မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / စပါးကြီးမြွေ အရေခွံလဲချိန်မို့ပါ

စပါးကြီးမြွေ အရေခွံလဲချိန်မို့ပါ

ရေးသားသူ:

ဗညားရံ – အခုတလော လူအတော်များများက မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အမြင်မရှင်းဘဲ ရှိနေကြတယ်။ ကြံ့ဖွတ်အစိုးရအနေနဲ့ ကစားကွက်ကောင်းကောင်းနဲ့ ကစားလိုက်တော့ သံတမန်ရေးအရ သိသိသာသာ အောင်မြင်မှုရသွားတယ်။ အမေရိကန်အစိုးရက သဘောထားပျော့ပျောင်းလာတယ်။ အာဆီယံဥက္ကဋ္ဌနေရာအတွက် ထိုင်းက ကန့်ကွက်စရာမရှိကြောင်း ပြောလာတယ်။ မြန်မာလွှတ်တော်က အာဆီယံလွှတ်တော်အသင်းဝင်ဖြစ်လာတယ်။ ဂျပန်က မြန်မာ့နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံတယ်။ အရင်ကပေးဖူးတဲ့အကူအညီ ပြန်ပေးဖို့ စိတ်အားထက်သန်နေပြီ။

ဒါပေမယ့် နယ်စပ်ဒေသမှာ တိုက်ပွဲဖြစ်နေတာကို ပြည်တွင်းပြည်ပအင်အားစုများကလည်း နှုတ်ဆိတ်နေကြတယ်။ နိုင်ငံတကာအစိုးရများကလည်း အလေးမထားနိုင်ဘဲ ရှိနေကြတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူအချို့ဆီကပဲ အော်လာကြတာကို တွေ့ရတယ်။ သူတို့အော်လာကြတာကလည်း အစိုးရတပ်တွေက လူသတ်လို့ မုဒိမ်းကျင့်လို့ ပေါ်တာဆွဲလို့ပါ။ ထိုးစစ်အကြောင်းကို အတွန့်တက်တာမဟုတ်ပါ။ ဒါက ဘာကို ပြသလဲဆိုရင် လူတွေက တိုင်းရင်းသားတွေရဲ့အရေးကိစ္စကို နံပါတ်တစ်အနေနဲ့ သဘောမထားလို့ပါပဲ။

နိုင်ငံရေးသမားအတော်များများက ဒီမိုကရေစီရရင် တိုင်းရင်းသားအရေးလည်း ပြီးပြည့်စုံပြီလို့ ယူဆကြတယ်။ ဒီမိုကရေစီအရင်ရအောင် ဘုံရန်သူကို တိုက်ကြရမယ်လို့ အချို့က ဆိုကြတယ်။ တိုင်းရင်းသားတွေက မိမိတို့အမျိုးသားရေးကိုပဲ ဦးစားပေးရင် အင်အားကို ခွဲထုတ်သလို ဖြစ်ပြီး ရန်သူရဲ့ ဖြိုခွင်းခြင်းကို ခံရမယ်လို့လည်း ပြောကြတယ်။ ဒါကတော့ တိုင်းရင်းသားတွေကို အကူတပ်ဖွဲ့လောက်ပဲ သဘောထားပြီး ဒီမိုကရေစီတိုက်ပွဲမှာ တိုင်းရင်းသားတွေက သိပ်ပြီး အားကိုးလို့မရဘူးလို့ မသိစိတ်ထဲမှာ ရှိနေလို့ပါပဲ။

တိုင်းရင်းသားတွေဘက်ကလည်း တိုင်းရင်းသားတွေရဲ့အရေးဟာ ဒီမိုကရေစီရေးမဟုတ်ဘူးလို့ ခံယူထားကြတယ်။ ဒီမိုကရေစီအရေးဆိုတာက နိုင်ငံရေးစနစ်တစ်မျိုးပါပဲ။ မြန်မာနိုင်ငံရဲ့စနစ်က ဘာပဲဖြစ်နေဖြစ်နေ လူမျိုးတန်းတူရေးမရှိယင် တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ တိုင်းရင်းသားတွေက ယုံကြည်နေကြတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေအတော်များများကလည်း ဦးနုပါလီမာန်အစိုးရကတည်းက ရှိနေနှင့်တာကို ကြည့်ယင် ဒီအချက်က သိသာသွားတယ်။ နောက်ပြီး တိုင်းရင်းသားတွေက ဒီမိုကရေစီအင်အားစုတွေကိုလည်း ကြံ့ဖွတ်အမည်ခံစစ်အစိုးရလောက် သံသယမရှိပေမဲ့ အနည်းအကျဉ်းတော့ သံသယရှိနေကြမယ်လို့ ယူဆပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီမိုကရေစီအင်အားစုတွေမှာကိုးက အခြေအနေအရ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာ ရှိပေမဲ့ စစ်အစိုးရက လူမျိုးရေးအရ နည်းနည်းရန်တိုက်ပေးလိုက်တာနဲ့ မီးဟုန်းဟုန်းတောက်ကာ ပဋိပက္ခတွေ ဖြစ်လာစရာအကြောင်းရှိတယ်။

ဒါပေမဲ့ သေချာတာတစ်ခု ရှိတယ်။ ဒီမိုကရေစီအင်အားစုများနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလည်း ထွန်းကားမှာမဟုတ်ဘူး။ လူမျိုးတန်းတူရေးလည်း ရှိမှာမဟုတ်ဘူး။ ဒီမိုကရေစီရေးအတွက် ယခုလက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြံ့ဖွတ်အစိုးရနဲ့ ပူးပေါင်းလုပ်ချင်တယ်။ စစ်အစိုးရနဲ့နှစ်ပေါင်း(၂၀)အတွေ့အကြုံရှိတဲ့ အပစ်ရပ်တိုင်းရင်းသားတွေက ခပ်ခွာခွာနေချင်တယ်။ ကြံ့ဖွတ်အစိုးရက ဒီမိုကရေစီအင်အားစုများနဲ့ နီးနီးကပ်နေပြီး တိုင်းရင်းသားတွေကို မသိမသာ ကွာသွားအောင် လုပ်နေတယ်။

ပြန်ကြည့်ရင် လွန်ခဲ့သော နှစ်ပေါင်း(၂၀)တုန်းက စစ်အစိုးရက ယခု ဒေါ်အောင်ဆန်းစုကြည်ကို အခွင့်အရေးပေးသလိုပဲ တိုင်းရင်းသားခေါင်းဆောင်တွေကို ပေးခဲ့ဖူးပါတယ်။ သူတို့အတွက် နယ်စပ်ဒေသတည်ငြိမ်ရေးက အရေးကြီးနေလို့ တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ခဲ့တယ်။ လက်ရှိမှာ နယ်စပ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီလို့ သူတို့ ယူဆပုံရတယ်။ ဒါကြောင့် ပြည်တွင်းတည်ငြိမ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသေကပ်လာရခြင်း ဖြစ်တယ်။

တိုင်းရင်းသားတွေကို မလိမ့်တပတ်လုပ်ခဲ့ပြီး အတိုင်းအတာအတစ်ခုအထိ အောင်မြင်မှုရနေပြီလို့ ယူဆလို့ စပါးကြီးမြွေက ပထမအရေခွံကို လဲဖို့ လိုအပ်လာပြီ။ သူ့ခန္ဓာကိုယ် ပိုမိုကြီးထွွားသန်မာလာရေးအတွက် ဒုတိယအရေခွံရဖို့ ပထမအရေခွံကို လဲလိုက်ပါပြီ။ လက်ရှိအခြေအနေမှာ ကြံ့ဖွတ်အစိုးရက အရေခွံလဲစမို့လို့ မမာသေးဘူး။ လှုပ်လို့မရသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ သူက ပျော့ပျောင်းဟန်ဆောင်နေရတယ်။ အန္တရာယ်မရှိသလို နေပြရတယ်။ အရင်မြွေနဲ့ အခုမြွေ မတူသယောင် ပြုမူရတယ်။ သူ့အင်အားတွေ လဲလိုက်တဲ့အရေခွံထဲ ပါသွားပြီသလိုလို ကမ္ဘာက ထင်မြင်သွားအောင် ဒေါ်အောင်ဆန်းစုရဲ့အားကို ရယူဖို့ လိုအပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သူ့အနားမှာ ရှိနေသ၍ သူက စပါးကြီးမြွေပဲလို့ လူတွေကတော့ ထင်မှာမဟုတ်ဘူး။ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့မြွေကြီးပါလို့ လူတွေ သိကြပေမဲ့ ယဉ်ပါးလာတဲ့ မြွေတစ်ကာင်ပဲလို့ ထင်ကြမှာပဲ။ ဒီတော့ သံတမန်ရေးအရ သူတို့က ကောင်းကောင်းလှုပ်ရှားလို့ ရသွားတယ်။ အောင်မြင်မှုအချို့လည်း ရနေပါပြီ။

ဒါပေမယ့် မြွေကြီးက မြွေကြီးပါပဲ။
မြွေကြီးဖြစ်မှန်းကိုလည်း သူလဲလိုက်တဲ့အရေခွံကို ကြည့်လိုက်ရင် သိတယ်။ လူတွေအမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေက ကြံ့ဖွတ်အစိုးရဆီကို ပျော့ပျောင်းတဲ့နည်းနဲ့ ချဉ်းကပ်နေကြတယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် မြွေကြီးက ညှို့ထားပြီး ချဉ်းကပ်လာတာကို မသိရဘူး။ စပါးကြီးမြွေဆိုတာ သူစည်းချလိုက်တာနဲ့ သူ့အညှို့ခံရတာပဲမဟုတ်ဘူးလား။ အားလုံးသော အတိုက်အခံတို့က သူ့စည်းမှာပဲ လှုပ်ရှားနေကြရတယ်ဆိုတာ သူလဲသွားတဲ့အရေခွံအတိုင်း လိုက်ကြည့်ယင် သိကြမှာပါ။

ဒီနေရာမှာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရပါလို့ ပြောနေကြတယ်။ အနည်းဆုံးက သူတို့က ဒီမိုကရေစီလမ်းကြောင်းပေါ် ဖြည်းဖြည်းချင်း လျှောက်နေပါတယ်လို့ ပြောနေကြတယ်။ သူတို့မှာ ခြေမပါလို့ပါ၊ ဖြည်းဖြည်းချင်းသွားမှ ဖြစ်မှာပါလို့ ပြောနေကြတယ်။ မြွေဆိုတဲ့သတ္တဝါမှာ ခြေမပါလည်း လူထက်တော့ မြန်သေးတယ်လို့ သိကြစမ်းပါ။

ဒီတော့ ဒီအစိုးရဲ့အရေခွံကို ခွာကြည့်ယင် ဒါတွေကို မြင်ရမယ်။ ဒီမိုကရေစီအစိုးရဟုတ်မဟုတ်၊ ဒီမိုကရေစီရေးကို အားပေးသူဟုတ်မဟုတ် ဆုံးဖြတ်ကြည့်ပါ။
ရွေးကောက်ပွဲလုပ်တုန်းက မဲစနစ်ကို ကြည့်ပါ။ မဲစနစ်ဆိုတာ.. 
မဲပေးမှုတန်းတူရေး (Vote equality)
၁။ ရွေးကောက်ပွဲ ကော်မရှင်လိုမျိုး (Elected officials) ရှိရတယ်။ အဲဒီရွေးကောက်ပွဲကော်မရှင်က ကြံ့ဖွတ်လူတွေချည်းပဲ။
၂။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများ (Free and fair elections)လည်း ဖြစ်ရမယ်။ ဒါလည်း လူတိုင်းသိတဲ့ ကိစ္စပဲ။ မဲလိမ်တယ်။ မဲခိုးတယ်။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတယ်။ 
ဒီတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးတာတောင် တန်းတူအခွင့်အရေးမရှိခဲ့ဘူး။
 
နောက်တစ်ခုပါ။ အဲဒီရွေးကောက်ပွဲကို ပြည်သူလူထုက ထိထိရောက်ရောက်နဲ့ ပါဝင်ခွင့်ရခဲ့သလား ဝေဖန်ကြည့်ပါ။
ထိထိရောက်ရောက် ပါဝင်ခြင်း (Effective Participation)
၁။ ကော်မရှင် (Elected officials)က သူတို့လူတွေ ဖြစ်နေတယ်။ ပြည်သူ့ဘက်က ရပ်တည်ခဲ့တာမဟုတ်ဘူး။
၂။ မဲပေးပိုင်ခွင့်ရှိသူအားလုံး ပါဝင်မှု (Inclusive suffrage)လည်း လိုအပ်တယ်။ ဒါလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ စစ်ဖြစ်နေရတာနဲ့၊ မုန်တိုင်းဝင်နေတာနဲ့ မဲပေးသူအားလုံး မပါဝင်နိုင်ခဲ့ဘူး။
၃။ အစိုးရအာဏာအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် (Right to run for office)လည်း အရေးကြီးတယ်။ သိတဲ့အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါသင့်ပါထိုက်တဲ့ လူထုခေါင်းဆောင်တွေက ဒီရွေးကောက်ပွဲမှာ ပါခွင့်မရခဲ့ဘူး။
၄။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)ဆိုတာကလည်း မရှိသလောက်ပါပဲ။
၅။ အားကိုးရတဲ့ သတင်းအချက်အလက်များ (Alternative information)လည်း မရှိပါဘူး။ သတင်းစာ၊ တီဗွီ၊ စာနယ်ဇင်းအကုန်လုံးကို ကြံ့ဖွတ်တို့က ထိန်းချုပ်ထားတယ်။
၆။ အသင်းအဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့် (Associational Autonomy)လည်း ရှိရတယ်။ ဒီလိုပြဌာန်းခွင့်မရှိဘဲ ရွေးကောက်ပွဲလုပ်ရင် တရားမျှတမှာမဟုတ်ဘူး။ နောက်ပိုင်း ရှိသမျှ အမျျိးသမီးရေးရာ၊ စစ်မှုထမ်းဟောင်း၊ စွမ်းအားရှင်တို့ကလည်း ကြံ့ဖွတ်ရဲ့လက်ကိုင်တုတ်တွေပါပဲ။

ဒီတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လူတွေက ထိထိရောက်ရောက် အားရပါးရ ပါခဲ့ရတာမဟုတ်ဘူး။ Effective Participation လုံးဝ မရှိခဲ့ဘူးလို့ပဲ ပြောရမယ်။ နောက်ပြီး အဲဒီရွေးကောက်ပွဲအကြောင်းကို လူတွေက ဘာမှ မသိကြရှာပဲ မဲသွားပေးရခြင်းဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းများ လုံးဝလုပ်ခဲ့ခြင်းမရှိဘူး။
 
နားလည်မှုကို ကြွယ်ဝစေခြင်း (Enlightened understanding)
၁။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)ဆိုတာ ရှိရမယ်။ ကော်မရှင်ကို မဝေဖန်ရ၊ ကြံ့ဖွတ်ကို မဝေဖန်ရ၊ စစ်အစိုးရကို မဝေဖန်ရ၊ တစ်ပါတီနဲ့တစ်ပါတီကို မဝေဖန်ရ ဆိုတော့ မဟုတ်တဲ့စည်းကမ်းတွေက များနေတယ်။
၂။ အားကိုးရတဲ့ သတင်းအချက်အလက်များ (Alternative information)လည်း မရှိဘူး။ အခုန ပြောသလိုပဲ။ ရသမျှသတင်းတွေက ကြံ့ဖွတ်တွေ မဲဆွယ်တဲ့သတင်းတွေပဲ ရှိတယ်။ လမ်းဖောက်တယ်၊ တံတားဆောက်တယ်၊ ဆေးကုပေးတယ်ဆိုတော့ သတင်းဌာနတွေက အားကိုးလို့ မရတော့ဘူး။
၃။ အသင်းအဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့် (Associational Autonomy)လည်း မရှိဘူး။ ကြံ့ဖွတ်တစ်ပါတီပဲ လုပ်ပိုင်ခွင့် ရပြီး ကျန်တဲ့ ပါတီတွေကို ကော်မရှင်က ဥပဒေတွေနဲ့ ခြေတွေလက်တွေကို တုတ်နှောင်ထားလိုက်တယ်။ 
ဒီတော့ ပြည်သူတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲတုန်းက ဘယ်ပါတီကိုမှ ကောင်းကောင်းသိခဲ့ကြတာမဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဘာမှမသိယင် သူတို့ရွေးကောက်ပြီး တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက သူတို့ကိုယ်စားဆုံးဖြတ်ပိုင်ခွင့်ရှိမရှိလည်း သိရှိကြတာမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း နားလည်တဲ့လူက မရှိဆိုတော့ ပိုဆိုးခဲ့တယ်။

ကဲ မြွေအရေခွံကို ဆက်ကြည့်ရအောင်ပါ။ နောက်တစ်ခုက
လုပ်ငန်းစဉ်များကို ကြီးကြပ်ခြင်း (Control of agenda)
၁။ ရွေးကောက်ပြီး ကော်မရှင်အရာရှိများ (Elected officials)
၂။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)
၃။ မဲပေးပိုင်ခွင့်ရှိသူအားလုံး ပါဝင်မှု (Inclusive suffrage)
၄။ အစိုးရအာဏာအတွက် ဝင်ပြိုင်ခွင့် (Right to run for office)
၅။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)
၆။ အားကိုးရတဲ့ သတင်းအချက်အလက်များ (Alternative information)
၇။ အသင်းအဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့် (Associational Autonomy) ဆိုပြီး လုပ်ငန်းကြီးကြပ်မှုကလည်း စစ်အစိုးရလက်ထဲမှာပဲ ရှိခဲ့တယ်။ ရွေးကောက်ပွဲမှာ အထက်ဖော်ပြပါအချက်များအားလုံးက အတိုက်အခံတွေလက်ထဲမှာ မရှိဘူးဆိုတော့ ရွေးကောက်ပွဲကြီးကြပ်မှုဆိုတာကလည်း အစီအစဉ်ကျကျမကျကျ ဝေဖန်ပိုင်ခွင့်မှ မရှိတာပဲ။
ကိုင်း…ဒါဆိုယင်
အားလုံးပါဝင်ခြင်း (Inclusion)
၁။ မဲပေးပိုင်ခွင့်ရှိသူအားလုံး ပါဝင်မှု (Inclusive suffrage)
၂။ အစိုးရအာဏာအတွက် ဝင်ပြိုင်ခွင့် (Right to run for office)
၃။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of expression)
၄။ အားကိုးရတဲ့ သတင်းအချက်အလက်များ (Alternative information)
၅။ အသင်းအဖွဲ့ဆိုင်ရာ လုပ်ပိုင်ခွင့် (Associational Autonomy) ဒါတွေလည်း မရှိခဲ့ဘူး။ အထက်မှာ ပြောသလိုပဲ။ မဲပေးပိုင်ခွင့်ရှိတဲ့လူတွေအားလုံးက ပါဝင်ခဲ့တာမဟုတ်သလို လူတိုင်းကလည်း ဝင်ပြိုင်နိုင်တာမဟုတ်ဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လုံးဝမရှိဘဲ သတင်းဌာနတွေကလည်း မုဒိမ်းကျင့်ခံရတယ်။ အသင်းအဖွဲ့တွေက ကော်မရှင်လိုပဲ ဘက်လိုက်ကြတယ်။ 

စာဖတ်သူတို့ စဉ်းစားကြည့်ပါ။ အထက်ဖော်ပြပါနည်းလမ်းနဲ့ တက်လာတဲ့ လက်ရှိကြံ့ဖွတ်အစိုးရက အမျိုးသားပြန်လည်သွေးစည်းရေးလုပ်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခုထိ အသိအမှတ်မပြုသေးသလို တစ်ဖွဲ့ချင်းမဟုတ်ဘဲ အားလုံးအတူတကွ စကားပြောချင်ပါတယ်ဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကောင်စီကိုလည်း ရှိလေသည့်ငပိမျှတောင် သိတာမဟုတ်ဘူး။

သူတို့ပြောပြောနေတဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုတာကလည်း နှစ်ပေါင်း(၂၀)မက ပြောခဲ့ပြီးပါပြီ။ ယုံကြည်မှုတည်ဆောက်ရေးလို့ ပြောပြောနေရင်းနဲ့ သူတို့က တစ်ဖက်သတ်နဲ့ သူတို့အကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီးပြီပဲ။ အဲဒီနှစ်ပေါင်း(၂၀)မျှအချိန်ကို အလဟဿဖြုန်းတီးပစ်ပြီး အခုမှ လွှတ်တော်မှာ ပြင်ကြပါလို့ ပြောနေပါတယ်။ ဒါဟာ စပါးကြီးမြွေက သူ့ညှို့ထားတဲ့ စည်းထဲကို ဝင်လာအောင် မျှားခေါ်လိုက်တာပါ။ သူတို့လွှတ်တော်က လူသတ်ကွင်းနဲ့ တူပါတယ်။ မသတ်သေးလို့ နည်းနည်းလေး လွတ်လပ်နေတာကို အဟုတ်မမှတ်ကြပါနဲ့။ ကြွက်ကလေးကို မသတ်ခင် ကြောင်က ဆော့ချင်သေးလို့ အသက်ရှည်နေရတာပါ။

လွှတ်တော်ကို လာကြပါလို့ ပြောပြောနေတဲ့ နိုင်ငံရေးသမားတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်စေချင်တယ်လို့ ပြောပြောနေတဲ့ တိုင်းရင်းသားညီနောင်(၅)ဖော်ပါတီတို့ကို နည်းနည်း ပြောချင်ပါသေးတယ်။  လွှတ်တော်က ၂၀၀၈-ခုဥပဒေဘောင်အတွင်းမှာ ရှိပါတယ်။ အဲဒီဥပဒေဘောင်ကလည်း လူသတ်လက်နက်တွေ တပ်ဆင်ထားပါတယ်။ လူသတ်လက်နက်တွေ အပြည့်အဝ တပ်ဆင်ထားတဲ့ လူသတ်ကွင်းနဲ့တူတဲ့ လွှတ်တော်မှာ လက်နက်မဲ့သူ အသင်လူသားတို့ ဘာလုပ်နိုင်မလဲ။

လက်ရှိအခြေခံဥပဒေအရ မြန်မာနိုင်ငံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လို့ အမည်ပေးထားပါတယ်။ ပြည်ထောင်စုနိုင်ငံလို့ နာမည်ပေးထားပါတယ်။ ဒါပေမယ့် ပြည်နယ်တွေကို ကိုယ်စားပြုတဲ့လွှတ်တော် မရှိပါ။ အမှန်မတော့ အမျိုးသားလွှတ်တော်ဆိုတာ ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော် ဖြစ်ရမှာပါ။ ပြည်သူ့လွှတ်တော်ကတော့ ပြည်သူတွေကို တိုက်ရိုက်ကိုယ်စားပြုတဲ့လွှတ်တော်ပေါ့။ ပြည်သူလွှတ်တော်ကတော့ လူဦးရေများတဲ့ပြည်နယ်နဲ့တိုင်းက လူဦးရေအရ အမတ်ဦးရေများများ ရကြမယ်။ ဒီလွှတ်တော်က ဥပဒေပြုလွှတ်တော် ဖြစ်ရမယ်။ ဒါပေမယ့် လူဦးရေနည်းတဲ့ ပြည်နယ်တွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အမျိုးသားလွှတ်တော်မှာ ပြည်နယ်တွေဆီက အညီအမျှ အမတ်တွေကို ရွေးကောက်တင်မြှောက်ပေးရပါတယ်။ ဒီလွှတ်တော်က ဥပဒေကြမ်းတစ်ခု သမ္မတဆီမရောက်သေးခင် ပြင်ဆင်သင့်တာကို ပြင်ဆင်ပေးလေ့ရှိတယ်။ လွှတ်တော်နှစ်ရပ်စလုံး သဘောတူမှ အဲဒီဥပဒေကြမ်းက သမ္မတလက်မှတ်ထိုးရပါတယ်။

အချို့နိုင်ငံမှာ ပြည်ထောင်စုစနစ်မဟုတ်ပါဘူး။ အမျိုးသားနိ်ုင်ငံတစ်ခုဖြစ်တယ်။ အဲဒီနိုင်ငံမျိုးမှာ Polyarchy ဒါမှမဟုတ် Majority Rule အနေနဲ့ သွားလို့ရတယ်။ အများညီရင် ကျွဲကို ဤဖတ်လို့ရတယ်ပေါ့။ ပြည်ထောင်စုနိုင်ငံတစ်ခုမှာ ဒီမိုကရေစီစံနှုန်းဖြစ်တဲ့ Majority Rule အနေနဲ့ပဲ မလုံလောက်တော့ဘူး။ လူမျိုးတိုင်းအတွက် တန်းတူရေးကလည်း အရေးပါတယ်။ ဒါကြောင့် ပြည်ထောင်စုနိုင်ငံလည်း ဟုတ်ရင်၊ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံလည်း ဟုတ်ရင် အောက်လွှတ်တော်လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော်က ဒီမိုကရေစီစံနှုန်းဖြစ်တဲ့ Polyacrch or Majority Rule ကို စောင့်ထိန်းရတယ်။ အထက်လွှတ်တော်ခေါ် အမျိုးသားလွှတ်တော်က Equality အရ ရပ်တည်ရတယ်။ ဒါမှပဲ ဒီမိုကရေစီရေးလည်း ထွန်းကားပြီး လူမျိုးတန်းတူရေးလည်း ရှိနိုင်မယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံမှာ အဲဒီအရည်းအချင်း လုံးဝမရှိပါဘူး။ ဒီမိုကရေစီစံနှုန်းမရှိသလို ပြည်ထောင်စုတစ်ခုအတွက် အင်မတန်အရေးပါလှတဲ့ တန်းတူညီမျှရေးလည်း မပါဝင်ပါဘူး။ အခြေခံဥပဒေတစ်ခုကို မှတ်ကျောက်တင်ချင်ရင်…
ဒီမိုကရေစီ ဘယ်လောက် ရှိသလဲ တိုင်းတာရတဲ့ပေတံ (စံ)များ
၁။ ပေါ်လစီချမှတ်တဲ့နေရာမှာ အစိုးရရဲ့အာဏာကို ရွေးကောက်ပွဲကနေ တက်လာတဲ့အရာရှိများလက်မှာ အခြေခံဥပဒေအရ အပ်နှံထားရမယ်။
၂။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများကို သင့်လျော်သလို မကြာခဏ ကျင်းပပေးယင် ချုပ်ခြယ်မှုလည်း အတော်လေး ကင်းပြီး အရာရှိများကိုလည်း ငြိမ်းချမ်းစွာနဲ့ ရွေးချယ်ရ၊ ဖြုတ်ပယ်ရတယ်။
၃။ ဒီရွေးကောက်ပွဲများမှာ အသက်ပြည့်သူအားလုံးက လက်တွေ့ကျကျ မဲပေးခွင့်ရှိရမယ်။
၄။ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်များ ဝင်ရောက်အရွေးခံခြင်းမှာ ပြည်သူ့အရာရှိများဖြစ်ဖို့အတွက် ဖြစ်လို့ ဒီရာထူးအတွက် အရွယ်ရောက်သူအားလုံးနီးပါးက ဝင်ပြိုင်ခွင့် ရှိသင့်တယ်။
၅။ လွတ်လပ်စွာ ပြောဆိုခွင့်၊ အထူးသဖြင့် ဌာနလက်ကိုင်အရာရှိတွေ အစိုးရအပြုအမူတွေ ရေးပန်းစားနေတဲ့ နိုင်ငံရေးစီးပွားရေးလူမှုရေးစနစ်တွေနဲ့ ကြီးစိုးနေတဲ့အယူအဆတွေကို ဝေဖန်နိုင်တဲ့ နိုင်ငံရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လည်း နိုင်ငံသားတွေမှာ ထိရောက်တဲ့ဥပဒေနဲ့ ထားရှိရမှာဖြစ်တယ်။
၆။ သတင်းဌာနတွေနဲ့ပတ်သက်ပြီးလည်း သူတို့က လက်လှမ်းမီရမယ်။ အဲဒီသတင်းဌာနကို အစိုးရ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက မူပိုင်လုပ်ထားလို့ မရပါ။
၇။ နောက်ဆုံးအနေနဲ့ နိုင်ငံရေးပါတီများနဲ့ စိတ်ဝင်စားရာအဖွဲ့အစည်းများအပါအဝင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုခုကို ဖွဲ့စည်းခွင့်၊ ပါဝင်ခွင့်ကိုလည်း ပြည်သူတွေကို ဥပဒေအရ ထိရောက်စွာ ပေးထားရတယ်။
ဒီစံ(၇)ချက်က ပညာရှင်များလက်ခံထားတဲ့နှုန်းတွေပါပဲ။ မြန်မာနိုင်ငံဖွဲ့စည်းပုံကတော့ ဒီစံနှုန်းတွေနဲ့ လုံးဝမကိုက်ညီဘူဆိုတာ ထင်ရှားလှပါတယ်။ နောက် အချိန်ရယင် အကျယ်တဝင့် ဆွေးနွေးသွားပါ့မယ်။ အထက်ဖော်ပြပါ (၇)ချက်နဲ့ လုံးဝမကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လို့ အဲဒီဖွဲ့စည်းပုံကို ပြင်နေမဲ့အစား အသစ်ပြန်ရေးတာပဲ ကောင်းပါတယ်။

ကဲ အဲဒီဖွဲ့စည်းပုံကို ပြင်ဆင်ချင်တာပဲဖြစ်ဖြစ်၊ ပြန်ရေးတာပဲဖြစ်ဖြစ် လက်ရှိကြံ့ဖွတ်အစိုးရ လုပ်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို အနည်းငယ်သုံးသပ်ကြည့်ကြရအောင်ပါ။

လက်ရှိစစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချျပ်ကို မတင်မကျသဘောမျိုးနဲ့ လွှတ်ထားတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ချိုးနှိမ်နေတဲ့အချိန် ဖြစ်တယ်။ ဒီတော့ စေ့စပ်ညှိနှိုင်းရေးဆိုတာ တစ်ဖက်သတ်လို ဖြစ်နေတယ်။ ဖွဲ့စည်းပုံရေးတုန်းကလည်း တစ်ဖက်သတ်ပဲ။ ရွေးကောက်ပွဲလုပ်တုန်းကလည်း တစ်ဖက်သတ်ပဲ။ အခု စေ့စပ်ရေးလုပ်နေတဲ့အချိန်မှာလည်း ပူးပေါင်းဆောင်ရွက်နိုင်သလားဆိုတော့ မရှိုပါဘူး။ တစ်ဖက်သတ်ပါပဲ။

အမှန်တကယ် စေ့စပ်ရေးလုပ်တဲ့နေရာမှာ လိုအပ်တဲ့ စံနှုန်းတွေလည်း မရှိဘူး။ အမှန်တကယ်စေ့စပ်ရေးလုပ်ချင်ရင် အမှန်တကယ်လိုအပ်တဲ့ EXTRA-CONSTITUTIONAL နိုင်ငံရေးအဆောက်အဦးလည်း ထားရှိတာမတွေ့ရဘူး။ သူတို့က အများလက်မခံတဲ့ ၂၀၀၈-ခုဥပဒေကို အသေဆုပ်ကိုင်ထားတယ်။ နောက်ပြီး..RULE OF THE GAME လည်း မရှိဘူး။ ရရင်ရ မရရင်ချပဲ။ ပိုဆိုးတာက…
၁။ အမြစ်တွယ်နေတဲ့ ပဋိပက္ခများ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း (သို့) ရှောင်ရှားခြင်းများလည်း မရှိဘူး။ ဒါကတော့ Preventing or escaping deep-rooted conflict လို့ ခေါ်ပါတယ်။ ရှောင်ရမဲ့အစား အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ပါ့မယ်လို့ ကတိပေးတဲ့သူတို့ကိုယ်တိုင်က အတိုက်အခံတွေကို ဒုက္ခပေးမြဲပေးပြီး တိုင်းရင်းသားတွေကိုလည်း ပိုပြီး ထိုးစစ်ဆင်နေပါတယ်။
၂။ ကွဲပြားခြားနားမှုတွေကို အသိအမှတ်မပြုဘဲ တူတာကိုပဲ ပူးပေါင်းကြရအောင်လို့ အမြဲပြောလေ့ရှိပါတယ်။ ဒါတွေက တူတာကို ပြောရရင် သူတို့ကြိုက်တာကိုပဲ ပြောရာရောက်တာမို့ စေ့စပ်ရေးမဟုတ်ပါဘူး။ Differences in approach မရှိရင် ဒါက သင့်မြတ်ရေးမဟုတ်တော့ဘူး။
၃။ စေ့စပ်ရေးဆိုကတည်းက လမ်းတံတားဖောက်ဖို့အတွက်ပဲ ပြောရတာ မဟုတ်ဘူး။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာကိုပဲ ပြောကြဆိုကြရမယ်။ အာဏာခွဲဝေမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ကြံ့ဖွတ်တွေက အဲဒါတွေ မပြောပါဘူး။ အဲဒီအချက်(၃)ချက်ကို အသေဆုပ်ကိုင်ထားပြီး စကားပြောတတ်တယ်။ အာဏာခွဲဝေမှုကို စနစ်တကျ လမ်းခင်းပေးထားတာ မရှိဘူး။ Promoting power sharing မပါရင် အဲဒါလည်း အချိန်ဖြုန်းတာပဲ။
၄။ အာဏာခွဲဝေမှုများကို စာရွက်ပေါ်မှာပဲ မထားရှိဘဲ အာဏာခွဲဝေမှုများကို အဲဒီနယ်မြေဒေသတွေမှာ လက်တွေ့ကျင့်သုံးတတ်အောင်လည်း အခွင့်အရေးပေးရတယ်။ တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ပေးရတယ်။ ဒါတွေကို When power sharing can succeed လို့ ခေါ်ပါတယ်။

ဒီအချက်လေးချက်က ယေဘုယျအားဖြင့် ပါဝင်ရတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စေ့စပ်ပြီဆိုယင် ကျန်တဲ့အချက်တွေလည်း အများကြီးပါပဲ။ ဥပမာအချို့ကို ပြောရမယ်ဆိုယင်…တစ်ဖွဲ့နဲ့တစ်ဖွဲ့က အကြပ်အတည်းတွေကို နားလည်မှု မတူကြဘူး။ ဒါက commonly perceived deadlock ဖြစ်နေတယ်လို့ စာက ဆိုပါတယ်။ လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်က အခွင့်အရေးအချို့ကို အမိအရ ဆုပ်ကိုင်ထားတာ ရှိတယ်။ ဘယ်လောက်မြဲမလဲ မသိရပေမဲ့ ဒါက Seizing opportunity တစ်ခုဖြစ်လို့ မဆိုးပါဘူး။ ဒါပေမဲ့ ပဋိပက္ခက အမြစ်တွယ်နေတာ ကြာလှပြီ။ ယုံကြည်မှုတည်ဆောက်ဖို့က ခက်နေတယ်။ The importance of trust ကို နားလည်လို့ Flexibility ပျော့ပျောင်းညင်သာမှုအချို့ ပြရတာကိုလည်း သဘောပေါက်ပါတယ်။ဒါပေမဲ့ အကြိုညှိုနှိုင်းမှုအစီအစဉ်တွေ The pre-negotiation agenda, ဆွေးနွေးစရာအချက်လက်များကို ရှာဖွေစုဆောင်းပြီး တိကျရေရာတဲ့ ဆွေးနွေးချက်ကလေးများ Developing a specific negotiation process ကိုလည်း ချမှတ်ရတယ်။
ကျန်တဲ့ ညှိုနှိုင်းစရာတွေကလည်း အများကြီးပါပဲ။ မည်သည့်ဆွေးနွေးပွဲမဆို ဆွေးနွေးမဲ့နေရာ ဆွေးနွေးမဲ့ခေါင်းစဉ် ဆွေးနွေးမဲ့အချိန်တွေကို ကန့်သတ်ထားရမှာပါ။ ဒါတွေမရှိဘူးဆိုရင် အသီးအပွင့်တွေ ခံစားရဖို့ မလွယ်ဘူး။

ဒါတွေကို ကြည့်ရင် လက်ရှိကြံ့ဖွတ်အစိုးရက အမှန်တကယ်ဆွေးနွေးချင်တာမဟုတ်ဘဲ ပြည်တွင်းပြည်ပကနေ ဘက်စုံလာတဲ့ ဖိအားတွေကြောင့် သူတို့ကလည်း အရေခွံလဲစဖြစ်လို့ အနည်းငယ် ပျော့ပျောင်းဟန်ဆောင်ပြီး နိုင်ငံရေးအမြတ်ထုတ်နေခြင်းမျှသာ ဖြစ်တယ်။

ဒီတော့ မြွေအရေခွံကို ကြည့်ပါ။ သူ့ချထားတဲ့စည်းကိုလည်း ကြည့်ပါ။ သူ့အရေခွံကို ကြည့်ရင် ဘာမြွေလဲ မေးမနေကြပါနဲ့။ တက်သစ်စအရေခွံက မာလာရင် အရင်အကွက်တွေ ပေါ်လာပြီး မြွေပွေးမြွေဟောက်စပါးကြီးမြွေဖြစ်ကြောင်း သိလာမှာပါ။ ဒါကြောင့် များများစားစား မမျှော်လင့်ကြပါနဲ့။

အတိုက်အခံများကသော်လည်းကောင်း၊ တိုင်းရင်းသားများကသော်လည်းကောင်း စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြပါ။ နွားကွဲရင် ကျားဆွဲမယ်။ စပါးကြီးမြွေကိုလည်း ရေမြွေလို့ မထင်ကြပါနဲ့။ အရေခွံလဲချိန်မို့လို့ ပျော့ပျောင်းတာကို တစ်သက်လုံး ဒီလိုပဲလို့ မထင်ကြပါနဲ့။ သိပ်ပြီး အနားမကပ်ကြပါနဲ့။ အနားကပ်ရရင်လည်း သတိဝိရိယရှိကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

%d bloggers like this: