spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအမျိုးသမီးတို့ဘဝလုံခြုံမှုရှိစေရေး သမ္မတကြီးအားမွန်အမျိုးသမီးများတောင်းဆို

    အမျိုးသမီးတို့ဘဝလုံခြုံမှုရှိစေရေး သမ္မတကြီးအားမွန်အမျိုးသမီးများတောင်းဆို

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ– ယမန်နေ့တွင်ကျရောက်သော (၇)ကြိမ်မြောက်မွန်အမျိုးသမီးနေ့တွင် အမျိုးသမီးတို့ဘဝလုံခြုံမှုရှိစေရေးနှင့် လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးဖြစ်ပေါ်စေရေး စသည့်အချက်များဖြင့် သမ္မတကြီးဦးသိန်းစိန်အား မွန်အမျိုးသမီးများ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

    ဂျပန်ရေတွင်းရွာမှမွန်အမျိုးသမီးတစ်ဦးမိန့်ခွန်းပြောကြားနေစဉ်- Photo-IMNA

    ယမန်နေ့တွင်ကျရောက်သော မွန်အမျိုးသမီးနေ့ကို Mon Women Network-MWN မှကြီးမှူး၍ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာနှင့် ပြည်တွင်းရှိဒေသအချို့တွင်လည်း ကျင်းပခဲ့ကြသည်။

    “ကျမတို့ နယ်စပ်မှာရှိတဲ့အဖွဲ့တွေက ဂျပန်ရေတွင်းမှာအခမ်းအနားလုပ်သလိုပဲ ရေးချောင်းဖျားဒေသ၊ မွန်အမျိုးသားပညာရေးဌာန ညီစားစခန်းမှာလည်းလုပ်တယ်၊ မော်လမြိုင်နဲ့ မွန်ရွာအတော်များများမှာ ကျင်းပခဲ့တယ်” ဟု MWN အဖွဲ့ဝင် မွန်လူငယ်တိုးတက်ရေးအဖွဲ့ MYPO ဥက္ကဌ မိအိုင်းစွမ်းက ပြောသည်။

    ဂျပန်ရေတွင်းရွာ အလယ်တန်းကျောင်းဆောင်၌ ယမန်နေ့နံနက် ၁၀ နာရီတွင် အခမ်းအနားစတင်ကျင်းပခဲ့ရာ တစ်နာရီခန့်အချိန်ကြာမြင့်ခဲ့ပြီး မွန်အမျိုးသမီးရေးရာတက်ကြွလှုပ်ရှားသူများနှင့်အတူ ဒေသခံတစ်ရာကျော်ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    ဂျပန်ရေတွင်းရွာ မွန်အမျိုးသမီးနေ့အခမ်းအနားတွင် မွန်အမျိုးသမီးနေ့ဖြစ်ပေါ်လာပုံနှင့် မွန်ဘုရင်မကြီးရှင်စောပု၏အထုပ္ပတ္တိအကျဉ်း၊ ထုတ်ပြန်ကြေညာချက်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်၏ သဝဏ်လွှာတို့ကို ဖတ်ကြားခဲ့သည်။

    ထို့အတူ မော်လမြိုင်မြို့၊ မွန်ဓမ္မာရုံ၌ ယမန်နေ့တွင် မွန်အမျိုးသမီးနေ့အခမ်းအနားကျင်းပခဲ့ရာ၌ လူငယ်နှစ်ရာကျော်တက်ရောက်ခဲ့ကြောင်း အခမ်းအနားစီစဉ်သူ မိမိုးမိုးက ပြောသည်။

    မွန်အမျိုးသမီးနေ့အခမ်းအနားတက်ရောက်သူများ(ဂျပန်ရေတွင်း) Photo-IMNA

    “(၇)ကြိမ်မြောက်မွန်အမျိုးသမီးနေ့ထုတ်ပြန်ကြေညာချက်တွေကို ဖတ်ကြားတယ်၊ အထူးသဖြင့် ဘုရင်မကြီးရှင်စောပုအထုပ္ပတ္တိကို လူငယ်တွေပိုပြီးစိတ်ဝင်စားကြတယ်၊ မော်လမြိုင်မှာ ဒီအခမ်းအနားကျင်းပတာ ဒါကပထမဆုံးအကြိမ်ပဲ” ဟု သူကဆက်ပြောသည်။

    မြန်မာနိုင်ငံသမိုင်းတွင် အမျိုးသမီးတစ်ပါးတည်းသာဘုရင်မဖြစ်ခဲ့ဘူးသော မွန်ဘုရင်မကြီးရှင်စောပု (ခေါ်) ဗညားထော၏ မွေးနေ့ကို မွန်အမျိုးသမီးနေ့သတ်မှတ်ခဲ့ရာ ယခုအခါ(၇) ကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်သည်။

    ဖခမည်းတော်ရာဇာဓိရာဇ်နှင့် မယ်တော်သုဒ္ဓမာယာတို့မှ ကောဇာသက္ကရာဇ်(၇၅၇) ခုနှစ် တပေါင်းလဆန်း(၁၂) ရက်နေ့တွင် ရှင်စောပုကိုဖွားမြင်ခဲ့ပြီး သက်တော်(၅၇) နှစ်တွင် ဟံသာဝတီပြည့်ရှင်ဘုရင်မကြီးအဖြစ် ရာဇဘိသိက်ခံယူတော်မူရာ သက်တော်(၇၆) နှစ်တွင် နတ်ရွာစံခဲ့သည်ဟု MWN မှဖြန့်ဝေသော အထုပ္ပတ္တိအကျဉ်းတွင် ရေးသားဖေါ်ပြသည်။

    ယခင်နှစ်များထက် ယခုနှစ်မွန်အမျိုးသမီးများနေ့ကို ပြည်တွင်း၌ နေရာဒေသများပိုမိုတိုးချဲ့ကျင်းပလာကြောင်း မွန်အမျိုးသမီးများလှုပ်ရှားမှုကွန်ယက် Mon Women Network-MWN အဖွဲ့ဝင်များထံမှ သိရသည်။

    Mon Women Network-MWN ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO၊ နယ်စပ်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ BHI၊ မွန်အမျိုးသမီးအစည်းအရုံး MWO၊ အမျိုးသမီးနှင့်ခလေးအခွင့်အရေးအစီအစဉ်WCRP၊ မွန်အမျိုးသားပညာရေးနှင့် ကယ်ဆယ်ရေးဌာနမှအမျိုးသမီးအဖွဲ့များ ပါဝင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts