မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ဘုရားသုံးဆူဒေသ၌ ပြန်ပေးသမားများ သောင်းကျန်းနေ

ဘုရားသုံးဆူဒေသ၌ ပြန်ပေးသမားများ သောင်းကျန်းနေ

ရေးသားသူ:

မင်းသုတ – မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့တို့ လှုပ်ရှားရာ ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ဒေသတဝိုက်၌ ပြန်ပေးဆွဲသမားများ သောင်းကျန်းနေသည်။

ပြန်ပေးသမားဟုယူဆရသူနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့နံနက်တွင် ဝင်းကရွာသစ်မှဖမ်းဆီးရမိစဉ်
ဖေဖေါ်ဝါရီ ၁၄ ရက် ညပိုင်းတွင် ဘုရားသုံးဆူမြို့ ဆင်ခြေဖုန်းရှိ ဓမ္မဂီရိဘုန်းတော်ကြီးကျောင်းအနီး နေအိမ်တအိမ်၌ ၃ ဦးပါလက်နက်ကိုင်အဖွဲ့တခုက အစ်ကိုယ်နှမဝမ်းကွဲတော်စပ်သူနှစ်ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့ပြီး ထိုင်းဘတ်ငွေနှစ်သိန်း တောင်းခံထားသည်ဟု အဖမ်းခံရသူနှင့် နီးစပ်သူတဦးက ပြောသည်။

“ခေါင်းဆောင်ကသေနတ်အတိုတစ်လက် ပြောက်ကျားယူနီဖေါင်းနဲ့နှစ်ယောက်က သေနတ်အရှည်နှစ်လက်ကိုင်ထားပြီးတော့ သူတို့က ဗမာစကားရော မွန်စကားရော ပြောနေကြတယ်” ဟု ၄င်းကဆက်ပြောသည်။

အဆိုပါပြန်ပေးဆွဲခံခဲ့ရသည့်နေရာသည် ဓမ္မဂီရိဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ခမရ ၂၈၃ တပ်ဖွဲ့စခန်းတစ်ခုနှင့် မလှမ်းမကန်းတွင်တည်ရှိနေသည်ဟု မြို့ခံများကပြောသည်။

တဖန် ထိုနေ့တွင်ပင် တဖက်ထိုင်းဘက်ကမ်း၊ စံခလပူရီမြို့နယ်၊ ဝင်းကရွာသစ် (ကျွန်းရွာ) ၌လည်း ဒေသခံထိုင်းရဲများက ပြန်ပေးသမားတစုဟု ယူဆရသူတို့၏ လက်နက်များကို ရှာဖွေသိမ်းဆည်းရမိပြီး ပါဝင်ပတ်သက်သူတချို့ကိုလည်းဖမ်းဆီးလိုက်ကြောင်း ရွာခံများက ပြောဆိုနေကြသည်။

အဆိုပါဝင်းကရွာသစ်သည် ဘုရားသုံးဆူမြို့မှ ၂၅ ကီလိုမီတာ (မော်တော်ကားလမ်း) ခန့် ဝေးကွာသည်။

ထိုင်းနယ်မြေအတွင်းရှိ ရာဘာခြံအလုပ်သမားများထံ ပြန်ပေးငွေတောင်းခံခဲ့ရာမှ ၄င်းပြန်ပေးအဖွဲ့ကို ထိုင်းရဲများခြေရာခံမိခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်မှာက လက်နက်မှောင်ခိုတွေ၊ ရာဘမြင်းဆေးဂိုဏ်းတွေ၊ လောင်းကစားဝိုင်းတွေ ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေအင်မတန်များနေတယ်၊ အစိုးရတပ်ကလည်း လုံခြုံရေးအပြည့်မပေးနိုင်ဘူး၊ အဲဒီစပ်ကြားမှာ ဒီပြန်ပေးသမားတွေ လက်ရဲဇက်ရဲပိုဖြစ်လာတယ်” ဟု ဘုရားသုံးဆူမြို့ခံ စီးပွားရေးသမားတစ်ဦးက သုံးသပ်သည်။

လက်ရှိတွင် ဘုရားသုံးဆူမြို့ပေါ်၌ ခမရ ၂၈၃ တပ်ရင်းနှင့်အတူ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့တို့ လုံခြုံရေးယူထားကြပြီး မြို့ပြင်ပအနီးတဝိုက်တွင် (၁၀၂၃) နယ်ခြားစောင့်တပ်ဖွဲ့ (KPF)၊ (၁၀၂၁) နယ်ခြားစောင့်တပ်ဖွဲ့(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC , DKBA, KNU, NMSP မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ တပ်ဖြန့်ထားကြသည်။

KNU/KNLA-PC , DKBA, KNU, NMSP မွန်ပြည်သစ်ပါတီတပ်ဖွဲ့များနှင့် မြန်မာအစိုးရတို့ ပဏာမသဘောတူညီချက်များ ရရှိခဲ့ကြပြီးနောက် ဘုရားသုံးဆူဒေသသည် ငြိမ်းချမ်းလမည်ဟု ဒေသခံတို့က မျှော်လင့်နေကြသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မြို့ဝင်ကြေးကောက်ခံခြင်း ဖျက်သိမ်းပေးရန်တောင်းဆိုမှုရှိ

မွန်ပြည်နယ်အတွင်း (၁၀) မြို့နယ်စလုံးတွင် ဒေသဖွံ့ဖြိုးရေးဆိုသည့် မော်တော်ယာဉ်များအပေါ် မြို့ဝင်ကြေးကောက်ခံနေခြင်းသည် စားဝတ်နေရေး မပြေလည်သည့် ပြည်သူလူထု၏ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည်။ Related

%d bloggers like this: