spot_img
Thursday, March 28, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ဘာလီကျွန်းမှာသမ္မတကြီးဦးသိန်းစိန် ဘာတွေပြောခဲ့ပါသလဲ

    ဘာလီကျွန်းမှာသမ္မတကြီးဦးသိန်းစိန် ဘာတွေပြောခဲ့ပါသလဲ

    -

    ပုံ- အင်တာနက်။
    ပုံ- အင်တာနက်။

    မင်းထက်အောင် – အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံထိပ်သီးအစည်းအဝေးအပြီး နို၀င်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်မှာ မြန်မာစာနယ်ဇင်းသတင်းသမားများနဲ့ သမ္မတဦးသိန်းစိန်တွေ့ဆုံစဉ် ပြောကြားမှုတွေရှိ ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ သမ္မတကြီးက ပြည်တွင်း၊ ပြည်ပမူဝါဒများနဲ့ပတ်သက်ပြီး ပြောပြခဲ့ပြီးတဲ့နောက်မှာ ဝေဖန်သံအမျိုးမျိုးထွက်လာကြပါတယ်။ ဘာကြောင့်များဒီလိုဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါသလဲ၊ သမ္မတကြီးက ဘာတွေပြောခဲ့ပါသလဲ-

    သမ္မတကြီးဦးသိန်းစိန်က “ဒီကနေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ရှစ်ခုရှိတယ်။ ဒီရှစ်ဖွဲ့မှာ ကျွန်တော်တို့ ခုနှစ်ဖွဲ့နဲ့တော့ ထိတွေ့ပြီးတော့ အချိတ်အဆက်တွေ ကျွန်တော်တို့ ရပါတယ်။ ရသွားပြီးတော့ လတ်တလော ခုနကလို အပစ်အခတ် ရပ်စဲတယ်၊ တိုက်တာ ခိုက်တာတွေ မလုပ်ဘူး။ ဒီအဆင့်ပဲ ရှိပါတယ်။ နောင် တဖြည်းဖြည်းတော့ ခုနလို သူတို့လိုချင်တယ်ပြောနေတဲ့ ထာဝရ ငြိမ်းချမ်းရေး ဆိုတာတော့ ဆက်ပြီး ကျွန်တော်တို့ ကြိုးစားရဦးမှာပေါ့” လို့ ဆိုပါတယ်။

    ဦးသိန်းစိန်ဆိုလိုချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကရှစ်ခုဆိုတာကို အဖွဲ့အစည်းနာမည်နဲ့တကွ ရှင်းရှင်းလင်းလင်းပြောမထားတော့ တိတိကျကျမသိရပါ။ ယခင် နဝတစစ်အစိုးရလက်ထက်မှာ အပစ်ရပ်ခဲ့တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ရှိခဲ့ပါတယ်။ ဆယ်စုနှစ်မကကြာလာတဲ့ အဲဒီအပစ်ရပ်စဲရေးဟာ နောက်ဆုံးမှာ တိုင်းရင်းသားတွေလိုလားတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို ဦးတည်မသွားပဲ နယ်ခြားစောင့်တပ် BGF ဖွဲ့စည်းရေးဖိအားပေးမှုကြောင့် ရရှိခဲ့ပြီးဖြစ်တဲ့ အပစ်ရပ်စဲမှုတွေပျက်ပြယ်ခဲ့ရတာ လက်ရှိ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်ပြည်နယ်တွေအပေါ် အစိုးရစစ်တပ်ထိုးစစ်ဆင်နေတဲ့ အဖြစ်အပျက်တွေက သာဓကတွေပါပဲ။

    ယခင်အပစ်ရပ်ပျက်ပြယ်ခဲ့ရတဲ့ UWSA “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ ဗိုလ်ချုပ်နှုတ်ခမ်းမွေးဦးစီးတဲ့ DKBA အဖွဲ့တွေနဲ့ ဦးသိန်းစိန်အစိုးရသစ်တို့ မကြာသေးခင်ကပဲ အပစ်အခတ်ရပ်စဲမှုတဖန်ပြန်လုပ်နိုင်ခဲ့ပါပြီ။ ဗိုလ်ချုပ်ရွက်ဆစ်ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA နဲ့ပဏာမအပစ်ရပ် သဘောတူညီမှုတွေရနေပြီလို့လည်း သတင်းတွေက ရေးသားကြပါတယ်။ သို့သော်လည်း ရှမ်းပြည်နယ်ဖက်မှာ အစိုးရတပ်ဖွဲ့တွေဆက်လက်ရှိနေဆဲပါ။

    အခုနိုဝင်ဘာလအတွင်းမှာ မြန်မာအစိုးရကိုယ်စားလှယ် မီးရထားဝန်ကြီးဦးအောင်မင်းနဲ့ ရှမ်းပြည်တပ်မတော်-တောင်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ရွက်ဆစ်တို့တွေ့ဆုံပွဲကနေ ပဏာမသဘောတူညီချက်တွေရရှိခဲ့တယ်လို့ ဆိုကြပေမယ့်လည်း အဲဒီတွေ့ဆုံပွဲမှာတက်ရောက်ခွင့်ရခဲ့တဲ့ သျှမ်းသံတော်ဆင့်အယ်ဒီတာဦးခွန်စိုင်းကို လွတ်လပ်သောမွန်သတင်းအေဂျင်စီက ရှမ်းပြည်အပစ်အခတ်ရပ်စဲမှုအခြေအနေတွေကို မေးမြန်းကြည့်တော့ “လောလောဆယ် ရှမ်းဘက်မှာလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတာရှိတယ်ဆိုတော့ အပစ်ခတ်ရပ်စဲရေးဆိုတာတော့ မဖြစ်သေးဘူးပေါ့” လို့ သူကပြောပါတယ်။

    လက်ရှိ UNFC (United Nation Federal Council) အဖွဲ့အစည်းမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသား တပ်ဦး (CNF) နဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ မျက်နှာချင်းဆိုင်စကားပြောဆွေးနွေးခဲ့ကြပေမယ့် ရလာဒ်ကောင်းတွေမရရှိခဲ့သေးပါ။ အဲဒါအပြင် UNFC ဆက်စပ်အဖွဲ့များဖြစ်ကြသည့် ကချင်အမျိုးသားအစည်းအရုံး KNO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ညီညွတ်သောရခိုင်အမျိုးသားပါတီ NUPA၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO အစရှိတဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အပစ်ရပ်ဆွေးနွေးမှုများလုံးဝမဖြစ်ပေါ်ခဲ့သေးပါ။ အဲဒါကြောင့် အာစီယံအစည်းအဝေးကနေ ဦးသိန်းစိန်ဆိုလိုချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကရှစ်ခုထဲက ခုနှစ်ဖွဲ့နဲ့တော့ ထိတွေ့ပြီးတော့ အချိတ်အဆက်တွေရနေပြီဆိုတာကလည်း ဘယ်အဖွဲ့တွေကိုဆိုလိုနေမှန်း မသိရပါ။

    သမ္မတကြီးက “ဒီကနေ့ သူတို့နဲ့ ကျွန်တော်တို့ ထိတွေ့တယ်။ ထိတွေ့တော့ ပြောရမယ် ဆိုလို့ရှိရင်တော့ ရှမ်းပြည် အပါအဝင်ပေါ့၊ အရှေ့ဘက်ခြမ်း တစ်ခြမ်းလုံးက ကျွန်တော်ထင်တယ်၊ ဒီကနေ့တော့ တိုက်ပွဲသံတွေ ဘာတွေ မရှိတော့ဘူး။ အကုန်လုံး ရပ်ဆိုင်းသွားပြီ” တဲ့။

    “မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာကတော့ ဥပဒေဘောင်ထဲ အားလုံးဝင်ရောက် လာကြပြီးမှ ဥပဒေ တစ်ခုတည်း အောက်မှာတို့တတွေဟာ အားလုံးအတူတကွ နေထိုင်လုပ်ကိုင် စားသောက်ပြီးတော့ သွားမယ်။ ခုနလိုပါတီဖွဲ့သင့်တဲ့ လူတွေကဖွဲ့၊ စီးပွားရေးလုပ်သင့်တဲ့ သူတွေကလုပ်၊ ပြီးရင် ခုနကလို လွှတ်တော်ထဲ ရောက်လာနိုင်အောင် အကုန်လုံး တို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ။ ရည်ရွယ် ထားတာတော့ အဲလို ရည်ရွယ်ထားတာပဲ” လို့လည်း သမ္မတကြီးဦးသိန်းစိန်က ဆိုပြန်ပါတယ်။

    အထက်ပါသမ္မတဦးသိန်းစိန်ရဲ့စကားအနက်ကိုအဓိပ္ပါယ်ကောက်ရယင် တိုင်းရင်းသားတွေဟာ လုပ်ကိုင်စားသောက်စရာမရှိဖြစ်နေပြီး စီးပွားရေးအဆင်မပြေကြလို့ အစိုးရအဆက်ဆက်ကိုတော်လှန်ပုန်ကန်ခဲ့တယ်၊ နောက်ပြီး ဒီပြဿနာတွေဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတွေကို ပါတီတွေဖွဲ့ခိုင်း၊ စီးပွားရေးတွေလုပ်ခွင့်ပေးလိုက်ရင် ထာဝရငြိမ်းချမ်းရေးရပြီး လက်နက်ကိုင်ပဋိပက္ခတွေပြေလည် သွားမယ်လို့လည်း ယူဆနေပါတယ်။

    အနှစ် ၅၀-၆၀ ကျော် တိုင်းရင်းသားတွေတောင်းဆိုခဲ့၊ တောင်းဆိုနေဆဲဖြစ်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတွေရဲ့မူလအခွင့်အရေးဖြစ်တဲ့ မိမိကြမ္မာမိမိတို့ဖန်တီးခွင့်ဆိုတာတွေကို လက်ရှိမြန်မာပြည်သမ္မတ တစ်ယောက်အနေနဲ့ တကယ်ပဲနားမလည်တာလားတော့ မပြောတတ်ပါ။ တိုင်းရင်းသားတွေရဲ့အရေးကို သမ္မတတစ်ဦးအနေနဲ့ ပကတိဖြစ်ရှိနေတဲ့အခြေအနေမှန်ကို သဘောမပေါက်၊ အသိအမှတ်မပြု၊ ကိုင်တွယ်ဖြေရှင်းခြင်းမပြုပဲ အရင်သမ္မတဟောင်းတွေသွားတဲ့လမ်းစဉ်းအတိုင်း ဆက်လက်ရှုမြင်နေမယ်ဆိုရင်တော့ ပြည်သူအများမျှော်လင့်နေကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း ဝေးသထက်ဝေးနေရဦးမယ်။

    “နောက်တစ်ခုကတော့ လက်နက်စွန့်ရေး။ သူတို့နဲ့ ကျွန်တော်တို့နဲ့ညှိနှိုင်းလို့ရရင် သူတို့ဒေသတွေဟာ စားဝတ်နေရေး အဆင်ပြေလိမ့်မယ်။ ကျွန်တော်တို့ သူတို့နဲ့ပေါင်းပြီး ဘာတွေ လုပ်ပေးမလဲ။ ကျွန်တော်တို့ လုပ်ပေးဖို့ မျှော်မှန်း ထားတာကတော့ စက်မှုဇုန်တွေကျွန်တော်တို့ ထူထောင်မယ်။ အခု ဘားအံတို့ ဘာတို့ဘက်မှာ စက်မှုဇုန်နှစ်ခုလောက် ထူထောင်ဖို့ ကျွန်တော်တို့ စိတ်ကူး ထားတယ်။ ဘားအံမှာတစ်ခု၊ နေရာတွေ ဘာတွေရွေးထားပြီးပြီ။ နောက်တစ်ခါ ကျွန်တော်တို့ ဟိုဘက်က သင်္ကန်းညီနောင်တို့ ဘာတို့မှာ တစ်ခု၊ အဲ့တော့အရင်းအနှီးက နိုင်ငံတော်ကချည်းပဲအကုန်မစိုက်နိုင်ဘူး” လို့လည်း သမ္မတက ဆိုပြန်ပါတယ်။
    အထက်ပါ သမ္မတရဲ့မိန့်ခွန်းစကားကိုကြည့်ရင် ကရင်ပြည်နယ်ဖက်မှာ KNU နဲ့ DKBA အတွက် စက်မှုဇုံ(၂) ခုလောက် ပရောတွေဂျက်ချပေးလိုက်ရင်ပဲ ကရင်တော်လှန်ရေးဟာလည်း နိဂုံးချုပ်သွားလိမ့်မယ်လို့ သမ္မတကြီး ယူဆပုံပေါ်နေပါတယ်။

    နဝတ၊ နအဖစစ်အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြောဆိုဆက်ဆံခဲ့စဉ်က “လက်နက်စွန့်ရေး” ဆိုတဲ့စကားလုံးကို ပြောဆိုသုံးနှုန်းခဲ့တာမရှိလို့ တိုင်းရင်းသား(၁၇)ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲမှုကို ဆယ်စုနှစ်နှစ်ခုဝန်းကျင်တည်ဆောက်နိုင်ခဲ့တယ်၊ အဲဒီကာလတလျှောက်လုံးမှာ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုမပြုလုပ်ခဲ့ပါ၊ တရားဝင်ရော တရားမဝင်တဲ့နည်းပေါင်းစုံတွေနဲ့ စီးပွားရေး လုပ်ကိုင်ခွင့်တွေချပေး၊ အဲဒီအချို့ခေါင်းဆောင်တွေကို အထူးအခွင့်အရေးတွေပေးလိုက်ယင်ပဲ ဒီလက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍနိဂုံး ကမ္ပတ်အဆုံးသတ်လိမ့်မယ်လို့လည်း သမ္မတကြီးယူဆပုံပေါ်နေပါတယ်။

    သမ္မတကြီးက“ကျွန်တော်တို့ကလဲ ခုနလိုကြွယ်ဝ ချမ်းသာတဲ့ နိုင်ငံ မဟုတ်ဘူး။ ကျွန်တော်တို့လဲ ထိုက်သင့်တာ ကူညီမယ်။ မင်းတို့လဲ အရင်းအနှီးထည့်၊ ပြည်ပကလဲ ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်ပြီးတော့ စက်ရုံ ၁၀ ရုံလောက် ဆိုလို့ရှိရင် အလုပ်အကိုင်တွေက ဘာပဲဖြစ်ဖြစ် အများကြီး ရသွားမယ်၊ အလုပ်အကိုင် ရသွားတယ်ဆိုရင် ဝင်ငွေက ရသွားမယ်။ ဝင်ငွေရရင် စားဖို့ဝတ်ဖို့ နေဖို့အတွက် အဆင် ပြေသွားမယ်။ စားဖို့ဝတ်ဖို့ နေဖို့အတွက် အဆင်ပြေတယ်ဆိုရင် တဖြည်းဖြည်းနဲ့ လက်နက်ကိုစွန့်ချင် တဲ့စိတ်က ပေါ်လာပါမယ်” လို့ဆိုပဲ။

    “အဲ့တော့ စားပွဲဝိုင်းက တစ်ခါတည်း ထိုင်ပြီးတော့ ဆွေးနွေးလို့ မရတဲ့ အကြောင်းတွေက ရှိတယ်။ တစ်အချက်က ခုနကလို လူမျိုးစုတွေက မတူကြဘူး။ ဓလေ့ ထုံးစံတွေက မတူကြဘူး။ သူတို့ရဲ့ ခုနကလို လိုအင် ဆန္ဒတွေကလဲ မတူကြဘူး။ ဒါကို ထိုင်ဆွေးနွေးရင်တော့ ဟိုတုန်းကလဲ ဆွေးနွေးခဲ့တာပဲ။ ဘယ်လိုမှကို မရဘူး။ တစ်ယောက် တစ်ပေါက်နဲ့ကို ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က သူတို့ကို ခွဲထုတ်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးတဲ့ အခါမှာ ——-“ လို့သမ္မတက ပြောပြန်တယ်။

    UNFC တိုင်းရင်းသားတွေရဲ့တပ်ပေါင်းစုနဲ့ မြန်မာအစိုးရလုံးဝမဆွေးနွေးချင်ဘူးဆိုတာကို သမ္မတကြီးက ဒဲ့ဒိုးပြောလိုက်တာပါပဲ၊ တစ်ဖွဲ့ချင်းခွဲထုတ်ပြီးဆွေးနွေးသွားမယ့်မူကို မြန်မာအစိုးရဆုတ်ကိုင်ထားဆဲပါ၊ ဒီကြားထဲ မီးရထားဝန်ကြီးဦးအောင်မင်းနဲ့အဖွဲ့ဟာလည်း အိမ်နီးချင်းနိုင်ငံတွေမှာ UNFC အဖွဲ့ဝင်တွေနဲ့ တစ်ဖွဲ့ချင်းသွားရောက် တွေ့ဆုံခဲ့ပါတယ်။

    “တူညီတဲ့ အချက်ကို ကျွန်တော်တို့ညှိ တူညီတဲ့ အချက်တွေ ဆိုတာ ခုနကလိုပဲ ပြည်ထောင်စုကြီးထဲက ဘယ်တော့မှ ခွဲမထွက်ဘူး။ ဒို့တာဝန် အရေးသုံးပါးကို လက်ခံတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ ခုနကလို ဒါလေး ဒါလေးတွေကတော့ ပြင်ဖို့လိုတယ်။ လက်ခံမယ်။ ဒီလို တူညီတဲ့ အချက်တွေ ရပြီဆိုရင် ကျွန်တော်တို့မှာ လွှတ်တော် ရှိတာပဲ။ လွှတ်တော်မှာ အကုန်လုံး ဂုဏ်သရေရှိရှိနဲ့ တက်ရောက်လာတဲ့ ခုနကလို အကုန်လုံး ပြည်သူ့ကိုယ်စားလှယ်တွေ ရှေ့မှာ အဲဒီမှာ လက်မှတ်ထိုးကြမယ် ဆိုပြီးတော့ ဒါကျွန်တော်တို့ မျှော်လင့်ထားတဲ့ဟာပေါ့”

    သမ္မတကြီးရဲ့အထက်ပါ မိန့်ခွန်းကိုချုပ်ကြည့်ရင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့(သို့မဟုတ်) ခေါင်းဆောင်တွေဟာ လွှတ်တော်ထဲပြည်သူ့ကိုယ်စားလှယ်တွေရှေ့မှာ တစ်နေ့ကျရင် လက်မှတ်ထိုးကြရမယ်လို့ဆိုပဲ။ ဘယ်ခေါင်းစဉ်အကြောင်းအရာတွေအောက်မှာ ဘယ်လိုလက်မှတ်ရေးထိုးပေးရမသိရသေးပါ၊ ဒီ လက်မှတ်ထိုးကြမယ် ဆိုတဲ့အချက်ကို လက်ရှိတိုင်းရင်းသားခေါင်းဆောင်တွေလည်း သတိပြုလိမ့်မယ်လို့ထင်မိပါတယ်၊ အဲဒါကြောင့် ဘာလီကျွန်းကသမ္မတကြီးမိန့်ခွန်းကို အထပ်ထပ်အခါခါပြန်လည်ဖတ်ရှုသုံးသပ်မိရင်း မမြင်ရသေးတဲ့တိုင်းပြည်ရဲ့အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ရင်လေးစရာများသာတွေ့မြင်နေမိပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts