spot_img
Wednesday, April 17, 2024
More
    spot_img
    Homeသတင်းလောပိတအတွက် အကူအညီမပေးခင် ဂျပန်အစိုးရအနေနှင့် အရင်လေ့လာသင့်

    လောပိတအတွက် အကူအညီမပေးခင် ဂျပန်အစိုးရအနေနှင့် အရင်လေ့လာသင့်

    -

    ရိုင်မရော့ – ကယားပြည်နယ်ရှိ လောပိတရေအားလျှပ်စစ် စက်ရုံ ပြန်လည်ပြုပြင်ရန်အတွက် ဂျပန်အစိုးရမှ မြန်မာအစိုးရအား အထောက်အပံ့ မပေးခင် ဂျပန်အစိုးရအနေနှင့် ကွင်းဆင်းလေ့လာပြီးမှသာ အကူအညီပေးသင့်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ယနေ့ ပြောလိုက်သည်။

    လက်ရှိ မြန်မာအစိုးရသည် နှုတ်အားဖြင့် မြန်မာနိုင်ငံသည် အပြောင်းအလဲဆီသို့ ဦးတည်လုပ်ဆောင်နေသည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင် မည်သို့သော ပြောင်းလဲမှုမျိုးကိုမှ မလုပ်ဆောင်သေးသည့်အတွက် ဂျပန်အစိုးရအနေနှင့် ယခုလို အကူအညီပြန်လည် ပေးခြင်းသည် စောသေးကြောင်း အပြောင်းအလဲ အမှန်တကယ် ဖြစ်မဖြစ်ဆိုသည်ကို အရင်လေ့လာပြီးမှ ကူညီသင့်ကြောင်း KNPP မှ ယနေ့ ထုတ်ပြန်သည့် ကြေငြာချက်တွင် ပါရှိသည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် တိုးတက်နေပြီဟု ဂျပန်အစိုးရက ရှုမြင်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံအတွက် Oversea Development Assistance (ODA) ဖွံ့ဖြိုးမှု အကူအညီများကို ပြန်လည်ထောက်ပံ့ပေးရန် စဉ်းစားဆွေးနွေးသည့် အထဲတွင် လောပိတ ရေအားလျှပ်စစ် အမှတ် ၂ စက်ရုံလည်း ပါဝင်ကြောင်း သိရသည်။

    “စက်ရုံမစခင်နဲ့ ဆောက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကျနော်တို့ အဓိကထားပြီးတော့ ဂျပန်အစိုးရကို ပြန်ကြည့်စေချင်တာပါ အောက်ခြေမှာ ဘာတွေဖြစ်နေလဲဆိုတာကိုပေါ့၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် ဂျပန်အနေနဲ့ အကူအညီပေးမှုတွေ ၁၀ နှစ်ကျော်လောက် ရပ်ထားတယ်” ဟု ကရင်နီတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

    လုပ်ငန်းစီမံကိန်းများ လုပ်ဆောင်ရာတွင် စီမံကိန်းတဝိုက်ရှိ ဒေသခံများ စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ရန် ပါဝင်ဆုံးဖြတ်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့် ရှိရမည့်အပြင် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများကို ဦးစွာခံစားရမည့်သူများ ဖြစ်သကဲ့သို့ အကျိုးရလာဒ်ကို ဦးစားပေးစံစားရမည့်သူများဖြစ်သည်ကို ဂျပန်အစိုးရနှင့် မြန်မာအစိုးရတို့အနေဖြင့် သိရှိထားသင့်ပြီး ပံ့ပိုးမှုကို အလေးပေးစဉ်းစားသင့်ကြောင်း ဖော်ပြထားသည်။

    ထိုအတူ ကရင်နီဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ KDRG ကလည်း မြန်မာနိုင်ငံ၏ ပထမဆုံး အကြီးစား လောပိတ အမှတ် ၂ စက်ရုံ ပြန်လည်ပြုပြင်ရေးအတွက် ဂျပန်အစိုးရ၏ အထောက်အပံ့ပေးမှုသည် စီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ရမှုများကို ဦးစွာ စုံစမ်းသင့်ကြောင်း နိုဝင်ဘာ ၂ ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    လောပိတ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ဒေသခံကရင်နီပြည်သူ ၁၂၀၀၀ ကျော်တို့သည် မိမိတို့ နေရပ်မှ အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရကြောင်း၊ မြန်မာအစိုးရသည် စီမံကိန်း လုံခြုံရေးအတွက် အကြောင်းပြပြီး တပ်အင်အားများ တိုးချဲ့ချထားခဲ့ကြောင်း၊ ရေအားလျှပ်စစ် စက်ရုံနှင့် လျှပ်စစ်ဓာတ်အား သွယ်တန်းသွားသည့် တိုင်တာဝါ အနီးအဝိုက်တွင်လည်း လုံခြုံရေးအတွက် ဆိုပြီး အစိုးရ စစ်တပ်များက မြေမြုပ်မိုင်း အလုံး ၁၈၀၀၀ ခန့် ထောင်ထားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

    “ဂျပန် အစိုးရ အနေဖြင့် စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရကို နောက်ထပ် ကူညီထောက်ပံ့မှုတွေ မပေးခင် စီမံကိန်း ဒေသမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်တယ်” ဟု KDRG တာဝန်ခံ ခူးတော်ရယ် ကြေငြာချက်တွင် ပြောထားသည်။

    အစိုးရ စစ်တပ်များ တိုးချဲ့မှုကြောင့် ဒေသခံပြည်သူများအပေါ် လုပ်အားပေး ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့ သတ်ပစ်မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း KDRG က ဆိုသည်။

    ဒုတိယ ကမ္ဘာစစ်ပြီးနောက် ဂျပန်သည် မြန်မာနိုင်ငံအား စစ်လျော်ကြေး ပေးသည့် အနေဖြင့် လောပိတ ရေးအားလျှပ်စစ် အမှတ် ၂ စက်ရုံကို ဂျပန်နိုင်ငံ၏ ODA ဖွံ့ဖြိုးရေး အကူအညီဖြင့် လွိုင်ကော်မြို့နယ်အတွင်း လောပိတကျေးရွာ အနီးရှိ ဘီလူးချောင်း၏ လောပိတ ရေတံခွန် အောက်ဘက်တွင် ဆောက်လုပ်ပေးခဲ့သည်။

    ထိုရေအားလျှပ်စစ် စက်ရုံကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး အဆင့် နှစ်ဆင့်ဖြင့် ဆောက်လုပ်ထားသည်။ ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းများကို ၁၉၆၀ ခုနှစ်တွင် ပြီးဆုံးခဲ့ပြီး ဒုတိယအဆင့်ကို ၁၉၇၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါ၀ပ်ကို ထုတ်လုပ်ပေးလျက်ရှိသည်။

    ကရင်နီပြည်နယ်တွင် လောပိတ ရေအားလျှပ်စစ် စက်ရုံ အမှတ် ၁ နှင့် အမှတ် ၂ ရှိသော်လည်း ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို အများအားဖြင့် မြန်မာပြည် အထက်ပိုင်းနှင့် အလယ်ပိုင်းသို့ အဓိက ပို့ဆောင်ပြီး ဒေသခံကရင်နီပြည်သူ ၈၀ ရာခိုင်နှုန်းမှာ ယနေ့ထိ လျှပ်စစ်မီး မရရှိကြသေးကြောင်း KDRG ၏ အစီရင်ခံစာအရ သိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. သောက်ရူးပဲ၊ ကိုယ်နိုင်ငံအတွက်လုပ်တာကို ဖျက်လိုဖျက်ဆီးနဲ့ ဦးနှောက်က ချီးဦးနောက်ဘဲ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts