spot_img
Wednesday, April 24, 2024
More
    spot_img
    Homeဆောင်းပါးမီးဇာမှန်အိမ် မြှင့်လိုက် ကြပါစို့။

    မီးဇာမှန်အိမ် မြှင့်လိုက် ကြပါစို့။

    -

    ဦးမျိုး (ဥပဒေ) – အမှောင်ထဲ လမ်းလျှောက်ခဲ့ရတာ ကြာရှည်ပေါ့လား။ ၁၉၈၈ ခုနှစ်မှ ပါတီစုံ ဒီမိုကရေစီ စနစ်တောင်း ဆိုမှုကို မြင်ခဲ့ရသည်။ အရှုးမီးဝိုင်း ခံရတော့ ”စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ် တယ်ကွ။ သေဖို့သာ မှတ်ပေရော့” အော်ပြီး ဆင်းပြေးသွားတဲ့ စစ်အာဏာရှင်ထိပ်သီး ဗိုလ်နေဝင်းကို ရ -ရက်သားသမီးများဖြစ်တဲ့ မျိုးဆက်သစ်များ မြင်တွေ့လိုက်ကြပေသည်။ ၈ – ၈ – ၁၉၈၈ ကနေ စစ်တပ်က အာဏာပြန်သိမ်းတဲ့ ၁၈ -၉-၁၉၈၈ နေ့ထိ ပြည်သူ့ အုပ်ချုပ်ရေး ဖြစ်ခဲ့တဲ့ ကာလကို မမေ့သင့်ပါပေ။ ဘယ်ရုံးမှ ရုံးတက်စရာ မလိုခဲ့ပါ။ သို့သော် ကြားဖြတ်အစိုးရ တရပ် မဖွဲ့စည်းနိုင်ခဲ့ပါ။ ဖွဲ့နိုင်ခဲ့လျှင် ပါတီစုံပွဲက ပွဲပြတ်သည်။ သို့သော် ယနေ့ထိ ပါတီစုံ စနစ်က ပွဲမပြတ်ဖြစ်နေသည် ကို သက်ဆိုင်ရာ ရွေးကောက်ပွဲ အမျိုးမျိုးက သက်သေပြနေသည်။

    ၈ လေးလုံး၌စစ်တပ်မှဖြိုခွင်းပုံ(photo-internet)
    ရွေးကောက်ပွဲတိုင်းတွင် ထားရှိသင့်သည့် ပါတီစုံဆိုင်ရာ မူ ၀ါဒ သဘောထားများ ကို နားလည်သင့်ပါသည်။ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ရောက်ချင်ရာရာ မရောက်ကောင်းပါ။ အများသူငါ ပါ၀င်နိုင်ရမည့် ပါတီတိုင်း ပါ၀င်ခွင့် ရရမည့် သံဃာစုံ ။ရေမီး အစုံ ပါ၀င်မှုမျိုး ဖြစ်ရပါမည်။ ရေမှုတ် တဖက် မီးစ တဖက် သဏ္႑ာန်ဆောင် ဟန်ပြ ပါတီစုံပုံစံ မော်ဒယ်များကိုကား ကျောက်ခေတ်ကသမိုင်းပြတိုက်ထဲ သွားပြရမလို ခေတ်နောက်မကျကောင်းပါ။ ကမ္ဘာ အနောက်ခြမ်းတွင် အရင်းရှင်စနစ်ထွန်းပေါ်နေချိန် တွင် အရှေ့ခြမ်းက မြန်မာတို့မှာ စိန်ခြူးကြာညောင် လရောင်လင်းပါလို့ မယ်ခုမျှော် တီးလုံးနဲ့ ပဒေသရာဇ်ခေတ်တွင်ပင် သီပေါမင်း ပါတော်မူခဲ့ရသည့် ခေတ်နောက်ကျမှုမျိုး ယနေ့ထိ တည်ရှိနေသည်ကို မျက်ခြေ မပြတ်သင့်ပါပေ။ ရှင်းရှင်းပြောရလျှင် အောက်တန်းကျလျှင် နောက်တန်းရောက်သွားတတ်ပါသည်။ နောက်တန်းရောက်လေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝက မလွတ်မြောက်လေ ဖြစ်ပါမည်။ ဘယ်သူ့အားကိုးဖြင့် စစ်အုပ်စုစစ်ခေါင်းဆောင်များ ပြည်တွင်းစစ်ကို ဆက်မီး မွှေးချင်မှန်း မသိ ဆက်တိုက်နေသည်ကို အားလုံးဝိုင်းဝန်း ငြိမ်းသတ်ရန် လိုလာပါသည်။ စစ် အုပ်စု ကောင်းစားမည့် ခေတ်ထက် ပြည်သူ့ခေတ် ကို ဖန်တီးရပါ မည်။ တိုင်းပြည်သည် စစ်အုပ်စု ခေါင်းဆောင်များအတွက် စားကျက်ကောင်း မဖြစ်သင့်ပါ။ စစ်တပ်သည် တိုင်းပြည်အတွက် ၀န်ထမ်းကောင်း ဖြစ်ရပါမည်။ နိုင်ငံ့ဝန်ထမ်းများသည် ပါတီ နိုင်ငံရေးနှင့် ကင်းရှင်းရမည်။ -ဟု အခိုင်အမာ ဖွဲ့စည်းပုံ အခြေခံမူ ပုဒ်မ-၂၆(က)ကို စစ်အုပ်စုခေါင်းဆောင်များ ဖောက်ဖျက် ကျူးလွန်ထားသည်။ ၂၅ ရာခိုင်နှုန်းက စစ်တပ်။ ကျန် ရ၅ ရာခိုုင်နှုန်းတွင် စစ်တပ်ပါတီကြံ့ဖွဲ့က မရမနေ ရာခိုင်နှုန်း အများဆုံး ရနိုင်ရန် ကြိုတင်ပြင်ဆင် ပြဌာန်း ထားသည့် ဥပဒေတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေတွေက အမြောက်အမြားပင် တွေ့နေရသည်။

    NLD ဥက္ကဌဒေါ်အောင်ဆန်းစုကြည်(photo-internet)
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းခြင်း၊ ပုဒ်မ-၃၉၈ (ခ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နှင့် အဖွဲ့ဝင်များသည်- (၇) နိုင်ငံရေး ပါတီဝင် မဟုတ်သူ ဖြစ်ရမည်။ (၈) လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည်။ ဟု ပြဌာန်းချက်များကို လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် တဖွဲ့လုံးက လိုုက်နာခြင်း ရှိ မရှိ ဦးစွာ ပထမ စစ်ဆေးရပါမည်။ ဟုတ်ပါ၏လော၊ မှန်ပါ၏လော။ ကော်မရှင်အဖွဲ့ဝင်အားလုံးမှာ ဥက္ကဋ္ဌ ဗိုလ်တင်အေးမှအစ ကြံ့ဖွံ့ပါတီဝင် ဗဟိုကော်မတီ များဖြစ်ခဲ့ကြသည်ကို လုံးဝမမေ့သင့် ပါပေ။ အဖွဲ့ဝင်အားလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်၍ ရာထူးရယူထားခြင်း ဖြစ်ကြောင်း နိုင်ငံရေးပါတီ အားလုံးတွင် အရေးဆိုပိုင်ခွင့် ရှိပါသည်။

    ထို့ပြင် ကော်မရှင်ကို ပုဒ်မ ၃၉၈ (က) အရ ခန့်အပ်တာဝန်ပေးသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်(ဗိုလ်ချုပ်ကြီး သိန်းစိန်) သည်ပင်လျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၈ -အရ”နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊စုငွေနှင့် အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှုးထံ ပေးပို့ရမည်။” ဟုပါရှိသည်ကို လွှတ်တော်များ အကြိမ်ကြိမ် ကျင်းပလာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့ထိ ဥပဒေကို လိုက်နာပြီး စာရင်းပြုစု အပ်နှံထားခြင်းမရှိသည်ကို ထုတ်ဖော်ကြရန် လိုပါသည်။ အပြော သက်သက် ဖြစ်စေသတည်း ဆိုလျှင် မ ဆ လ အောင်မြင်ခဲ့တာကြာပြီ။ သို့သော် သမိုင်း အမှိုက်ချင်းတောင်းထဲမှ ပြန်မတက်နိုင်သည်ကို သင်ခန်းစာယူသင့်ပါသည်။ ဆက်မလိမ် သင့်တော့ပါ။ ပွင့်လင်းမြင်သာသည့် လူ့အဖွဲ့အစည်းကို ကိုယ်ကိုယ်တိုင် ဖန်တီးကြရပါ မည်။

    အာဏာသိမ်းဗိုလ်ချုပ်နေဝင်း
    ခုလတ်တလော လာမည့် ဧပြီလ ၁ -ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကို တို့၏ ၂၃- ၂ -၂၀၁၂ နေ့က ဖြေကြားချက်တွင် ပါရှိသည့် – ကြိုတင်မဲ ပေးခြင်းနှင့် သက်ဆိုင်သည့် ဖြစ်စဉ်ကို နိုင်ငံရေးပါတီတွေ အနေဖြင့် ကြည့်ရှုစစ်ဆေးခွင့် ဥပဒေတွင်မပါရှိကြောင်း ပြောကြားခဲ့သည်။ဤအချက်နှင့် ပတ်သက်၍ သတင်းထောက် များ၏ မေးမြန်းချက်ဖြစ်သော-” ဒါဆို ဒီကြိုတင်မဲ စာရင်းပြုစုတာ၊ တိုက်ဆိုင် စစ်ဆေးတာ၊ မဲပေးတာ စတဲ့ဖြစ်စဉ်မှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း တွေက စောင့်ကြည့်နိုင်တဲ့ အနေအထား မပါဘူးပေါ့” ဆိုသည့်မေးမြန်းချက်အပေါ် ဥက္ကဌက ”ဟုတ်ပါတယ်။ မပါပါဘူး။”ဟု ဖြေကြားခဲ့ပါသည်။ ကြိုတင်မဲများမှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဗြောင်တိုမဲများ ဖြစ်ခဲ့ကြသည်ကို သက်ဆိုင်ရာ ကော်မရှင်များကပင် ၀န်ခံထားသည်များကို တွေ့ရပါသည်။

    လောလောလတ်လတ် တွေ့နေရပြန်ပြီ။ ”ပုံမှန် မဟုတ်တဲ့ မူမမှန်မှု ဆိုတာက ရွေးကောက်ပွဲ မဲပေးနိုင်သူ စာရင်းတွေမှာ သေဆုံး ထားပြီးတဲ့သူ တွေ စာရင်းတွေ ပါ၀င်နေပြီး၊ သူတို့တွေက ဧပြီ ၁- ရက်နေ့ရွေးကောက်ပွဲတွေမှာ မဲပေးရမလို ဖြစ်နေတယ်။” လို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပြောလာပါသည်။ သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် ထုတ်ပြန်သည့် မဲပေးနိုင်သူ စာရင်းများတွင် သေဆုံးသွားသူများ၊ ပြောင်းရွှေ့သွားသူများ ပါ၀င်နေခြင်း၊ အသက်ပြည်သူများ၊ သက်ရှိထင်ရှားရှိနေသူများ မပါ၀င်ခြင်း၊ အချို့သူများ၏ အမည်များ အကြိမ်ကြိမ် ထပ်၍ပါ၀င်နေခြင်း စသည်တို့ ဖြစ်ပေါ်နေကြောင်း ပြောဆို ဝေဖန်မှုများ ရှိနေကြပါသည်။ အစမရိုးတဲ့ ဘယ်အစိုးရမျိုး ကိုမဆို ဘယ်ပြည်သူလူတုကမှ ယုံယုံကြည်ကြည် ဆက်ဆံကြမည် မဟုတ်ပါ။

    ”မြန်မာနိုင်ငံက စစ်အစိုးရအဆက်ဆက်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ပုံတွေ၊ ပြည်သူတွေကို ချုပ်ချယ်ဖို့ ဥပဒေတွေ ပြဌာန်းခဲ့ပုံ ကိစ္စတွေ တင်ပြမယ့် စာသားတွေကို အာဏာပိုင်တွေက ပြောကြားခွင့် မပြုဘူး။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။ ”ကျမရဲ့ တီဗီက ထုတ်လွင့်မယ့် မဲဆွယ်စည်းရုံးတဲ့ မိန့်ခွန်းကိုလည်း ပြည်ထဲရေး ၀န်ကြီးဌာန စိစစ်ရေးကို တင်ပြထားရတယ်။ကျမ အနေနဲ့ သတင်းလွတ်လပ်ခွင့် မရှိသေးဘူး ဆိုတဲ့ ပြောဆိုချက်အပေါ်မှာ သဘောတူတယ်။”

    “ကျမတို့ လုံးဝလွတ်လပ်တဲ့ သတင်းဆက်သွယ်ရေး စနစ်မရှိသေးပါဘူး။ ဒါကိုကျမ သဘောတူတယ်။ဒါကလည်း ကျမတို့ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ စေခဲ့တဲ့ အချက်တချက်ပါပဲ။ ဒီလို လွတ်လပ်ခွင့်တွေ ရဖို့ ကျမတို့ ဆက်ပြီး အလုပ်လုပ်သွားရပါမယ်။” ဟု ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အလေးအနက်ထား ပြောကြားသွားပါသည်။
    လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် မှ မရှိလျှင်၊ လွတ်လပ်စွာ အသက်ရှုခွင့်ကော ရှိနိုင်ပါမည်လော ။

    ဒီမိုကရေစီ အလင်းရောင် ထွန်းပြောင်နိုင်စေဖို့ မီးဇာမှန်အိမ် မြှင့်လိုက်ကြပါစို့။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts