spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းကရင်နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေပစ်ခတ်မှုဖြစ်ပွား

    ကရင်နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေပစ်ခတ်မှုဖြစ်ပွား

    -

    မင်းသုတ – ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသ၌ ကရင်နယ်ခြားစောင့်တပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တို့ကြား ယမန်နေ့ မွန်းလွဲပိုင်းခန့်တွင် ပစ်ခတ်မှုတခုဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေဘက်က ပြောသည်။

    နယ်ခြားစောင့်မပြောင်းလဲခင်ကာလ ဒီကေဘီအေခေါင်းဆောင်များ
    ဒီကေဘီအေ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက “မနေ့ ပစ်ခတ်မှုမှာ နယ်ခြားစောင့်တပ်ဘက်က ၃ ယောက်ထိတယ်၊ ရွာသား တယောက်ထိတယ်၊ အသေအပျောက်တော့ သေချာမသိဘူး၊ ဒီနေ့ ၁၁ နာရီလောက်မှာလည်း နယ်ခြားစောင့်တပ်ဘက်က ပစ်လာလို့ ကျနော်တို့လူ တယောက်ထိသွားတယ်” ဟု ပြောသည်။

    မြိုင်ကြီးငူအခြေစိုက် နယ်ခြားစောင့်တပ် ၁၀၁၁ နှင့် ဒီကေဘီအေ ဗိုလ်မှူးစောစိုးဝင်း ဦးစီးသည့် ကလို့ထူးဝါးဗျူဟာအဖွဲ့ လက်အောက်ခံတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခက်ကြခြင်းဖြစ်သည်။

    ဒီကေဘီအေ မြဝတီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောမောင်လေးက “သူတို့နယ်ခြားစောင့်တပ်ဖွဲ့က တပ်စုမှူးဗိုလ်တင်ညွန့်က ကျနော်တို့တပ်ကိုလာနေချင်တယ်လို့ပြောတယ်၊ အဲဒါကိုကျနော်တို့က လက်ခံလို့မရဘူးလို့ငြင်းလိုက်တယ်၊ ဗိုလ်တင်ညွန့်ကလည်း သူ့တပ်ကိုမပြန်ဘူး၊ ဒါနဲ့သူတို့လူကို ဒီကေဘီအေက ဖမ်းထားတယ်ဆိုပြီးတော့ ကျနော်တို့လူတွေကို လက်နက်သိမ်း ဖမ်းဆီးရာကနေ တဖက်နဲ့တဖက်ပစ်ကြ ခတ်ကြတာပဲ”

    လက်ရှိတွင် အထက်ပါနယ်ခြားစောင့်တပ်မှ လက်နက်နှင့်အတူ ဒီကေဘီအေတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို ဆက်လက်ဖမ်းဆီးထားဆဲဟု ဒီကေဘီအေဘက်က ပြောသည်။ သို့သော် နယ်ခြားစောင့်တပ် ၁၀၁၁ နှင့် အဆက်အသွယ်မရသဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

    “ဒီကိစ္စတွေကို လောလောဆယ်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်သောင်း ကိုတင်ပြထားတယ်၊ အပေါ်ကလူကြီးတွေ ညှိနှိုင်းပေးမယ်လို့ယူဆတယ်” ဟု ၄င်းက ဆက်ပြောသည်။

    ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း ဦးဆောင်သည့် အဖွဲ့ဝင် ရ ဦးနှင့် ဒီကေဘီအေ ကလို့ထူးဘောအဖွဲ့မှ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့်အဖွဲ့ဝင် ၆ ဦးတို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ အချက် (၆) ချက်ပါ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။

    ၂၀၁၀ ခုနှစ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)မှ နယ်ခြားစောင့် တပ်သို့ တပ်ရင်း ၁၂ ရင်း အသွင်ပြောင်းခဲ့သည်။

    သို့ရာတွင် လက်ရှိ ကလို့ထူးဘောအဖွဲ့မှ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့များ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲခြင်းကို လက်မခံခဲ့ပဲ ၂၀၁၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲကျင်းပအပြီး နောက်တစ်ရက်တွင် မြန်မာအစိုးရနှင့် ပြန်လည်တိုက်ခိုက်လာသည်။

    ဒီကေဘီအေ တပ်ဖွဲ့သည် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးစီး ဦးဆောင်မှုဖြင့် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) မှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် အပစ်ရပ်သဘောတူညီခဲ့သည့် အင်အားအကြီးဆုံးသော ကရင်ခွဲထွက်အဖွဲ့ ဖြစ်သည်။


    ဆက်စပ်သတင်း

    1 COMMENT

    1. စစ်အစိုးရရဲ့လုပ်ရပ်ကတော့ဘူးပေါ်သလိုပေါ်လာပြီ။လက်မှတ်ထိုးထားတာလပိုင်းဘဲရှိသေးတယ်။ဇာတိကစနေပြီ။အပြောတမျိုးအလုပ်တမျိုးနဲ့ဖက်ဆစ်ရုပ်ကပေါ်လာပြီ။တိုင်းရင်းသားတွေသတိရှိကြ။ပြောတိုင်းမယုံကြနဲ့။လက်တွေ့ကိုကြည့်ကြ။ရှေ့ဆက်ဒါထက်ဆိုးမယ်မှတ်။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts