spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းကြားဖြတ်ရွေးကောက်ပွဲ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှနိုင်လှခိုင် ပြန်လည်အရွေးခံမည်

    ကြားဖြတ်ရွေးကောက်ပွဲ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှနိုင်လှခိုင် ပြန်လည်အရွေးခံမည်

    -

    မင်းသုတ– လာမည့်ဧပြီလ(၁) ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသောမော်လမြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှနိုင်လှခိုင် ပြန်လည်အရွေးခံမည်ဟု ၄င်းပါတီက ယမန်နေ့၌ဆုံးဖြတ်ခဲ့သည်။

    

“၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒီမဲဆန္ဒနယ်ကပဲ သူဝင်ပြိုင်ခဲ့တယ်၊ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ပါတီက ဒီနယ်မြေမှာဆုံးရှုံးခဲ့ရတယ်၊ ခုလည်း ဒီနယ်မြေမှာပြန်အရွေးခံဖို့ အသင့်တော်ဆုံးဖြစ်တဲ့ သူ့ကိုပဲပြန်ဝင်ရွေးဖို့ဆုံးဖြတ်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို)ရုံးတာဝန်ခံ မင်းစံတင်က ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာမြို့သစ်ရပ်ကွက် အခြေစိုက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(ဗဟို) ရုံး၌ ယမန်နေ့တွင် ဗဟိုကော်မတီအစည်းအဝေးကျင်းပခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထို့အတူ လစ်လပ်နေသော မော်လမြိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်ခင်ဌေးကြွယ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဇန်နဝါရီ(၁၂) ရက်နေ့တွင် ကြေညာချက် အမှတ်-၄-၀၁-၁၂ ဖြင့် NLD ထုတ်ပြန်ခဲ့သည်။

    ၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောကယှဉ်ပြိုင်ခြင်းမပြုပဲ ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင် သပိတ်မှောက်မှောက်ခဲ့သည်။

    သို့ရာတွင် တစညနှင့်ပြည်ခိုင်ဖြိုးပါတီမှ ၄င်းမဲဆန္ဒနယ်မြေအတွက်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တရားဝင်ကြေညာခဲ့သည်ကို မတွေ့ရှိရသေးပေ။

“တစညတော့ ဝင်မပြိုင်တော့ဘူးလို့သတင်းပြန့်နေတယ်၊ဒါပေမယ့် မသေချာဘူး၊ ကြံ့ဖွတ်ပါတီကလည်း ဘယ်သူဝင်ပြိုင်မယ်ဆိုတာ နာမည်မပြောသေးဘူး၊ ” ဟု မော်လမြိုင်မြို့ခံ ကိုမင်းမင်းက ပြောသည်။

    ၂၀၁၀ နိုဝင်ဘာလရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်တော်အမတ်အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ဦးအေးမြင့်ရွေးချယ်ခံခဲ့ရပြီး သိပ္ပံနှင့်နည်းပညာပြည်ထောင်စုဝန်ကြီး ခန့်အပ်ခံလိုက်ရသဖြင့် ၄င်းမဲဆန္ဒနယ်မြေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်လျှက်ရှိသည်။

    ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ခဲ့ပြီး ယနေ့ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို တင်သွင်းရမည်ဖြစ်သည်။

    မြန်မာပြည် လွှတ်တော်အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ် ၄၈ နေရာလစ်လပ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts