မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ဒီမိုကရေစီနဲ့အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တို့ဟာ ဒင်္ဂါးပြားရဲ့ပန်းနဲ့ခေါင်း

ဒီမိုကရေစီနဲ့အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တို့ဟာ ဒင်္ဂါးပြားရဲ့ပန်းနဲ့ခေါင်း

ရေးသားသူ:

ရွှေဟင်္သာ – စစ်အာဏာရှင်စံနစ်ကိုမလိုလားလို့ ပြည်တွင်းမှာဆန့်ကျင်လှုပ်ရှားနေကြတဲ့ နိုင်ငံရေးပါတီအဖွဲ့အ စည်းများ၊ ကျောင်းသားလူငယ်နဲ့ ပညာတတ်အသိုင်းအဝိုင်းတွေအကြားမှာရော နယ်စပ်နဲ့ပြည်ပအခြေ စိုက် နိုင်ငံရေးအင်အားစု လူငယ်နဲ့လူမှုအဖွဲ့အစည်းအကြားမှာပါစစ်အာဏာရှင်စံနစ်ကိုဆန့်ကျင်တာခြင်းတူကြပေမဲ့ နိုင်ငံရေးဦးတည်ချက်မှာ မတူကွဲပြားမှုတွေရှိနေကြပါတယ်။ ဘဝချင်းမတူလို့ ခံစားချက်ခြင်းမတူကြတာဟာ သဘာဝကျပေမဲ့ ရေရှည်လက်တွဲလှုပ်ရှားခဲ့ကြတဲ့အင်အားစုအချင်းချင်းအကြားမှာရော ရှေ့ဆောင်တပ်ပေါင်းစု တခုခုအောက်မှာ ပါဝင်လှုပ်ရှားနေကြတဲ့ အင်အားစုတွေအကြားမှာပါ အမြင်မတူ ဦးတည်ချက်ခြင်းကွဲ နေတာရှိပါတယ်။ ဒီလိုမတူကွဲပြားနေတာကို အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီး ပွင့်ပွင့်လင်းလင်းထုတ်ဖော် မပြောပေမဲ့ ရှိနေမှန်းတော့သိနေကြပါတယ်။ ဒီလိုရှိနေတာဟာ တော်လှန်ရေးအတွက် အလားအလာမ ကောင်းသလို ခိုင်မာတဲ့စုစည်းညီညွတ်ရေးကိုတည်ဆောက်ဖို့ရန် အဟန့်အတားဖြစ်စေပါတယ်။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့အကြားမှာ သံသယဖြစ်စေပါတယ်။ ဒါတွေကိုအတတ်နိုင်ဆုံးညှိနှိုင်းရှင်းလင်းဖို့လိုပါတယ်။

ဘယ်အပိုင်းမှာမတူကွဲပြားမှုရှိနေလဲဆိုရင် ဗမာလူမျိုးအများစုပါဝင်တဲ့ ဒီမိုကရေစီအင်အားစုတွေထဲက အချို့အဖွဲ့တွေ၊ အချို့ပုဂ္ဂိုလ်တွေဟာ ဒီမိုကရေစီအရေးသက်သက်ကိုဘဲလိုချင်ကြတယ်။ ဗမာမဟုတ်တဲ့တိုင်းရင်း သားတွေတောင်းဆိုနေတဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို လုံးလုံးထည့်မတွက်ချင်ကြဘူး။ အချို့ဆိုရင် ဆန့်ကျင်နေပါသေးတယ်။ သူတို့က အမျိုသားတန်းတူရေးတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ဖက်ဒရယ်ပြည်ထောင်စုတို့စတာတွေကိုဦးတည်တောင်းဆိုနေတာကြောင့် ဒီမိုကရေစီ တော်လှန်ရေးကိုနှောင့်နှေးထိခိုက်စေတယ်လို့အပြစ်မြင်နေကြတယ်။တခါတရံမှာ ခေတ်နောက်ကျတဲ့အမြင် ကျဉ်းအမျိုးသားရေးဝါဒဆိုပြီးရှုံ့ချပြောဆိုလာတာတွေလည်းရှိပါတယ်။အချို့ကတော့ တိုင်းရင်းသားလူမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံနေရလို့ဆန့်ကျင်ပြီးထုတ်မပြောလိုတဲ့အတွက် ဆိတ်ဆိတ်နေလိုက်တာမျိုးတွေ လည်းရှိပါ တယ်။အချို့နေရာမှာတိုင်းရင်းသားအခွင့်အရေးတွေကို မလွှဲသာလို့သဘောတူလက်ခံတယ်လို့ပြောလိုက်ရပေမဲ့ လိုလိုလားလားတော့မဟုတ်ဘူး။သူတို့ခံယူချက်ကတော့ဒီမိုကရေစီအပြည့်အဝရရင်လုံလောက်ပြီ၊ ကျန်တာ တွေဒီမိုကရေစီဘောင်ထဲကတောင်းဆိုလုပ်ဆောင်သွားဖို့ဆိုတဲ့သဘောမျိုးရှိတယ်။ဒီလိုအမြင်တွေက တတန်း ထဲ၊ တပုံစံထဲတော့မဟုတ်ဘူး၊ သူ့အဆင့်နဲ့သူရှိပါတယ်။

ဗမာမဟုတ်တဲ့တိုင်းရင်းသားအင်အားစုအထဲက အချို့အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေထဲမှာ ဒီမိုကရေစီတွေ၊ ဆို ရှယ်လစ်တွေ၊ ကွန်မြူနစ်တွေဆိုတဲ့ဝါဒတွေကို ထည့်တွက်စရာမလိုသေးဘူး။ အမျိုးသားလွတ်လပ်ရေး(သို့) အ မျိုးသားကိုယ်ပိုင်ပြဌါန်းခွင့်ရရှိရေးပဲ။အာဏာရှင်အစိုးရအပေါ်နာကျည်းရာက ဗမာတွေဆိုရင်ကြည့်လို့မရဘူး၊ ဗမာစကားလည်းမပြောချင်ဘူး၊ ဗမာဆိုရင်စိတ်မချရဘူးဆိုတဲ့ဗမာဆန့်ကျင်ရေးစိတ်ဓါတ်ရှိခဲ့တယ်။ ဒီလိုစိတ် ဓါတ်တွေဟာရှစ်လေးလုံးလူထုအုံကြွမှုဖြစ်ပြီးတဲ့နောက်ကျောင်းသားတွေဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံ ပေါင်းသင်းရတော့များစွာလျှော့ကျသွားပါတယ်။ဗမာအများစုဖြစ်တဲ့ဒီမိုကရေစီအင်အားစုတွေ အသက်ပေါင်း များစွာအသေခံပြီး စစ်အာဏာရှင်တွေကိုတိုက်ပွဲဝင်ခဲ့တာကြားသိရလို့တကြောင်း၊ ပြည်သူလူထုအများစု ကြီး ကနေဒီမိုကရေစီကိုလိုလားတောင်းဆိုနေတာသိခဲ့ရတာတကြောင်းတို့ကြောင့်ဒီမိုကရေစီအရေးအပေါ် အလေး ထားလာကြတာတွေရှိပါတယ်။အချို့ကလည်းဒီမိုကရေစီတို့၊ဆိုရှယ်လစ်တို့၊ ကွန်မြူနစ်တို့ဟာအုပ်ချုပ်ရေး စံနစ်ဖြစ်တယ်။အာဏာသို့မဟုတ်အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကပထမ၊ အဲဒါရပြီးရင်ကြိုက်တဲ့စံနစ်ကို သုံးနိုင် တယ်။တခုမကောင်းရင်နောက်တခုကိုပြောင်း၊ ပြဿနာမရှိဘူး။ အမျိုးသားဆိုင်ရာအခွင့်အာဏာ ရဖို့ အဓိ က လို့မြင်ကြတယ်။ဒီလိုအမြင်ရှိတာကြောင့်အာဏာရနိုင်ဖို့ အာဏာကိုချုပ်ကိုင်ထားတဲ့အစိုးရကိုပဲ အလေးထား ကြတယ်။ တွေ့ဆုံစကား ပြောခွင့်ရှိရင်ပြောမယ်၊ ပြောလို့မရရင်တိုက်မယ်။ အာဏာရထားတဲ့အစိုးရဟာ ဖက်ဆစ်အာဏာရှင်လား၊ ဆိုရှယ်လစ်လား၊ ကွန်မြူနစ်လားဆိုတာတွေ လေးလေးနက်နက်ထည့်မတွက်ကြဘူး။ ဒီလိုအမြင်တွေရှိနေတော့ ဒီမိုကရေစီအရေးအပေါ်မှာ တန်ဘိုးမထားကြတော့ဘူး။

ဒီမိုကရေစီသမားတွေကလည်း ဒီမိုကရေစီအရေးလောက်ကိုပဲမြင်ပြီး အမျိုးသားရေးသမားတွေက လည်း အမျိုးသားအခွင့်အရေးလောက်ကိုသာဇောင်းပေးနေတော့ ဒီအင်အားစုနှစ်ခုအကြားမှာ စုစည်းဖို့၊ နား လည်မှုရယူဖို့ဆိုတာခက်ခဲတယ်။ အာဏာရစစ်အာဏာရှင်အစိုးရအဖို့ကတော့ ကျနော်တို့အတိုက်အခံ တော် လှန်ရေးအင်အားစုတွေအချင်းချင်းမစုစည်းနိုင်လေ သူတို့အတွက်ပိုကောင်းလေပါပဲ။ သူတို့ရဲ့ရပ်တည်ချက်က တော့ အာဏာလက်မလွတ်ရေး။ အာဏာရှင်စံနစ်ကိုဆက်ကျင့်သုံးနိုင်ဖို့ “စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုပြီးဒီမိုကရေစီကိုဘောင်ကန့်ထားလိုက်တယ်။ပြည်သူအများကြိုက်၊နိုင်ငံတကာကြိုက်၊ ခေတ်ကာလ ကြိုက် ဖြစ်နေတဲ့ဒီမိုကရေစီကိုငြင်းပယ်လို့မရတော့ ဘောင်ကန့်ထားလိုက်တာဖြစ်တယ်။ ဘောင်ဆိုတဲ့စည်းကမ်းက သူတို့လက်ထဲမှာ၊ဒါကိုတော့အလွတ်မခံဘူး။ ၁၉၆၂-ခု၊ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတုန်းက ဒီမိုကရေစီစနစ် ကြောင့်တိုင်းပြည်ပျက်ရတော့မယ်ဆိုပြီးဒီမိုကရေစီကိုအပုပ်ချကာတပါတီအာဏာရှင်စနစ်ကို ကျင့်သုံးလာခဲ့တယ်။ နောက်ပြီး ဒီမိုကရေစီဆိုတာ အရင်းရှင်၊ ဓနရှင်လူနည်းစုကောင်းစားရေးဝါဒပဲဆိုပြီး တိုက်ခိုက်ခဲ့တယ်။ တချိန်ထဲမှာအာဏာရှင်စနစ်ကိုအလုပ်သမား၊ လယ်သမား လူများစုကောင်းစားရေးဆိုတဲ့ ဆိုရှယ်လစ်အမြင် တွေနဲ့မွမ်းမံပြီးပိုမိုခိုင်ခန့်အောင်လုပ်ခဲ့တယ်။အခုခေတ်မှာဆိုရှယ်လစ်၊ကွန်မြူနစ်ဝါဒတွေအရေးမလှ သိက္ခာကျ နေတော့အများကြိုက်တဲ့ဒီမိုကရေစီကိုလိုက်သုံးပြီး“စည်းကမ်းပြည့်ဝသော”ဆိုတဲ့ဘောင်ကလေးနဲ့ ထိန်းချုပ် ကန့်သတ်ထား တာဖြစ်တယ်။ အမှန်တော့ အာဏာရှင်စနစ်ခိုင်မြဲရေးပါပဲ။

အခြားတဖက်ကစစ်အစိုးရဟာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့အမျိုးသားတန်းတူရေးနဲ့ကိုယ် ပိုင်ပြဌာန်းခွင့်ရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုလက်မခံနိုင်တော့“ရေပက်မဝင်တဲ့စည်းလုံး ညီ ညွတ်ရေး”တနည်းအားဖြင့်“ဒို့အရေးသုံးပါး”နဲ့ဘောင်ကန့်ထားလိုက်ပြန်တယ်။ သူတို့အကြောင်းပြချက် က တော့လူဦးရေသန်းထောင်ကျော်ရှိတဲ့နိုင်ငံကြီးနှစ်ခုအကြားမှာတည်ရှိနေတဲ့နိုင်ငံငယ်လေးဖြစ်နေတော့ ခိုင်မာတဲ့ စည်းလုံးညီညွတ်ရေးမရှိဘူးဆိုရင်ခုခံနိုင်စွမ်းအားမရှိနိုင်ဘူး။ဒီလိုအန္တရာယ်ကြီးကြီးမားမားရှိနေတာကို အမြော် အမြင်ရှိရှိနဲ့ကြိုတင်ပြင်ဆင်ကာကွယ်ထားဖို့လိုအပ်တယ်လို့အကြောင်းပြကြတယ်။ဒီလိုအကြောင်းပြပြီး ဗဟို အစိုးရကချုပ်ကိုင်တဲ့တပြည်ထောင်နိုင်ငံမျိုးကိုပဲအကောင်အထည်ဖော်ခဲ့တယ်။ပြည်ထောင်စုဆိုတာ အမည်ခံ သက်သက်ပါ။ ဒါကလည်းသူတို့လက်ထဲမှာအာဏာတည်မြဲရေးပါပဲ။ ဒါထက်မကသူတို့တပ်မှူးတပ်သားတွေနဲ့ အမာခံတွေအကြားမှာသွင်းထားတဲ့သဘောတရားတခုကလူမျိုးအထွထွေ၊ကိုးကွယ်တဲ့ ဘာသာအဖုံဖုံရှိ နေတဲ့ နိုင်ငံတွေမှာ ခိုင်မာတဲ့စည်းလုံးညီညွတ်ရေးရှိဖို့မလွယ်ဘူး။ ဒါကြောင့် လူမျိုးဆိုရင်ဗမာ၊ ကိုးကွယ်ယုံကြည်မှုမှာ ဗုဒြွဘာသာအားလုံးဖြစ်လာဖို့အတွက်အတင်းအဓမ္မနည်းနဲ့လုပ်ဆောင်သွားဖို့ရေရှည်စီမံကိန်းချပြီး အကောင်အထည် ဖော်နေတာဖြစ်တယ်။တနည်းအားဖြင့်ကျစ်လစ်ခိုင်မာတဲ့စတုတ္ထဗမာအင်ပါရာ နိုင်ငံတော်ထူထောင် ရေးစီမံကိန်းဖြစ်တယ်။

အာဏာရှင်အစိုးရတွေဟာအာဏာရှင်စနစ်ကိုအခိုင်အမာတည်ဆောက်ထိန်းသိမ်းထားနိုင်ဖို့ သဘော တရားအခြေခံတခုခုကို အခြေပြုထားကြစမြဲဖြစ်တယ်။ ဆိုဗီယက်ယူနီယံ၊ ယူဂိုးဆလားဗီးယား၊ တရုတ်၊ ဗီယက်နမ်၊ ကျူးဗား၊ မြောက်ကိုးရီးယားတို့ဟာ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒအပေါ်မှာအခြေခံတယ်။ အင်ဒိုနီး ရှားသမ္မတဆူဟာတို ကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးအပေါ်အခြေခံတယ်။ ဂျာမဏီကဟစ်တလာကတော့ မဟာအမျိုးမြတ် ဖက်ဆစ်ဝါဒအပေါ်အခြေခံတယ်။ ဒီအခြေခံသဘောတရားတွေက သူတို့အာဏာရရှိလာဖို့နဲ့ ရေရှည်ရပ်တည်နိုင်ဖို့ အဓိကအကြောင်းရင်းပါပဲ။ အာဏာရှင်စနစ်တွေကိုဖြိုချနိုင်ဖို့အတွက် သူတို့ရဲ့အခြေခံ သဘောတရားတွေကို ဆန့်ကျင်ဖယ်ရှားနိုင်ဖို့လိုပါတယ်။ ဒီလိုဖယ်ရှားနိုင်ဖို့ဆိုတာ အချိန်များစွာပေးရတယ်။ သူတို့ရဲ့ဝါဒဖြန့်မှုတွေကတော့သူတို့ဟာတကယ့်ပြည်သူ့အကျိုးပြုပုဂ္ဂိုလ်တွေ၊ ကယ်တင်ရှင်တွေ၊ လူစွမ်းကောင်း တွေ၊ ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေအဖြစ် ပြည်သူအပေါ်လှည့်စားနေကြတယ်။ အချိန်အတော်ကြာတော့မှ သူတို့ရဲ့ ဖိနှိပ်မှုကိုခေါင်းငုံ့မခံနိုင်တော့တဲ့ သူတို့အသိုင်းအဝိုင်းထဲကဖြစ်ဖြစ်၊ အဖိနှိပ်ခံပြည်သူအများစုကြီးကဖြစ်ဖြစ် ဆန့် ကျင်တိုက်ခိုက်လာတော့မှပြိုကျသွားရတယ်။ အာဏာရှင်စနစ်တခုခုအခြေခိုင်မာသွားပြီဆိုရင် ဖြိုဖျက်ဖို့ရန် မလွယ်ဘူး။အသက်၊ သွေး၊ ချွေး များစွာနဲ့လဲလှယ်ပြီးတော့ဖြိုချရတာချည်းပါပဲ။ ဒီလိုဖြိုချနိုင်ဖို့ရာ သူတို့ရဲ့အဘိ ဓမ္မာ၊ အခြေခံသဘောတရားတွေကို ဦးစွာတိုက်ဖျက်ဖို့လိုပါတယ်။

ကျနော်တို့နိုင်ငံကဗိုလ်ချုပ်သန်းရွှေ၊ ဦးသိန်းစိန်တို့ရဲ့စစ်အာဏာရှင်စနစ်မှာအဘိဓမ္မာ၊ အခြေခံသဘော တရားတွေကဘာတွေလဲ။ ဒီသဘောတရားတွေ ဘယ်ကဆင်းသက်လာသလဲ။ အခြေအမြစ်ကနေလေ့လာသုံး သပ်ကြည့်မယ်ဆိုရင် ၁၉၆၂- ခု၊ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတဲ့အခါက အစပြုလာတာဖြစ်တယ်။ ဗိုလ်ချုပ်နေ ဝင်းအာဏာသိမ်းခဲ့တုန်းကဘာတွေကိုအကြောင်းပြခဲ့သလဲဆိုရင်“တိုင်းရင်းသားလူမျိုးစုတွေဖက်ဒရယ် ပြည် ထောင်စုအသွင် ပြောင်းလဲတည်ဆောက်ဖို့တောင်းဆိုနေကြတာဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ဖြစ် တယ်။ ဒါကိုဒီမိုကရေစီအစိုးရကမထိန်းသိမ်းနိုင်တော့ဘူး၊ဒီလိုအနေအထားမှာ လက်ပိုက်ကြည့်နေမယ်ဆိုရင် မကြာခင် တိုင်းပြည်ပြိုကွဲတော့မယ်၊ ဒါကြောင့် တိုင်းပြည်ချောက်ထဲကျဖို့လက်နှစ်လုံးသာလိုတော့တဲ့အချိန်မှာ မလွှဲ မရှောင်သာ အာဏာသိမ်းရတာဖြစ်တယ်”တဲ့။အဲဒီအချိန်ကစပြီး ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးပဲလို့ သူတို့ တလျောက်လုံးပြောဆိုဝါဒဖြန့်ခဲ့တယ်။

ဗိုလ်ချုပ်နေဝင်းရဲ့ ပင်ကိုယ်သဘောထားဗီဇ စိတ်ဓါတ်အချို့ကိုခန့်မှန်းသုံးသပ်နိုင်ဖို့ သူနဲ့အတူဂျပန် ပြည်မှာသွားရောက်ပြီးစစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိစာအုပ်ထဲကစာသားအချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ “ ဗမာ့တပ်မတော်၏အစ (မိဘ)သည် ဂျပန်ပြည်တွင် စစ်ပညာသင်ယူခဲ့သော ရဲဘော်သုံးကျိပ်ပင်ဖြစ်သည်။ ရဲဘော်သုံးကျိပ်တို့ ဂျပန် ပြည်၌စစ်ပညာသင်ကြားရာတွင် စစ်သားကောင်းစိတ်ဓါတ်သွင်းရာမှာ ဂျပန်စစ်တပ်မှာသင်ကြားသွတ်သွင်း ပေးသလို ဖက်ဆစ်ဝါဒစိတ်ဓါတ်အခြေခံသဘောထားများကိုပါ သွတ်သွင်းပေးသဖြင့် ရဲဘော်သုံးကျိပ်ဝင်တို့၏ စိတ်ဓါတ်တွင် ဖက်ဆစ်ဝါဒစိတ်သဘောထားအချို့ အနည်းငယ်မသိမသာပါရှိနေကြသည်။ – ဖက်ဆစ်များ သည်အမျိုးသားရေးတွင်မိမိလူမျိုးမှတပါး အခြားလူမျိုး အမျိုးသားတွေအပေါ် လူသားချင်းချင်းတွေလိုသဘော မထားကြဘူး။ မိမိတို့လူမျိုးတွေသာ မြင့်မြတ်သည့်မဟာလူမျိုးကြီးဖြစ်သည်ဟု စွဲမြဲယုံကြည်ထားသူများဖြစ် သည်။ — ဂျပန်တို့၏ ဖက်ဆစ်စိတ်ဓါတ်၊ မဟာလူမျိုးကြီးစိတ်ဓါတ်ကြောင့် ကမ္ဘာကိုလွှမ်းရမည်ဆိုသည့်စိတ် ဓါတ်တွေတော်တော်များများ အထူးသဖြင့် စစ်ဝါဒီသမားတွေထဲတွင်စွဲမြဲနေကြသည်။” လို့ စာမျက်နှာ (၆၉) ကနေ (၇၂)အကြားမှာပါရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်နေဝင်းနဲ့ဗမာ့တပ်မတော်ခေါင်းဆောင်များအထဲမှာ အမျိုးသားရေးစိတ်ဓါတ်ဘယ်လိုရှိမယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါလိမ့်မယ်။

နောက်တက်လာတဲ့စစ်ခေါင်းဆောင်တွေဟာဗိုလ်ချုပ်နေဝင်းကထပ်ဆင့်မွေးထုတ်ခဲ့တာဖြစ်တော့ သူနဲ့ သိပ်ကွဲပြားမှာမဟုတ်ဘူး။ ဖက်ဒရယ်ဆိုရင်ခွဲထွက်ရေးလို့ ဒီနေ့အထိစစ်ခေါင်းဆောင်တွေ ပြောဆိုနေကြတုန်း ပါ။မြန်မာဆိုတာလူမျိုးစုအားလုံးအတွက်အကျုံးဝင်တယ်ဆိုပြီးသဘောတရားအသစ်ကိုရိုက်သွင်းနေတယ်။ ဗိုလ် ချုပ်နေဝင်းပြီးနောက်အာဏာကိုအကြာဆုံးရခဲ့တဲ့ ဗိုလ်ချုပ်သန်းရွှေဟာ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်း ဘုရား ဘုရင်သုံးပါးရဲ့ရုပ်တုတွေကို နေပြည်တော်ရဲ့စစ်ရေးပြကွင်းမှာထင်ထင်ရှားရှားအထူးပြသထားတယ်။ ဒီဘုရင်သုံးပါးဟာဗမာပြည်ကိုရေပက်မဝင်တဲ့စည်းလုံးညီညွတ်ရေးကိုတည်ဆောက်ပေးခဲ့တယ်လို့- ပညာပေး ပြီးအတုယူအလေးထားဖို့စိတ်ဓါတ်တွေသွင်းပေးနေတာဖြစ်တယ်။အမှန်တော့ နယ်ချဲ့ရာမှာထင်ရှားပေါ်လွင် တဲ့ ဘုရင်တွေပါ။ဗမာ့တပ်မတော်ဟာ(BIA)ခေတ်ကကရင်ဗမာအဓိကရုဏ်းမှာ ကရင်ရွာသားများစွာကို သတ်ခဲ့ သလိုဒီနေ့အထိဖြတ်လေးဖြတ်အစီအစဉ်အရအချို့ဒေသတွေမှာရွာတွေကိုမီးရှို့တာ၊ အရပ်သားတွေကိုသတ်တာ၊ မုဒိမ်းကျင့် တာတွေဟာ မဟာလူမျိုးကြီးဝါဒထက်ပိုပြင်းထန်တဲ့ ဖက်ဆစ်အမျိုးမြတ်စိတ်ဓါတ်အမွေတွေကို လက်ဆင့်ကမ်းခံယူထားလို့ဖြစ်ပါတယ်။ဗိုလ်ချုပ်နေဝင်းခေတ်မှာဖက်ဆစ်အမြင်၊ ဗိုလ်ချုပ်သန်းရွှေခေတ် မှာ နယ်ချဲ့အမြင်တွေ ရိုက်သွင်းထားတော့ ဖက်ဆစ်နယ်ချဲ့စစ်တပ်ပဲဖြစ်နေတာပေါ့။ ဒါကြောင့် ဒီစစ်တပ်ဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအမျိုးသားစည်းလုံးညီညွတ်ရေအတွက်သင့်မြတ်မှန်ကန်တယ်လို့ လက်ခံ နိုင်ဖို့မလွယ်ဘူး။

တကယ်တော့ ၁၉၆၂ -ခုမှာအာဏာကိုသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းနဲ့အပေါင်းပါတို့ဟာ တိုင်းရင်း သား တွေကို ဗမာနဲ့တန်းတူမထားနိုင်လို့၊ ဗမာတွေရဲ့စိုးမိုးမှုအောက်မှာပဲထားချင်လို့ အာဏာသိမ်း တာ ဖြစ် တယ်။ စစ်မှန်တဲ့ပြည်ထောင်စုမူ တနည်းအားဖြင့် ဖက်ဒရယ်မူကိုတောင်းဆိုတာက ပင်လုံသဘော တူညီချက် ကို အခြေခံတာပဲ။ ဒါဟာ ခွဲထွက်ဖို့မဟုတ်တာထင်ရှား နေပါတယ်။ ခွဲထွက်ဖို့ကိုဦးတည်ရင် ၁၉၄၇ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်တွေ ဟာ (၁ဝ)နှစ်ပြည့်ရင် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိ တယ် လို့ ပါရှိနေတာမို့ ခွဲထွက်ဖို့ကိုဦးတည်လုပ်ဆောင်ကြ မှာပေါ့။ စစ်မှန်တဲ့ပြည်ထောင်စုမူဆိုတာ အမျိုးသား တန်း တူ ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးမူဖြစ်တယ်။ တနည်း အားဖြင့် ဖက်ဒရယ်မူလို့လည်းခေါ်တယ်။ ဒါကို လည်း တိုင်းရင်းသားတွေက ဒီမိုကရေစီနည်းကျကျ လွှတ်တော်မှာဆွေးနွေးတင်ပြ တောင်းဆိုကြတာဖြစ်တယ်။ အခြေအနေနဲ့သဘောထားအမှန်ကိုနားလည်တဲ့ လွှတ်တော်အမတ်အများစုက ဒီမူ ကိုလက်ခံလာတော့ ဖက်ဆစ် အမျိုးမြတ်ဝါဒီစစ်ဗိုလ်တွေကလက်မခံနိုင်တာနဲ့ အာဏာကိုသိမ်းယူတာဖြစ်တယ်။ ဒီမိုကရေစီကို ပြန်ပေးရင် ယခင်နည်းအတိုင်း တိုင်းရင်းသားတွေက တောင်းဆိုလာနိုင်တာမို့ ဒါကိုကာကွယ်ဖို့ တပါတီအာ ဏာ ရှင်စနစ်ကို ကျင့်သုံးတာဖြစ်တယ်။ ဒီလိုအာဏာသိမ်းပြီးနောက် ယခင်ရှိခဲ့ပြီးသားပြည်နယ် တွေရဲ့အခွင့် အာဏာ၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ထပ်ပြီးလျှော့ချပိတ်ပင်လာခဲ့တယ်။ ဒီတော့ တိုင်းရင်း သား တွေဘက်က လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မလွှဲသာအားကိုးကျင့်သုံးလာရတယ်။ ပြည်တွင်း စစ်ဆို တာလည်း နှစ်အနည်းငယ်အတွင်းမှာ ပြန့်နှံ့ကြီးမားလာတော့တယ်။

တကယ်တော့ ဖက်ဆစ်နယ်ချဲ့ဝါဒကိုခံယူထားတဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ အမျိုးသားအခွင့်အရေး များဆုံးရှုံးပြီး ဝါးမျိုဖျောက်ဖျက်ခံနေရတာကိုလက်မခံနိုင်တဲ့ တိုင်းရင်းသားတွေရဲ့ ပဋိပက္ခအကြားမှာ ဒီမိုကရေ စီနဲ့လူ့အခွင့်အရေးတွေဟာရောပါပြီးဆုံးရှုံးသွားရတာဖြစ်တယ်။ဒီပဋိပက္ခကိုညှိနှိုင်းဖြေရှင်းလို့မရရင် ဒီမိုကရေစီ နဲ့လူ့အခွင့်အရေးတွေဟာဆက်ပြီးဆုံးရှုံးနေမှာပဲ။ရပ်တည်ရှင်သန်ခွင့်ရမှာမဟုတ်ဘူး။ ဒီမိုကရေစီနဲ့လူ့ အခွင် ့ အရေးတွေ ပိတ်ပင်တားမြစ်ခံနေရတာကို ရေရှည်မှာပြည်သူတွေ သည်းမခံနိုင်တဲ့အဆင့်ကိုရောက်လာတယ်။ အာဏာဟာလူတွေကိုဖျက်ဆီးတယ်။လွတ်လပ်စွာပြောဆိုရေးသားခွင့်မရှိတဲ့အနေအထားမှာ အာဏာရှင် တွေ ဟာပိုပြီးမြန်မြန်ဖေါက်ပြန်မာန်ယစ်လာတယ်။သူတို့ဟာ အာဏာကိုပိုပြီးအလွဲသုံးစားပြုလာတယ်။ ဒီဒဏ်ကို ပြည်သူ ဘက်ကကြာလေပိုခံရလေပဲ။ဒီတော့တချိန်ချိန်မှာပေါက်ကွဲလာရတော့တယ်။ ဗမာမဟုတ်တဲ့တိုင်း ရင်း သားတွေဘက်ကပြန်ပြီးသုံးသပ်ရင်သူတို့ဟာဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေဆုံးရှုံးနေရသလို လူမျိုးရေးဆိုင် ရာဘာသာစကား၊စာပေ၊ ယဉ်ကျေးမှုတွေလည်း ပိတ်ပင်ခံနေရတော့ ဒီစစ်အာဏာရှင်တွေကို ပိုပြီးဆန့်ကျင်ကြ တော့တာပေါ့။ ဒီတော့ စစ်အာဏာရှင်တွေနဲ့ တိုင်းရင်းသားမျိုးချစ်အင်အားစုတွေကြားမှာဖြစ်ရှိနေတဲ့ ပဋိပက္ခ ဟာပိုပြီးပြင်းထန်လာတယ်။ ဒါကိုမဖြေရှင်းနိုင်သမျှ တိုင်းပြည်မအေးချမ်းနိုင်ဘူး၊ စီးပွားရေးဖွံ့ဖြိုးအောင်မလုပ် ဆောင်နိုင်ဘူး၊ ထို့အတူ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေဆက်ပြီး ဆုံးရှုံးနေရမှာပဲ။ ဒါကြောင့် တိုင်းရင်းသား တွေရဲ့အခွင့်အရေးကို တစုံတရာမဖြည့်ဆည်းပေးပဲနဲ့ ဒီမိုကရေစီလောက်ကိုခွဲပြီးယူလို့မရနိုင်ဘူး။ ဒီမိုကရေစီ အခွင့်အရေးဟာ တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ ဆက်စပ်နေတယ်။ ဒင်္ဂါးပြားတခုရဲ့ခေါင်းနဲ့ပန်းလို ဆက်စပ် နေတယ်လို့ ပြည်တွင်းကတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေပြောနေကြတာ သိပ်ကိုမှန်တယ်။ ဒီမိုကရေစီ အင်အားစုများ ဒီအပေါ်လေးလေးနက်နက် စဉ်းစားသုံးသပ်စေချင်တယ်။

တိုင်းရင်းသားတွေရဲ့လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွေဟာ တောနယ်တွေမှာပဲဖြစ်ပွားနေတာများ တယ်။ ဒါကိုပြင်ပကသိပ်မသိကြဘူး။ တိုင်းရင်းသားပြည်သူတွေ တောနယ်ထဲမှာသတ်ဖြတ်ညှင်းဆဲ၊ မုဒိမ်းကျင့်ခံ နေရတာကိုပြည်သူအများစုနဲ့နိုင်ငံတကာကပုံပြင်တွေလို့ထင်မြင်နေကြတယ်။အခုနောက်ပိုင်းမှာတိုင်းရင်း သား တွေနယ်စပ်ကျော်ပြီးဒုက္ခသည်စခန်းတွေဖြစ်လာလို့ပြင်ပကလူတွေပိုပြီးသိမြင်ယုံကြည်လာကြတယ်။ စစ်အာ ဏာရှင်စနစ်ကိုဆန့်ကျင်သပိတ်မှောက်နေကြတဲ့မြို့ကြီးတွေထဲကဆန္ဒပြပွဲတွေကိုပြည်သူအများစုနဲ့ နိုင်ငံတကာ ကပိုပြီးသိမြင်ကြတယ်။ပြည်သူတွေနဲ့နိုင်ငံတကာအင်အားစုတွေဟာရိုက်နှက်ပစ်သတ်ခံနေရတဲ့ ဆန္ဒပြ ကျောင်း သား၊အလုပ်သမားတွေနဲ့လမ်းလျှောက်မေတ္တာပို့နေတဲ့သံဃာတွေအပေါ်ပိုပြီးစာနာထောက်ခံအားပေးကြ တယ်။ဒီဖြစ်ရပ်တွေကြောင့်စစ်အစိုးရဟာသိက္ခာကျဆင်းလာနေရပြီး နိုင်ငံတကာရဲ့ပိတ်ဆို့အကြပ်ကိုင်ခြင်း အမျိုးမျိုးကိုခံလာနေရတယ်။ဒီလိုအရေးယူလာတာတွေဟာစစ်အစိုးရရဲ့အုပ်ချုပ်ရေးယန္တရားကို ထိခိုက်လာစေ ပြီး သူ့ရဲ့အာဏာကိုလှုပ်ခါ စေခဲ့တယ်။ စစ်အာဏာရှင်စနစ်ကို တောထဲကလက်နက်ကိုင်တိုက်ပွဲသက်သက်နဲ့ ဖြိုချဖို့ဆိုတာမလွယ်ဘူး။ဒီတော့ဒီမိုကရေစီတိုက်ပွဲနဲ့လက်နက်ကိုင်တိုက်ပွဲကိုဆက်စပ်ပေးဖို့လိုတယ်။ အသက် အသေခံ၊ထောင်အကျခံပြီးလက်နက်အားကိုးတဲ့စစ်အစိုးရကိုလက်ဗလာနဲ့ဆန့်ကျင်အံတုတိုက်ပွဲဝင်ရဲတဲ့ သတ္တိ ဆိုတာပေါ့သေးသေးမဟုတ်ဘူး။ဒါကိုလက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားအင်အားစုဘက်က လေးလေး နက်နက်စဉ်းစား သုံးသပ်စေချင်တယ်။

တော်လှန်ရေးအခြေအနေတခုလုံးအပေါ် ခြုံငုံသုံးသပ်လိုက်ရင် တိုင်းရင်းသားအင်အားစုတွေအနေနဲ့ မိမိဦးတည်ချက်ကိုရောက်ရှိဖို့ တောထဲကလက်နက်ကိုင်တိုက်ပွဲသက်သက်နဲ့ သွားလို့မရနိုင်ဘူး။ မြို့တွင်းက ဒီမို ကရေစီတိုက်ပွဲနဲ့ လက်တွဲပူးပေါင်းဖို့လိုအပ်နေပါတယ်။ ပြီးတော့ စစ်အာဏာရှင်အစိုးရထံမှာ အာဏာကိုခွဲဝေ ပေးဖို့ တွေ့ဆုံဆွေးနွေးရေးနည်းတွေနဲ့ ကြိုးပမ်းနေလို့လည်းထူးမှာမဟုတ်ဘူး။ အာဏာရှင်စနစ်မှာ ပြည်နယ် တွေ၊ ဒေသတွေကို အာဏာခွဲဝေပေးရိုးထုံးစံမရှိဘူး။ ဗဟိုကအာဏာကိုချုပ်ကိုင်ထားရေးဘဲ။ ဒီမိုကရေစီစနစ် မှာပဲ အာဏာကိုကဏ္ဍအလိုက်၊ ဒေသအလိုက်ခွဲဖြန့်ထားတာရှိတယ်။ ဒီတော့ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲပြီး တော်လှန်ရေးကိုအရှိန်မြှင့်တင်ဖို့လမ်းကိုပဲ လိုက်ဖို့လိုပါတယ်။ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ လည်း ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ ပျက်သုန်းရခြင်းရဲ့အခြေခံဟာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိတ်ပင်ထားလို့ဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့ ဖက်ဆစ်မဟာအမျိုးမြတ်ဝါဒ ကြောင့်ဖြစ်ရတယ်ဆိုတာကိုသိပြီးရင် ဒါကိုဝိုင်းပြီးရှင်းလင်းဖယ်ရှားဖို့လိုတယ်။တိုင်းရင်းသားတွေဖက်ဒရယ်ပြည် ထောင်စုဖြစ်ဖို့တောင်းဆိုနေတာဟာခွဲထွက်ဖို့မဟုတ်ဘူး၊ အမျိုးသားတန်းတူရေးနဲ့စိတ်ချယုံကြည်စွာပိုမို ညီ ညွတ်ဖို့ဖြစ်တယ်။ ဒီမိုကရေစီစနစ်ဟာလူများစုကလူနည်းစုအပေါ်လွှမ်းမိုးဝါးမျိုအနိုင်ကျင့်ဖို့မဟုတ်ဘူး။ သူ့ဆိုင် ရာအခွင့်အရေး သူ့ကိုပေးအပ်ရမှာဖြစ်တယ်။ဒါ့ကြောင့်တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ အမျိုသားဆိုင်ရာအခွင့်အရေးတွေ အကောင်အထည်ပေါ်လာဖို့ ဝိုင်းဝန်းအားပေးဖို့လိုပါတယ်။

ဖက်ဆစ်အမျိုးမြတ်စစ်အာဏာရှင်စနစ်ညွံတွင်းမှာနစ်နေတဲ့လှည်းနဲ့တူတဲ့နိုင်ငံတော်ကြီးကိုဆွဲတင်နိုင် ဖို့ဒီမိုကရေစီအင်အားစုနဲ့အမျိုသားကိုယ်ပိုင်ပြဌါန်းခွင့်ရရှိရေးအင်အားစု နွားနှစ်ကောင်စလုံးအတူရုန်းမှဆွဲတင် နိုင်ပါလိမ့်မယ်။နိုုင်ငံရေးအရတစုံလုံးကိုခြုံငုံပြီးစဉ်းစားသုံးသပ်ကြပါ။ တပိုင်းတခြမ်းအပေါ်ယံလောက်ကိုမကြည့် ကြပါနဲ့။ဒါကိုနှစ်ဖက်စလုံးက ကြေညက်လေးနက်ကြမယ်ဆိုရင် ဒီမိုကရေစီနဲ့အမျိုးသားကိုယ်ပိုင်ပြ ဌာန်းခွင့်ကို သီးခြားစီသဘောထားနေလို့မရတော့ဘူး။ ဒင်္ဂါးတချပ်မှာ ခေါင်းနဲ့ပန်းကိုခွဲမရသလို တချိန်ထဲမှာ ဒီမိုကရေစီ ရော၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ပါ ရရှိဖို့ ကျနုပ်တို့အဖိနှိပ်ခံများအားလုံး ခိုင်မာစွာလက်တွဲပူးပေါင်းပြီး ကြိုးပမ်းဖော်ဆောင်သွားကြဖို့ လိုအပ်နေပါကြောင်းတင်ပြအပ်ပါတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

%d bloggers like this: