spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းဇန်နဝါရီလအတွင်း မွန်ပြည်သစ်ပါတီအပစ်ရပ်နိုင်လိမ့်မည်မဟုတ်

    ဇန်နဝါရီလအတွင်း မွန်ပြည်သစ်ပါတီအပစ်ရပ်နိုင်လိမ့်မည်မဟုတ်

    -

    မင်းသုတ – ဇန်နဝါရီလအတွင်း မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့တွေ့ဆုံရန်ရှိသော်လည်း နှစ်ဖက်အပစ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးနိုင်လိမ့်မည်ဟု မိမိမယူဆကြောင်း မွန်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် နိုင်တင်အောင်က ပြောသည်။

    မြန်မာအစိုးရကိုယ်စားလှယ် မီရထားဝန်ကြီးဦးအောင်မင်းနှင့် မွန်ပြည်သစ်ပါတီတို့ ပထမအကြိမ်ဆွေးနွေးပွဲ

    ယခုရက်ထုတ် ပြည်တွင်းသတင်းဂျာနယ်အချို့တွင် မွန်ပြည်သစ်ပါတီအပါအဝင် အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဇန်နဝါရီလတွင် သဘောတူညီမှုရနိုင်မည်ဟူသော ရေးသားချက်မှာ ပိုမိုချဲ့ကားထားသာဖြစ်ကြောင်း ၄င်းကဆိုလိုခြင်းဖြစ်သည်။

    နိုင်တင်အောင်က “ဒီလအတွင်းမှာ မွန်ပြည်သစ်က မော်လမြိုင်မှာသွားရောက်တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားပါတယ်၊ ဒါပေမယ့်ဒီတစ်ကြိမ်တွေ့ကြယုံနဲ့ တစ်ခါတည်းအပစ်ရပ်သဘောတူနိုင်မယ်လို့တော့ ကျနော်မထင်မိပါဘူး”ဟု သူကပြောသည်။

    နိုင်တင်အောင်သည် မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ဟောင်းဝင်တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၄-၉၅ ခုနှစ်အတွင်း နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲနိုင်ရန်အတွက် ဆွေးနွေးပွဲလေးကြိမ်တိတိ ပြုလုပ်ခဲ့ရာတွင် ဒု-ခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့ကာ ယခုလည်း အစိုးရသစ်နှင့် မွန်ပြည်သစ်ပါတီ တွေ့ဆုံဆွေးနွေးနိုင်ရန် အကျိုးဆောင်နေသူလည်းဖြစ်သည်။

    မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ကျနော်တို့မွန်ပြည်သစ်ပါတီကနေ အပစ်ရပ်လက်မှတ်သွားထိုးတယ်လို့ပြောရင် လုံးဝမှားပါတယ်” ဟု အီးမေးလ်မှတဆင့် ပြောကြားခဲ့သည်။

    ယခုအချိန်သည် မွန်ပြည်သစ်ပါတီ(၈)ကြိမ်မြောက်ညီလာခံ ဆက်လက်ကျင်းပနေဆဲကာလဖြစ်သည့်အတွက် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးမည့်ကိုယ်စားလှယ်အဖွဲ့ကို လာမည့်ရက်ပိုင်းတွင် ရွေးချယ်လိမ့်မည်ဟုလည်း သိရသည်။

    “ဥပမာ ကျနော်တို့လို တောင်ပိုင်းဒေသမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပစ်ရပ်ပြီး မြောက်ပိုင်းမှာရှိတဲ့ ကချင် KIO အဖွဲ့ကိုဆက်ပြီးတိုက်ခိုက်နေတာတော့ မဖြစ်သင့်ဘူး၊ တတိုင်းပြည်လုံး တပြိုင်တည်းအပစ်ရပ်နိုင်ရင် အကောင်းဆုံးပဲ” ဟု မြန်မာအစိုးရကိုယ်စားလှယ် မီးရထားဝန်ကြီးဦးအောင်မင်းနှင့် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က နိုင်ဟံသာက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ဒီဇင်ဘာလတွင် သမ္မတဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံ ထိုးစစ်ရပ်ရန်အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့သော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။

    မြန်မာအစိုးရအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားအစည်းအရုံး KNU စသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာပြည်နယ်တို့တွင် တွေ့ဆုံဆွေးနွေးရန် ယခုလတွင်ရက်ချိန်း သတ်မှတ်ခဲ့ကြပြီးဖြစ်သည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ဝန်ကြီးဦးအောင်သောင်းဦးဆောင်သည့် ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုတိယခေါင်းဆောင် မီးရထားဝန်ကြီးဦးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့နှင့် လိုက်လံတွေ့ဆုံဆွေးနွေးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts