spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးကျေးရွာဝါဒ ပြောင်းလဲနိုင်ပါ့မလား။

    ကျေးရွာဝါဒ ပြောင်းလဲနိုင်ပါ့မလား။

    -

    ဦးမျိုး (ဥပဒေ) -၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ ဖြစ်သော ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဥပဒေကို နိုင်ငံတော် သမ္မတက ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

    ဤဥပဒေ၏ အခန်း (၄) ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန်ပေးခြင်း။ ပုဒ်မ – ၆ တွင် “မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်းရှိ အများကြည်ညိုလေးစားပြီး သြဇာတိက္ကမရှိသည့် ရပ်မိရပ်ဖ ငါးဦးကို ရွေးချယ်၍ ကြီးကြပ်ရေး အဖွဲ့ အဖြစ် တာဝန် ပေးအပ်ရမည်” ဟု ဖော်ပြထား သည်ကိုတွေ့ရပါသည်။ မြို့အုပ်က ရပ်/ကျေး ကြီးကြပ်ရေး အဖွဲ့ဝင် ၅ ဦးကို တာဝန်ပေးအပ်ရမည် -ဖြစ်ပါသည်။ ထိုအဖွဲ့ဝင် ၅ ဦးကို ရပ်/ကျေးနေ ပြည်သူ လူထုများက ကြိုက်နှစ်သက်ခြင်း ရှိ/မရှိ နှင့် ပတ်သက်၍ ဆန့်ကျင်ခြင်း၊ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းပြု နိုင်ပါရန် ဤဥပဒေတွင် ပြဋ္ဌာန်းချက်များ ပါရှိမလာပါ။ ကြီးကြပ်ရေး အဖွဲ့ဝင် ၅ ဦးကို မြို့အုပ် တဦးတည်းက တာဝန်ပေးအပ်သူသာ ဖြစ်ရပါတော့မည်။ အဖွဲ့ဝင် ၅ ဦးထဲမှ မည်သူ့ကိုမဆို ပြည်သူလူထုက သဘောထား ပေးပိုင်ခွင့် ပေးအပ်ထားရပါမည်။ သို့မှသာ ပြည်သူ့ဆန္ဒနှင့် အညီ ရွေးချယ်မည့် ပြည်သူ့ကိုယ်စားလှယ်များ အမှန်အကန် ရရှိနိုင်ပါမည်။ လူထုပါ၀င်မှုကို ဖိတ်ခေါ်သင့်ပါသည်။

    တဆက်တည်း ပုဒ်မ -၇ တွင် “ကြီးကြပ်ရေး အဖွဲ့သည် – (က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်းရှိ အိမ်ခြေစာရင်းကို ရယူ၍ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအလိုက် ဆယ်အိမ်စု အစုအဖွဲ့များ ဖွဲ့စည်း ရမည်”ဟု ပါရှိပါသည်။ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ဖွဲ့စည်းရမည် -ဟုဆိုရာတွင် နည်းလမ်း လုပ်ထုံးလုပ်နည်းများကို တပါတည်း ပြဋ္ဌာန်းပေးလိုက်နိုင်ရပါမည်။

    ပြည်သူလူထု ကိုယ်တိုင်ပါ၀င်လာနိုင်ရန် နည်းလမ်းကောင်းများ ရှာဖွေ၍ လုပ်ထုံးလုပ်နည်း သတ်မှတ်ပေးသင့်ပါသည်။

    ပုဒ်မ- ရ(ဂ) တွင် “ဆယ်အိမ်စု တစုတွင် ပါ၀င်သော သက်ဆိုင်ရာ အိမ်ထောင်ဦးစီးများက မိမိတို့ဆယ်အိမ်စုတွင် နေထိုင်သူများအနက်မှ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တဦးအား လျှို့ဝှက်ဆန္ဒ မဲပေး၍ ရွေးချယ်ခြင်း ခံရသူ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက် တို့ကို တင်ပြစေရမည်။”

    ပုဒ်မ – ရ(ဃ) တွင် “ဆယ်အိမ်စု တစ်စုစီအလိုက် ရွေးချယ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးကို သတ်မှတ် အရည်အချင်းများနှင့် ပြည်စုံခြင်း ရှိ မရှိ စိစစ်ရမည်။ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကို ဆယ်အိမ်စု ကိုယ်စားလှယ်များ အဖြစ် အမည်စာရင်းပြုစုရမည်။”

    ပုဒ်မ – ရ(စ) တွင် “ပုဒ်မခွဲ (င) အရ ပြုစုထားသော အမည်စာရင်းပါ ပုဂ္ဂိုလ်များ အနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး တဦး ကို ဆယ်အိမ်စု ကိုယ်စားလှယ်များ အားလုံးက လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်စေရမည်။ရရှိသော မဲစာရင်းကို ရေတွက်၍ ကြေညာရမည်။”

    -ဟူ၍ဖော်ပြထားသည်ကို အတိအလင်းတွေ့မြင်ရပါသည်။

    ပွင့်လင်းမြင်သာသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် မရှိမဖြစ် လူထုပါ၀င်မှုကို ရရှိစေရန် အများပြည်သူလူထုရှေ့မှောက်တွင် ကျင်းပပြုလုပ်ပေးသင့်ပါသည်။

    ပုဒ်မ -၁၀ တွင်- “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးသည် နိုင်ငံရေးပါတီ တခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ခန့်အပ်တာဝန် ပေးသည့် နေ့မှစ၍ မိမိတာဝန်ထမ်းဆောင်စဉ် သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါ၀င်ဆောင်ရွက်ခြင်း မပြုရ” ဟု ပြဋ္ဌာန်း ထားချက်မှာ ပါတီစုံနိုင်ငံရေး စနစ်ကျင့်သုံးသည့် နိုင်ငံတိုင်းလိုက်နာ ရသည့်မူဖြစ်ပါသည်။ မည်သည့် ပါတီ အဖွဲ့အစည်း၏ သြဇာအာဏာ ၀င်ရောက်စွက်ဖက်မှုကိုမျှ လက်မခံနိုင်ရန် ကာကွယ်ရပါမည်။ ပြည်သူလူထု၏ ဥပဒေပါ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာတွင် ဘက်လိုက်မှု လုံးဝ ကင်းရှင်းရပါမည်။ သက်ဆိုင်ရာ အာဏာရပါတီက “တို့ပါတီ အနိုင်မရနိုင်လျှင် မင်းတို့အားလုံး ဖြုတ်ပစ်မယ်” ဟူ၍ ခြိမ်းခြောက်သံများကိုလည်း ကြောက်လန့်စရာ မလိုပါ။ လူထုနည်း လူထုလက်တွေ့ဖြင့် တိုက်ရိုက်ပါ၀င် ရင်ဆိုင်သင့်ပါသည်။ ကိုယ် ကိုယ်တိုင်ပါ၀င်မှ ကိုယ်နှင့် မထိုက်တန်သည့် အစိုးရ၏ အန္တရာယ်ဘေးမှ ကင်းဝေးနိုင်ပါမည်။

    ဤဥပဒေ အခန်း (၇)။ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှုး၏ လုပ်ငန်းတာဝန်များ။ ပုဒ်မ ၁၃ အရ လုပ်ငန်းတာဝန်များကို ပုဒ်မခွဲ (က) မှ ပုဒ်မခွဲ (ဠ) အထိ တာဝန်ပေါင်း (၃၂) ခုကို ပြဋ္ဌာန်းထားသည်ကိုတွေ့ ရပါသည်။ ပုဒ်မ ၁၃ (ဆ) တွင် “အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ ညဉ့်အိပ် ညဉ့်နေ လာရောက်တည်းခိုသော ဧည့်သည်များအတွက် ဧည့်စာရင်း တိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်း စစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်း” ဟု ဖော်ပြပါရှိပြီး၊ ပုဒ်မ ၁၇ (က) တွင်လည်း “အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု တခုခုတွင် နေထိုင်ပြီး မိမိအိမ်ထောင်စု စာရင်းဝင် မဟုတ်သူက ညဉ့်အိပ် ညဉ့်နေ ဧည့်သည်အဖြစ် လာရောက်တည်းခိုခြင်းကို တိုင်ကြားရမည်ဟုပါရှိပါသည်။ ပျက်ကွက်လျှင် ပုဒ်မ ၂၇ -အရ ကျပ် ငါးထောင်ထက် မပိုသော ငွေဒဏ်၊ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနှစ်ရက် ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာ တရားရုံးက ချမှတ်ရမည်” ဟုပြဋ္ဌာန်းထားပါသည်။ ဧည့်စာရင်း တိုင်ခဲ့ရသည့် ကာလနှင့် ခေတ်ကိုပြန်ကြည့်လျှင် အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့လက်အောက်က ကျွန်သဘောက် ဘဝဖြစ်ပါသည်။ “ဤဥပဒေ ပုဒ်မ ၃၇ -တွင် မြို့များအက်ဥပဒေ (၁၉၀၇ -ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ် ၃) နှင့် ကျေးရွာ အက်ဥပဒေ (၁၉၀၇ -ခုှနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ် ၆ ) တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်”ဟုပါရှိပါသည်။

    ရုပ်သိမ်းလိုက်သည့် ဥပဒေများတွင် ပါရှိသည့် အထက်ပါ ဧည့်စာရင်း ပုဒ်မကို အဘယ်အတွက်ကြောင့် မရုပ်သိမ်းပါသနည်း။ မေးခွန်းထုတ်စရာ အချက်အလက် ကြီးကြီးမားမား ရှိလာပါသည်။ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးသား ချင်းလာလို့မှ ဧည့်စာရင်းသွားတိုင် ရသည်ဆိုလျှင်ပင် အိမ့်ကြက်သရေ ရုတ်လျော့သွားပါသည်။ အရပ်တကာ လူအများ သိက္ခာကျရမည့် အလုပ်မျိုးကို တမင်တကာလုပ်ခိုင်းနေခြင်းမျိုးမှာ ခေတ်ကာလနှင့် မဆီလျော် ပါ။ ကိုယ့်မြေကို သူ့မြေအဖြစ် လုယူခံခဲ့ရသည့် ကျွန်သဘောက်ဘဝက လူခွန်ပေးခဲ့ရသည်များကို မမေ့သင့်ပါပေ။ ရပ်ရွာ အေးချမ်းသာယာရေး ငြိမ်ဝပ်ပိပြားရေးကို တိုင်းပြည် လွတ်လပ်ရေးက အာမခံရပါမည်။ လွတ်လပ်သည့် နိုင်ငံတိုင်းတွင် ဤကဲ့သို့ ဥပဒေများကို ဖျက်သိမ်းပြီး ဖြစ်ပါ၍ ဤပုဒ်မအား မနှေးအမြန် ဖျက်သိမ်းပစ်ရန်လိုအပ်ပါသည်။

    ထို့နောက် မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရအဖွဲ့ ၂၀၁၁ ခုနှစ်၊အောက်တိုဘာလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၄၄/၂၀၁၁ ဖြင့် လယ်ယာမြေ ဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော် လယ်ယာမြေဥပဒေ မှာ ယနေ့ထိထွက်ရှိလာခြင်း မရှိသေးပါ။ ဤကဲ့သို့ လယ်ယာမြေကိစ္စရပ်များ အားလုံးနှင့် အကျုံးဝင်စေမည့် ဥပဒေတရပ် ထုတ်ပြန်နိုင်ခြင်း မရှိသေးသည့် အချိန်တွင် ယခု ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ၏ ပုဒ်မ ၁၃(ဘ) -တွင် “တည်ဆဲ ဥပဒေတရပ်ရပ်က အပ်နှင်းထားသော လုပ်ပိုင်ခွင့်အရ လယ်ယာမြေ စီမံခန့်ခွဲခြင်း” တာဝန်ကို ပေးအပ်ထားသည် ကိုတွေ့ရပါသည်။

    လယ်ယာမြေစီမံခန့်ခွဲပိုင်ခွင့် ကို သက်ဆိုင်ရာ လယ်ယာမြေဥပဒေ မပြဋ္ဌာန်းနိုင်သေးမီကာလတွင် ခေတ္တဆိုင်းငံ့ထားသင့်ပါသည်။ နိုင်ငံနှင့် အဝှမ်း ပေါ်ပေါက်နေသည့် လယ်ယာမြေ ပြဿနာ အားလုံးကို ကျေးရွာ အုပ်ချုပ်ရေးမှုးများ၏ ခေါင်းပေါ်သို့ ပုံမချသင့်ပါ။ ပြည်သူ့အုပ်ချုပ်ရေး ကိုဦးတည် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

    ဥပဒေများ၏ ခေါင်ချုပ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ -၂၈၉ တွင် ပြဋ္ဌာန်းထားသည့် အလျောက် ယင်းသို့ခန့်အပ်တာဝန်ပေးပြီး ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်ဟု နိဒါန်းတွင် ရေးထားပါသည်။

    ဤကဲ့သို့ပင်ပုဒ်မ- ၂၈၈ တွင် ´ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံံ့ ၀န်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်။ ဟုပြဋ္ဌာန်းပါရှိပါသဖြင့် မြို့နယ် နှင့် ခရိုင် အုပ်ချုပ်ရေး ဥပဒေများ အလားတူထုတ်ပြန် လာနိုင်လျှင် ပြည်သူ့အုပ်ချုပ်ရေး ပိုမိုပီပြင်ပြီး ပိုမိုစည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီကို ဖော်ဆောင်လာနိုင် လေမလား စိတ်ကူးယဉ်ရမလိုလို ပင်။

    ဤဆောင်းပါးရေးနေလျှက် တန်းလန်းမှာပင် နိုင်ငံကျော် အဆိုတော်ကြီး ကိုအံ့ကြီး ၏ ကျေးရွာ ၀ါဒ သီချင်းကို ကြားယောင်မိပါသည်။ ကျေးရွာ ၀ါဒ ပြောင်းလဲလိုုက်ကြပေါ့ ခင်ဗျာ။

    ဦးမျိုး (ဥပဒေ)
    ၂ – ၃ – ၂၀၁၂

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts