spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ခြင်း မတူကွဲပြား မူခြားသွားပြီလား။

    လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ခြင်း မတူကွဲပြား မူခြားသွားပြီလား။

    -

    ဦးမျိုး (ဥပဒေ) ၂/၈၀ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည့် တချိန်ကဝန်ကြီးချုပ်ဟောင်း ဦးနု၊ ၀န်ကြီးချုပ် ဘဝက ၁၉၅၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် သူပြောကြားခဲ့သည့် မိန့်ခွန်းကို သတိတရ ကောက်နှုတ်ဖော်ပြပါသည်။

    ဝန်ကြီးချုပ်ဟောင်း ဦးနု
    “သူမနာကိုယ်မနာ ငြိမ်းချမ်းရေးရအောင် တောတွင်းရဲဘော်တွေ လိုချင်တဲ့ အဓိက ၂ ချက်ဖြစ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို (၀ါ) နှစ်ဦးနှစ်ဖက် ကျူးလွန်ခဲ့ချက်အားလုံးကို သင်ပုန်းချေဖို့ အတွက် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေလို့ခေါ်တဲ့ သင်ပုန်းချေ ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ ဥပဒေဘောင်အတွင်း ၀င်လာပြီးနောက် သူတို့ရဲ့ ပါတီအဖွဲ့အစည်းတွေကို တရားဝင်ပါတီ အဖွဲ့အစည်းများအဖြစ်နဲ့ လွတ်လပ်စွာ ထူထောင်ခွင့်ပြုဖို့ ဆိုတဲ့အချက်တွေကို ကျွန်တော်ဟာ ဖဆပလ သန့်ရှင်း ဥက္ကဋ္ဌအနေနှင့်လည်းကောင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် အနေနဲ့လည်းကောင်း၊ အရင်က လုပ်ဖော်ကိုင်ဘက်များအနေနဲ့ လည်းကောင်း တောတွင်းရဲဘော်တို့ အလိုရှိတဲ့အတိုင်း အပြည့်အဝ အခိုင်အမာ လုပ်ပေးပါ့မယ်ဆိုတာ တိုင်းသိပြည်သိ အတိအလင်း ကတိပေး ပါတယ်” ဟုပြောခဲ့ပါသည်။

    ၀န်ကြီးချုပ်၏ ကတိအတိုင်း နိုင်ငံတော်သမ္မတ ဦးဝင်းမောင် က ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ အရ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ၁၉၅၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

    သမ္မတဟောင်း မန်းဝင်းမောင်
    ထိုအမိန့်၏ အပိုဒ် ၃ -၌ “တစ်ဖက်တွင် လက်နက်စွဲကိုင် တော်လှန်ပုန်ကန်သူများ၊ သောင်းကျန်းသူများ၊ မတရား အသင်းဝင်များအား လုံးဝ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် နည်းတူ တစ်ဖက်၌လည်း ၎င်းတို့ကို နှိမ်နင်းရာ၌ သော်လည်းကောင်း၊ နိုင်ငံတော် အတွင်း ငြိမ်ဝပ်ပိပြားရေး တည်ဆောက်စေရန် အတွက်သော်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ကာကွယ်ရေးအတွက်သော်လည်းကောင်း၊ လုပ်ကိုင်ဆောင်ရွက်နေကြသော ကြည်းတပ်သား ဖြစ်စေ၊ လေတပ်သား ဖြစ်စေ၊ ရေတပ်သား ဖြစ်စေ၊ ပြည်သူ့ဝန်ထမ်းများ ဖြစ်စေ၊ မြို့ပြဆိုင်ရာ အမှုထမ်း အရာထမ်း ဖြစ်စေ၊ ထိုသို့အမှုထမ်းဆောင်ရွက်သူ၏ အခွင့်အာဏာ အရ အခြားဆောင်ရွက်သူ ဖြစ်စေ၊ လက်နက်ကိုင် တော်လှန်မှု၊ သောင်းကျန်းမှုကို ပပျောက်ရန် နှိမ်နင်းရန် လုပ်ကိုင်ဆောင်ရွက်ရာ၌ ကျူးလွန်ခဲ့သော မည်သည့် ရာဇဝတ် ပြစ်မှုအတွက်မဆို လုံးဝလွတ်ငြိမ်း ချမ်းသာခွင့် ရရှိစေရမည်” ဟုပါရှိပါသည်။

    ပြည်တွင်းစစ်၏ သားကောင်များ ဖြစ်ကြသော ဘက်နှစ်ဖက်အား သဟာဇာတ မျှမျှတတ ဖြစ်အောင် နှစ်ဖက်စလုံး အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုထုတ်ပြန်ပြီး အပြစ်တို့မှ လုံးဝလွတ်ငြိမ်းခွင့် ပေးခဲ့သည့် စံပြနမူနာကို အတုယူသင့်ပါသည်။ သမ္မတ ဦးဝင်းမောင်နှင့် ယခု ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန် တို့၏ ဘဝနှင့် ရပ်တည်ချက်ကို ယှဉ်ထိုးကြည့် ရန်လိုလိမ့်မည်ဟု ယူဆပါသည်။ သမ္မတ ဖြစ်သူ ဦးဝင်းမောင် (ခ) မန်းဝင်းမောင်မှာ တိုင်းပြည်လွတ်လပ်ရေးရအောင်ယူခဲ့သည့် လေထီးစစ်ဗိုလ်
    ။ ဗိုလ်သိန်းစိန် မှာ ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့၍ သမ္မတ ဦးသိန်းစိန် ဖြစ်လာပါသနည်း ။ မေးခွန်းထုတ်စရာ ကွာဟချက်များ အလွန်များပါမည်။ အဆင်းရနံ့ခြင်းမတူသလို စိတ်နေစိတ်ထားခြင်းလည်း ကွာခြားသည်ကို ဦးသိန်းစိန် အစိုးရထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှင့် သမ္မတကြီး ဦးဝင်းမောင်ထုတ်ပြန်သည့် အမိန့်ခြင်း ကွာခြားသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့ရမည် ဖြစ်ပါသည်။

    လက်ရှိသမ္မတ ဦးသိန်းစိန်
    သမ္မတ ဦးသိန်းစိန်က တဖက်သတ်ပြောပါမည်။ ငါတို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ -၄၄၅ အရ “ငါတို့အဖွဲ့ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ငါတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိ စေရ” ဟု ပြဋ္ဌာန်းထားတာ ရှိတယ်ဗျို့လို့အော်ပါမည်။ ကိုယ့်အတွက် တွက်ခြေကိုက်အောင် အပြစ်မှလွတ်ကင်းရန် ပြဋ္ဌာန်းပြီးမှ အများသူငါအတွက် မဖြစ်စလောက် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ပဲတပြားပေးသည်ကို နိုင်ငံတကာ ကြားကောင်းအောင် အော်နေပါသည်။ တကယ်တမ်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်တစုံတရာ ယနေ့ထိ ထုတ်ပြန်ကြေညာခြင်း မပြုသေးပါ။

    ပြည်တွင်း စစ်ရပ်စဲရေး နှင့် ထာဝရ ပြည်တွင်းငြိမ်းချမ်းရေး ကိုလိုလားပါသည် ဆိုပါလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ အရ နိုင်ငံတော်သမ္မတ တစ်ဦး အနေဖြင့် ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာရဲရမည် ဖြစ်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts