spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ မိမြင့်မြင့်ဝေမြန်မာ့ရုပ်မြင်သံကြားတွင်ဟောပြော

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ မိမြင့်မြင့်ဝေမြန်မာ့ရုပ်မြင်သံကြားတွင်ဟောပြော

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – လာမည့်အေပြီလ(၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မိမြင့်မြင့်ဝေသည် ယမန်နေ့(မတ်လ-၉)ရက်နေ့ ညပိုင်းတွင် မြန်မာ့အသံရေဒီယိုရုပ်မြင်သံကြားအစီအစဉ်မှ (၁၅) မိနစ်နီးပါးခန့်ဟောပြောတင်ပြခဲ့သည်။

    ယင်းဟောပြောမှုတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ နိုင်ငံရေးသဘောထားနှင့်လုပ်ငန်းစဉ်များကို အပိုင်းနှစ်ပိုင်းခွဲ၍ တင်ပြခဲ့ခြင်း ဖြစ်သည်။

    မြန်မာ့အလင်းသတင်းစာပါရှိသော မိမြင့်မြင့်ဝေ ဟောပြောနေပုံ
    “နိုင်ငံရေးဝါဒသဘောထားမှာ (၁) ပြည်သူတစ်ရပ်လုံး ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရန်။ (၂) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံသော ခိုင်မာသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုတည်ဆောက်ရန်။ (၃) စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန်။ (၄) စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းတည်တံ့ခိုင်မြဲရန်။ (၅) အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားရန်။ (၆) လူမှုဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားရန်။ (၇) ငြိမ်းချမ်းသောကမ္ဘာ့လူနေမှုစနစ် ထွန်းကားလာရေးအတွက်ဆောင်ရွက်သွားရန် တို့ပါရှိသည်။

    ထို့အပြင်မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏လုပ်ငန်းစဉ်များကို နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လူငယ်ကဏ္ဍ၊ မသန်မစွမ်းကဏ္ဍ၊ နိုင်ငံခြားကဏ္ဍ၊ မဟာမိတ်ကဏ္ဍ တို့ကိုပြောကြားခဲ့သည်။

    “အခုတခါကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျနော်တို့ပါတီရဲ့ သဘောထားကို ပြည်သူတွေထပ်မံတင်ပြတာဖြစ်တယ်၊ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလကတည်းက ကျနော်တင်ပြခဲ့တဲ့ ပါတီရဲ့ပေါ်လစီတွေပါပဲ” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်ငွေသိန်း(နိုင်ဂျနူမွန်)က ပြောသည်။

    နိုင်ငွေသိန်း(နိုင်ဂျနူမွန်) က ၄င်းတို့၏မူဝါဒ ၊ သဘောထား လုပ်ငန်းစဉ် စသည်တို့ကို ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ (၂၉)ရက် ညနေပိုင်း မြန်မာ့အသံရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပြီးဖြစ်သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယနေ့တွင် မော်လမြိုင်မြို့သို့ရောက်ရှိမည်ဖြစ်ပြီး မနက်ဖြန်နံနက်(၉) နာရီတွင် ကျွဲခြံကုန်းကျေးရွာဘောလုံးကွင်း၌ မဲဆွယ်စည်းရုံးမှုဟောပြောပွဲကျင်းပရန် ဒေသခံများကို ဖိတ်ကြားထားသည်။

    လာမည့်ဧပြီလ(၁) ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်းများတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ မိမြင့်မြင့်ဝေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒေါ်ခင်ဌေးကြွယ်တို့မှာ အမျိုးသမီးရှေ့နေများ ဖြစ်ကြသည်။

    ထို့အတူ မော်လမြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(တစည)မှ ဦးအောင်သန်းဦးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဦးတင်စိုးမိုးနိုင်တို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

    သို့ရာတွင် မော်လမြိုင်မြို့နယ်မဲဆန္ဒရှင်အမည်စာရင်းများကို ယနေ့တိုင်မထုတ်ပြန်နိုင်သေးဟု ရွေးကောက်ပွဲဝင်ပါတီများပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts