spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းထင်ရှားသည့် မွန်နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်နိုင်သေး

    ထင်ရှားသည့် မွန်နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်နိုင်သေး

    -

    မင်းသုတ– သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ယနေ့တွင်အကျဉ်းသားများလွှတ်ပေးနေခဲ့ရာ ထင်ရှားသည့် မွန်နိုင်ငံရေးအကျဉ်းသား နိုင်ယက္ခနှင့် မင်းမျိုးသွေးတို့နှစ်ဦးအပြင် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်သူ အရှင်ဥက္ကံသ (ခေါ်) ဦးဇင်းဇော်လတ်တို့ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

    မြန်မာအစိုးရကိုယ်စားလှယ်နှင့် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်အဖွဲ့တို့ ပထမအကြိမ် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခဲ့စဉ်တွင် မွန်ပြည်သစ်ပါတီမှ ထိုမွန်နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တင်ပြတောင်းဆိုမှုရှိခဲ့သည်။

    သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်
    သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်
    “မီးရထားဝန်ကြီးဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့ကြတုန်းက နိုင်ယက္ခနဲ့မင်းမျိုးသွေးတို့ကို ပြန်လွှတ်ပေးဖို့ကျနော်တို့တောင်းဆိုခဲ့တယ်၊ သူတို့ဟာဖေါက်ခွဲရေးသမားတွေမဟုတ်ပါဘူး၊ တမင်အကွက်ဆင်ဖမ်းဆီးခဲ့တာ ဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာက သတင်းစာရှင်လင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။

    မွန်ပြည်သစ်ပါတီခရိုင်ကော်မတီဝင်အဆင့်ရှိ မင်းနေဝင်း (ခေါ်) နိုင်ယက္ခနှင့် ဗိုလ်ကြီးမင်းမျိုးသွေး တို့နှစ်ဦးအား ၂၀၀၃ – ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်ချုပ်ခင်ညွန့်၏စစ်ထောက်လှမ်းရေးတို့ အကွက်ဆင်ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ဗုံးခွဲရန်ကြံစည်သည့်စွပ်စွဲချက်ဖြင့် သေဒဏ်ကျစီရင်ခံရကာ ထိုမှတဆင့် ထောင်ဒဏ်တစ်သက် ပြောင်းလဲချမှတ်ခံထားရသည်။

    ဦးဇင်းဇော်လတ်ကိုလည်း လွှတ်ပေးရန် မွန်ပြည်သစ်ပါတီက တောင်းဆိုခဲ့သေးသည်။ ထိုစဉ်က ဝန်ကြီးဦးအောင်မင်းက လာမည့်လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့များတွင် အကျဉ်းသားလွှတ်ပေးရန်ရှိသည်ဟု ပြောခဲ့သည်။

    “ဦးဇင်းဇော်လတ် လွတ်မြောက်ဖို့ ကျမမျှော်လင့်ပါတယ်၊ သူ့အမှုကိုလျှော့ပေါ့ပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာအယူခံတင်တာ ပယ်ချခံရတယ်၊ အခုလည်း အထူးတရားရုံးမှာ အယူခံဆက်တင်ဖို့ ကျမပြင်ဆင်နေတယ်” ဟု အမှုလိုက်ရှေ့နေ ဒေါ်ခင်ဌေးကြွယ်က ပြောသည်။

    မွန်ပြည်နယ်တောင်ပိုင်းဒေသများ၌ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေး မှုတ်ဆေးဗူးများဖြန်းမှုကြောင့် ယမန်နှစ် ဇန်နဝါရီလအတွင်း ဦးဇင်းဇော်လတ်အဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် (၁၅) နှစ်ချမှတ်ခံရကာ လက်ရှိတွင် ပုသိမ်ထောင်၌ အကျဉ်းကျခံနေရသည်။

    ယခင်ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့တွင်လည်း မြန်မာအစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၃၅၉ လွှတ်ပေးခဲ့ရာတွင် မွန်နိုင်ငံရေးအကျဉ်းသားများမပါဝင်ခဲ့ပေ။

    ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန့်ကြေငြာစာအမှတ် ၁/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ၊ သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊ နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အားနှစ် ၃၀၊ နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀ ၊နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံလျှော့ပေါ့ကျခံစေရန် သမ္မတဦးသိန်းစိန်က ယမန်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

    နိုင်ငံတော်သမ္မတ၏ ပထမဆုံးလွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မေလ ၁၇ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုမှ အကျဉ်းသား ဦးရေ ၆၀၀၀၀ ၀န်းကျင်ရှိသည့် အနက် ၁၄၆၀၀ ကျော်ကို လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါရှိခဲ့သည်။

    ယခုလက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားအရေအတွက် အနည်းဆုံး ၁၅၇၂ ဦးရှိပြီး ၄င်းအနက် ၉၁၈ ဦးသည် မည်သည့်ထောင်များတွင် ရောက်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ အေအေပီပီမှ အတည်ပြုနိုင်ခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts