး စနစ်ကို ထိန်းသိမ်းစောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်စေရမည်။

မည်သည့်အမျိုးသားကိုမဆို လူမျိုးခွဲခြားမှုနှင့် ဖိနှိပ်မှုကို ပိတ်ပင်ထားမြစ်ရမည်။ အမျိုးသားသွေးစည်းညီညွတ်ရေးကို ဖြိုခွဲသည့် သို့မဟုတ် အမျိုးသားသွေးကွဲရေးကို လှုံ့ဆော်သည့် မည်သည့်လုပ်ရပ်ကိုမဆို ပိတ်ပင်တားမြစ်ရမည်။

ပုဒ်မ (၁၀)။   ။ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရအဖွဲ့အစည်းများသည် ၎င်းဒေသရှိ အမျိုးသားများ၏ ကိုယ်ပိုင်ဘာသာစကားကို လွတ်လပ်စွာရေးသား ပြောဆို အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်စေရန် အာမခံရမည်။ မိမိ တို့၏ ကိုယ်ပိုင်ရိုးရာ ဓလေ့ထုံးတမ်းများနှင့် အစဉ်အလာ အမှုအကျင့်များကို လွတ်လပ်စွာ ထိန်းသိမ်းခွင့်နှင့် ပြုပြင်ပြောင်းလဲခွင့် ရှိရေးကိုလည်း အာမခံရမည်။

ပုဒ်မ (၁၈)။   ။ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတခု၏ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရအဖွဲ့အစည်းအောက်ရှိ ဌာနများမှ ကေဒါများကို ဖြစ်နိုင်သမျှ ၎င်းဒေသရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးကျင့်သုံးနေသော နိုင်ငံသား လူမျိုးစုများနှင့် အခြားလူနည်းစုအမျိုးသားထဲမှ ရွေးချယ်ခန့်အပ်ရမည်။

ပုဒ်မ (၂၄)။   ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရ အဖွဲ့အစည်းများသည် နိုင်ငံတော်၏ စစ်ဘက်ရေးရာ စနစ်များနှင့် ဒေသ၏ လက်တွေ့လိုအပ်ချက်အရ နိုင်ငံတော်ကောင်စီ၏ အတည်ပြုချက်ကို ရယူပြီး အများပြည် သူငြိမ်ဝပ် ပိပြားရေး ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ဒေသန္တရ ပြည်သူ့လုံခြံုရေး တပ်ဖွဲ့များကို ဖွဲ့စည်းနိုင်သည်။

ပုဒ်မ (၃၀) ။  ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေများ၏ ရငွေနှင့် သုံးငွေများကို ၎င်းနယ်မြေများအား အထူးအခွင့် အရေး  ပေးမှု မူအရ နိုင်ငံတော် ကောင်စီက တိတိကျကျ သတ်မှတ်ပေးရမည်။

အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေတခုတည်း နိုင်ငံတော်၏စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ မိမိ၏ ဘတ်ဂျက်ထဲမှ အသုံးစရိတ်ကေငွေအတွက် အရံ ရန်ပုံငွေ ဖယ်ထားရမည်။ ၎င်းဘတ်ဂျက်ထဲမှ အရံရန်ပုံငွေ အချိုးအစားသည် တခြားဒေသ၏ ဘတ်ဂျက်များထဲမှ အရံရန်ပုံငွေ အချိုးအစားထက် ပိုမြှင့်၍ ပေးရမည်။

ပုဒ်မ (၃၇)။  ။ လူနည်းစု အမျိုးသား ကျောင်းသား အများဆုံးရှိသည့် ကျောင်းများတွင် ဖြစ်နိုင်သမျှ အခါတိုင်း ၊၎င်းတို့၏ မိခင်ဘာသာစကားသုံး ကျောင်းသင်္ခဏ်းစာအုပ်များကို အသုံးပြုသင့်သည်။ သင်ကြားရေး ကြားခံအဖြစ်လည်း ဤဘာသာစကားကို သုံး စွဲစေသင့်သည်။ တရုတ် (ဟန်ဘာသာစကား) သင်တန်းများကို မူလတန်း အတန်းမျိုးများ သို့မဟုတ် အထက်တန်းများ အတွက်   ပေကျင်း အသံထွက်ပေါ်တွင် အခြေခံထားသည့် အများသုံးစကား ဖူထုံးဝှါ ပျံ့နှံစေရန် သင်ကြားပေးရမည်။

ပုဒ်မ (၄၉) ။  ။ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေများရှိ နိုင်ငံဝန်ထမ်းများကို ဒေသအတွင်း အများသုံး အပြော သို့မဟုတ်  အရေးဘာသာ စကားနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုမို၍ ကျွမ်းကျင်တတ်မြောက်ပါက ဆုချီးမြှင့် ပေးအပ်ရမည်။

ပုဒ်မ (၆၅) ။  ။ နိုင်ငံတော်က လူမျိုးစု တက္ကသိုလ်များကို ထူထောင်ရမည်။ အခြား အဆင့်မြင့်ပညာရေး တက္ကသိုလ်များတွင် လည်း    လူနည်းစု အမျိုးသား  ကျောင်းသားများကိုသာ လက်ခံသော ၊ လူမျိုးစု အဓိကထားသော သင်တန်းများနှင့် ကျောင်းဝင် ခွင့် အကြိုသင်တန်းများကို တည်ထောင်ပေးရမည်။

-ဦးစားပေး ကျောင်းဝင်ခွင့်နှင့် ဦးစားပေး အလုပ်ခန့် အပ်ခြင်း စနစ်များကိုလည်း ချမှတ်နိုင်သည်။ ကျောင်းဝင်လက်ခံရာတွင် အဆင့်မြင့် ပညာရေး တက္ကသိုလ်များနှင့် စက်မှုအထက်တန်းကျောင်းများက လူနည်းစု အမျိုးသားကျောင်းသားများအတွက်   ကျောင်းဝင်ခွင့် စံနှုန်းနှင့် အရည်အချင်း သတ်မှတ်ချက်တို့ကို သင့်တော်စွာ နှိမ့်ချပေးရမည်။

–       ဟူ၍ ပြဌာန်းထားချက်များကို တွေ့ရှိရပါသည်။

တခြားနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တစ်ပြည်ထောင်စုတွင်ပင်လျှင် အထက်ပါအခွင့်အရေးများကို လူမျိုးစုများအတွက် ပေးအပ် ပြဌာန်းထားသည်ကိုတွေ့ရပါသည်။ ပြည်ထောင်စုစနစ်ကိုသွားမည့် မြန်မာနိုင်ငံအနေဖြင့်ဆိုပါမူ ထိုထက်ပင် ပိုမိုပြည့်စုံရန် လိုအပ်မည် ဖြစ်ပါသည်။ ယခုမြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒေတွင် ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ” အတွက် အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးလောက်ကိုပင်လျှင် ဘာတစ်ခုမှ ပေးအပ်ပြဌာန်းထားခြင်းမရှိသည်ကို အပွင့်လင်းဆုံး တွေ့မြင် နေရပါသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများ နှိုင်းယှဉ်လေ့လာနိုင်ပါရန် တင်ပြခြင်းသာဖြစ်ပါ သည်။ နိုင်ငံလွတ်လပ်ရေးကို အရယူနိုင်ခဲ့သော လူမျိုးပေါင်းစုံပြည်သူများအနေဖြင့် လွတ်လပ်ရေးနှင့်အတူ တောင်းဆိုခဲ့သည့် ကိုယ်ကြမ္မာကိုယ် ဖန်းတီးခွင့် ၊ ကိုယ်ပိုင်းပြဌာန်းခွင့် အခွင့်အရေး လုံးဝ (လုံးဝ) ပျောက်ဆုံးနေပါသည်။ ဝေးသော – သာ၍ဝေး   သော – ဟိုတစ်ဖက်ကမ်းမှာ – ဟုသာ ထင်မှတ်ရပါတော့မည်။ နိုးနိုးကြားကြား ရှိရန်လိုပါသည်။

ဦးမျိုး ( ဥပဒေ)
၂၅.၃.၂၀၁၂

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

One comment

  1. I would like to suggest that, we should form a federal union like United States, means not based on ethnic state, but based on regions. Why? We live together for long time ago and there are a lot of mix-blood spread in almost all area. For example, some Mon live in Kayin State, also some Pa-Oh live in Thahton, Mon State.
    Next, we should accept that Bamar group has most population almost 68% (ref. CIA, U.S.) and we are used to be with 14 regions for administration. If based on the population ratio, Bamar has more than half. Kayah (Kayinni) has a few but has a state. So that, instead of 8 states, I would like to stay as it is and should empower the regional governments.

    Or other options as
    divide Shan State into three as Eastern State, Northeastern Sate and Taunggyi State (based on locations, not based on ethnic names). So current Shan State will get 3x in Senate and 3 prime ministers.
    And combine Magway and Mandalay as Central State, Yangon and Bago as Southern State, by that way there will be 5 regions.

    Actually, Taninthari region is a unique region because there are a lot of Mon, Kayin, Bamar and local nationals live spread along that region. We should accept as a Peninsular State.

    Ayeyarwaddy division also same situation. It should become Delta State or same name but statehood as Ayeyarwaddy State.

    We should recognize the ethnic languages as dominate the regions.

    All States should have the power to manage the resources of its own, and Federal government must receive the agreement with regional governments and local people, for big projects such as Dams, Nuclear Plants, ….

    Thanks.
    Min Aung Moe

%d bloggers like this: