spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းဒေဝူးကုမ္ပဏီအနေနှင့် ရခိုင်ဒေသခံတို့၏တောင်းဆိုချက်ကို နားထောင်သင့်

    ဒေဝူးကုမ္ပဏီအနေနှင့် ရခိုင်ဒေသခံတို့၏တောင်းဆိုချက်ကို နားထောင်သင့်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ရခိုင်ပြည်နယ်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရခိုင်ပြည်သူတို့ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် တောင်းဆိုချက်ကို ရွှေဂက်စ်တာဝန်ခံဒေဝူးကုမ္ပဏီအနေဖြင့် နားထောင်ဆောင်ရွက်ပေးသင့်ကြောင်း ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့မှ သတင်းထုတ်ပြန်တောင်းဆိုလိုက်သည်။

    ရွှေဂက်စ်ဆောက်လုပ်ရေးငန်းရှိ ဓာတ်ငွေ့ပိုက်လိုင်း
    ရွှေဂက်စ်ဆောက်လုပ်ရေးငန်းရှိ ဓာတ်ငွေ့ပိုက်လိုင်း

    ဒေဝူးကုမ္ပဏီ၏ ရွှေဂက်စ်စီမံကိန်းအပေါ် ရခိုင်ပြည်သူတို့၏ မကျေနပ်မှု ကြီးထွားလာပြီး စီမံကိန်းမှ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုများလည်း ရခိုင်ပြည်နယ်အနှံ့ ပေါ်ပေါက်လျှက်ရှိသည်ဟု ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ ရခိုင်ကမ်းလွန်ပင်လယ်ပြင်ရှိ ဓာတ်ငွေ့သိုက်များမှထွက်သည့် သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိကြောင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည်သာဖြစ်ကြောင်း လွှတ်တော်တွင် ပြောဆိုခဲ့ပြီးနောက် ရွှေဂက်စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက်ပေါ်ပေါက်လာခြင်းဖြစ်သည်။

    “အစိုးရက ရွှေဂက်စ်ကထွက်တဲ့ ဓာတ်ငွေ့တွေကို ပြည်ပကိုရောင်းမယ်၊ တချို့ကို သူတို့ (အစိုးရ) အတွက်အသုံးပြုမယ် ဆိုတော့ ကျနော်တို့ ဒေသခံတွေအတွက် ဘာမှအကျိုး ခံစားခွင့်မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ အခု တောင်းဆိုနေတဲ့ ၂၄ နာရီလျှပ်စစ်မီးရရှိရေး တောင်းဆိုချက်ကို ဒေဝူးဦးဆောင်တဲ့ ကုမ္ပဏီတွေ နားထောင်ရမယ်” ဟု ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကျော်ခိုင်က ပြောသည်။

    ရခိုင်ပြည်နယ်အတွင်းရှိ လူဦးရေ ၃ သန်းကျော်မှာ အစိုးရက ဖြန့်ဝေပေးသည့် လျှပ်စစ်မီးကိုလုံးဝမရရှိကြပဲ၊ မြို့ကြီးများတွင်သာ ပုဂ္ဂလိကကုမ္ပဏီက အဓိကဖြန့်ဖြူးသည့် လျှပ်စစ်မီးကိုသာ တနေ့ ၅ နာရီ ၆ နာရီခန့်သာ ရရှိနေကြသည်။

    သဘာဝဓာတ်ငွေ့မထွက်သည့် ရန်ကုန်မြို့ပေါ်နေထိုင်သည့် ပြည်သူများအနေဖြင့် လျှပ်စစ်သုံးစွဲခ တစ်ယူနစ် ၂၅ ကျပ်နှုန်းဖြင့် ပေးနေရသည့်အချိန်တွင် ရခိုင်ပြည်သူတို့က လျှပ်စစ်မီးသုံးစွဲခ တစ်ယူနစ် ၄၀၀ မှ ၅၀၀ ကျပ်နှုန်းထိ ပေးဆောင်နေရသည်။

    ရခိုင်ပြည်နယ်ရှိ သဘာဝဓာတ်ငွေ့သိုက်သည် အာရှတိုက်၏ အကြီးမားဆုံး သဘာဝဓာတ်ငွေ့သိုက်များအနက်တခုအပါအဝင်ဖြစ်သော်လည်း မြန်မာနိုင်ငံ၌ ဒုတိယအဆင်းရဲဆုံး ပြည်နယ်သည် ရခိုင်ပြည်နယ်ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ၏ ၂၀၁၁ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများကို စောင့်ကြည့်လေ့လာနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည်။

    “၂၀၀၄ ခုနှစ် ရွှေဂက်စ်စီမံကိန်းကို စတင်အကောင်အထည်ဖော်ကတည်းက ဒီစီမံကိန်းကြောင့် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေ ပေါ်နေပါတယ်။ အထူးသဖြင့် စီမံကိန်းကြောင့် တံငါသည်တွေနဲ့ တောင်သူလယ်သမားတွေရဲ့ လူမှုဘဝ အခြေအနေများ ပျက်စီးဆုံးရှုံးနေတယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    မြန်မာအစိုးရသည် ရွှေဂက်စ်စီမံကိန်းမှ နေ့စဉ် သဘာဝဓာတ်ငွေ့ပမာဏ ကုဗပေသန်း ၅၀၀ ကို နှစ်ပေါင်း ၃၀ ကြာ ထုတ်ယူရန်စီစဉ်ထားသည်။ ၄င်းမှ ကုဗပေသန်း ၄၀၀ ကို တရုတ်သို့ တင်ပို့မည်ဖြစ်ပြီး ကျန် သန်း ၁၀၀ ကို အစိုးရပိုင်စက်ရုံများ၊ စစ်တပ်ပိုင်စက်ရုံများနှင့် အစိုးရနှင့် နီးစပ်သည့် စီးပွားရေးပိတ်ဆို့မှုစာရင်းဝင်သူများဖြစ်သည့် လက်နက်မှောင်ခို ဦးတေဇပိုင်ဆိုင်သော ထူးဘိလပ်မြေစက်ရုံ၊ ဘိန်းဘုရင်လော်စစ်ဟန်ပိုင်ဆိုင်သော အေးရှားဝေါလ် ဘိလပ်မြေစက်ရုံ၊ ဇော်ဇော်၏ အိုင်ဂျီအီး ဘိလပ်မြေစက်ရုံနှင့် အောင်ကိုဝင်း ပိုင်ဆိုင်သော ကမ္ဘောဇဘိလပ်မြေစက်ရုံများ အပါအဝင် စက်ရုံပေါင်း ၅၀ ကျော်ကို ဖြန့်ဖြူးပေးမည်ဖြစ်သည်။

    တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မည့် အစီအစဉ်ကို ၂၀၁၃ ခုနှစ်မှ စတင်ပြီး ထိုသို့ တင်ပို့ရာ၌ မြန်မာအစိုးရက ခန့်မှန်းခြေဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံခန့် ရရှိမည်ဟု ခန့်မှန်းထားသည်။
    အထက်ပါထုတ်ပြန်ချက်တွင် “ဓာတ်ငွေ့တင်ပို့ရာကရတဲ့ ဘဏ္႑ာငွေတွေကို ရခိုင်ပြည်နယ်အတွက် သော်လည်းကောင်း၊ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာသော်လည်းကောင်း သုံးစွဲမယ်ဆိုတာ မသေချာပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရမှာ ဘဏ္႑ာငွေစီမံခန့်ခွဲမှုဆိုင်ရာပွင့်လင်းမြင်သာတဲ့စနစ် မရှိဘူး။ နောက်ပြီးဓာတ်ငွေ့ ရောင်းလို့ရတဲ့ငွေတွေကို ဘယ်နည်း၊ ဘယ်ပုံသုံးစွဲမယ်ဆိုတာကို ထုတ်ဖော် ပြောကြားထားတာလည်း မရှိပါဘူး” ဟု ကျော်ခိုင်က ပြောသည်။
    လက်ရှိ ရွှေသဘာဝဓာတ်ငွေ့ အစုရှယ်ယာများကို ကိုရီးယားနိုင်ငံ ဒေဝူးအင်တာနယ်ရှင်နယ် ၅၁%၊ ကိုရီးယားနိုင်ငံပိုင် KOGAS ကုမ္ပဏီက ၈% ၊ အိန္ဒိယနိုင်ငံ ONGC ကုမ္ပဏီ ၁၇% ၊ အိန္ဒိယနိုင်ငံ GAIL ကုမ္ပဏီ ၉%၊ နှင့် မြန်မာစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေလုပ်ငန်း MOGE က ၁၅% အသီးသီးပိုင်ဆိုင်ထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts