မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ဖက်ဒရယ်ဥပဒေ အားမကောင်းသေးသရွေ့တော့

ဖက်ဒရယ်ဥပဒေ အားမကောင်းသေးသရွေ့တော့

ရေးသားသူ:

(ဗညားရံ) – ပြည်ထောင်စုမြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာကို အခြေခံဥပဒေပြဿနာလို့ အချို့က မယူဆချင်ဘူး။ စာရေးသူအမြင်အရတော့ အခြေခံဥပဒေပြဿနာလို့ပဲ မြင်ပါတယ်။ ၁၉၄၇-၁၉၇၄-၂၀၀၈ ဥပဒေတို့ကို လေ့လာကြည့်ယင် ဘယ်ဥပဒေကမှ ကြာကြာမခံခဲ့ဘူး။ ၁၉၄၇-ဥပဒေက ၁၉၆၂-မှာ ပျက်ရတယ်။ ၁၉၇၄-ဥပဒေက ၁၉၈၈-မှာ ပျက်ရပြန်တယ်။ ၂၀၀၈-ဥပဒေကတော့ ဘယ်လောက်ကြာကြာခံနိုင်မလဲ စောင့်ကြည့်ရဦးမယ်။ လွတ်လပ်ရေးရတာ (၆၃)နှစ် ကြာခဲ့ပြီ။ ဥပဒေနဲ့အုပ်ချုပ်ဖူးတာ (၂၉) နှစ်လောက်ပဲ။ ကျန်တာက အခြေခံဥပဒေ မရှိဘဲ အုပ်ချုပ်လာခဲ့တာပါ။ အခြေခံဥပဒေရှိလျက်သားနဲ့ မသိကျိုးကျွံပြုပြီး စိတ်ကြိုက်အုပ်ချုပ်ခဲ့တဲ့ နှစ်တွေနဲ့ ထပ်ပေါင်းလိုက်ယင် ဗမာပြည်ဟာ အခြေခံဥပဒေ မပါဘဲ နေလို့ရတဲ့ တိုင်းပြည်တစ်ခုလို ဖြစ်သွားရတယ်။

ပထမဆုံးအခြေခံဥပဒေမှာ တိုင်းရင်းသားများကို အသက်ရှုခွင့်နည်းနည်းပေးထားတယ်။ မြန်မာပြည်သူအများစုကလည်း ထောက်ခံကြတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါလာတာကို မဟန့်တားနိုင်ခဲ့ဘူး။ ပြည်တွင်းငြိမ်းချမ်းမှုမရှိတဲ့အချိန်မှာ စစ်တပ်အင်အားများလာပြီး စစ်တပ်ထောက်ခံမှုမရတော့အချိန်မှာ အခြေခံဥပဒေပါ ပျက်ခဲ့ရတယ်။

ဒုတိယအခြေခံဥပဒေကို စစ်ထွက်မဆလကေဒါတွေ ဦးဆောင်ရေးဆွဲခဲ့တယ်။ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးတယ်။ ရှိသမျှကို ဗမာမှုပြုတယ်။ ပြည်သူတွေက စားဝတ်နေရေးအတွက် မှောင်ခိုစီးပွားရေးကို အားကိုးခဲ့ရတယ်။ မဟန်တဲ့စနစ်ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရတယ်။ ပြည်သူ့ထောက်ခံမှုကို မရရှိလို့ ဒီအခြေခံဥပဒေလည်း ပျက်ပြယ်ခဲ့ရပြန်တယ်။

လက်ရှိမှာ ၂၀၀၈-အခြေခံဥပဒေ ဖြစ်တယ်။ အများသိပြီဖြစ်တဲ့အတိုင်း ဒီအခြေခံဥပဒေကို စစ်ထွက်မဟုတ်ဘဲ စစ်တပ်ကိုယ်တိုင် ဦးစီးရေးဆွဲတဲ့ ဥပဒေ ဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲနိုင်ပါတီက ဦးဆောင်ပြီး ရေးဆွဲခဲ့ခြင်းမဟုတ်လို့ တရားဝင်မှုမရှိဘူး။ ၂၀၀၈-ခုဥပဒေကို အတင်းအကြပ် အတည်ပြုပြီး ၂၀၁၀-ရွေးကောက်ပွဲကို လုပ်တယ်။ လုပ်တဲ့ရွေးကောက်ပွဲလည်း တရားမျှတမှု မရှိဘဲ မဲလိမ်မဲခိုးမှုတွေ ရှိခဲ့လို့ တက်လာတဲ့ ကြံ့ဖွတ်အစိုးရက သူရေးဆွဲခဲ့တဲ့ အခြေခံဥပဒေနဲ့အတူ အသက်ငင်နေရတယ်။

ပထမဆုံးဖွဲ့စည်းပုံမှာ တိုင်းရင်းသားအရေးကို သေးသိမ်အောင် ရသမျှစီစဉ်ခဲ့တယ်။ ဒုတိယဖွဲ့စည်းပုံမှာ ပြည်သူတွေရဲ့အခွင့်အရေးကို ပိတ်ပင်ထားတယ်။ တတိယဖွဲ့စည်းပုံမှာ နိုင်ငံတော်ဝန်ထမ်းများကိုပင် ကန့်သတ်ချုပ်ခြယ်ထားတယ်။ ဒီတော့ ဘာဖြစ်သွားသလဲဆိုတော့ နိုင်ငံတော်ဟာ မိသားစုပိုင်လို ဖြစ်သွားရတယ်။ စည်းမျဉ်းခံဘုရင်စနစ်လောက်တောင် အဆင့်မရှိဘူး။

၂၀၀၈-ဥပဒေက ပြည်ထောင်စုနဲ့ပြည်နယ်ကြား၊ လွှတ်တော်နှစ်ရပ်ကြားမှာ အာဏာ (၃) ရပ် ခွဲခြားထားခြင်းမရှိတဲ့အတွက် ဒီမိုကရေစီမထွန်းကားနိုင်သလို တရားမျှတမှုလည်း ရှိမှာမဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံအတော်များများမှာ အစိုးရကို လွှတ်တော်က ထိန်းကျောင်းပေးလေ့ရှိတယ်။ ဒါကြောင့် လွှတ်တော်ကို ဒီမိုကရေစီရေးအတွက် ပြည်သူတွေကို တိုက်ရိုက်ကိုယ်စားပြုတဲ့ အောက်လွှတ်တော်၊ ပြည်နယ်တန်းတူရေးအတွက် ပြည်နယ်ကိုယ်စားပြုတဲ့ အထက်လွှတ်တော်ဆိုပြီး ထားရှိရတယ်။ ၂၀၀၈-ဥပဒေအရ အုတ်ရောရော ကျောက်ရောရော (တစ်မတ်သားအမတ်တွေ) ထားရှိတဲ့ လွှတ်တော်လိုမျိုးမဟုတ်ဘူး။ ဒါပေမယ့် ဒီလွှတ်တော်ကို အာဆီယံလွှတ်တော်အဖွဲ့က အသိအမှတ်ပြုလိုက်ပြီ ဖြစ်တယ်။

ပြည်ထောင်စုရေးရာတွေကို လွှတ်တော်မှာ ဆုံးဖြတ်ကြမယ်ဆိုယင် အဲဒီလွှတ်တော်က ဘာလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေက ဘာလဲ။ လွှတ်တော်ရှိတယ်ပြောရုံနဲ့၊ လွှတ်တော်မှာ ပါးစပ်ဟလို့ ရရုံနဲ့ ဒီမိုကရေစီ ထွန်းကားနေပြီလား။ ပြည်နယ်တွေ ဖွဲ့စည်းပေးရုံနဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရှိရုံနဲ့ ပြည်ထောင်စုနိုင်ငံ ဖြစ်နေပြီလား။ တစ်ဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ မတရားတက်လာတဲ့ ကြံ့ဖွတ်အစိုးရနဲ့ တရားမဝင်တွေ့ကြရုံနဲ့ စစ်မှန်တဲ့ပြောင်းလဲရေး စပြီလို့ ပြောယင် ပျိုဖော်ဝင်စ မြီးကောင်ပေါက်မအရွယ် မနူးမနပ်နိုင်ငံရေးသမားများသာ ယုံကြပါလိမ့်မယ်။

လက်ရှိပြည်ထောင်စုမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လူမျိုးတန်းတူရေးပြဿနာ ရှိနေကြောင်း အသိအမှတ်ပြုကြတယ်။ အဲဒီပြဿနာဟာ (၁) ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားလို့၊ (၂) ဖွဲ့စည်းပုံအခြေခံဥပဒေက မပြည့်စုံလို့၊ (၃) ဖွဲ့စည်းပုံအခြေခံဥပဒေက မတရားလို့ ဖြစ်ရတာလား စဉ်းစားရပါတယ်။ နံပါတ်(၁)အချက်အရ ပြည်ထောင်စုအစိုးရတွေပဲဖြစ်ဖြစ်၊ အစိုးရဆန့်ကျင်သူတွေပဲဖြစ်ဖြစ် ချုံ့ချင်ချုံ့ ဆန့်ချင်ဆန့် လိုယင်တစ်မျိုး မလိုယင်တစ်မျိုး စိတ်ကြိုက် ထင်ရာစိုင်းလို့ ဖြစ်ရတဲ့ပြဿနာပါ။ နံပါတ် (၂) အချက်အရ အစိုးရနဲ့ပြည်သူလူထုတွေက အခြေခံဥပဒေကို မလေးစားလို့ ဖြစ်ရတာပါ။ နံပါတ် (၃) အချက်အရ အခြေခံဥပဒေကိုယ်နှိုက်က အဆင်မပြေလို့ ဖြစ်ရတာပါ။

အခြေခံဥပဒေ အရေးကြီးပုံကို သိလို့ အခြေခံဥပဒေကို (၁) ဖဆပလခေတ်မှာ အပျိုရည်ဖျက်ခဲ့တယ်၊ (၂) မဆလခေတ်မှာ မုဒိမ်းကျင့်တယ်၊ အခု(၃) ကြံ့ဖွတ်ခေတ်မှာ မောင်ပိုင်စီးတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အပျိုရည်ဖျက်၊ မုဒိမ်းကျင့်မောင်ပိုင်စီးရုံနဲ့ အားမရသေးဘူး။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ မိခင်ဖြစ်တဲ့ ပင်လုံစာချုပ်ကိုလည်း သေပြီလို့ စော်ကားမော်ကား ပြောလိုက်သေးတယ်။ ပင်လုံစာချုပ် ပျက်ပြယ်သွားပြီလို့ ကြံ့ဖွတ်အဖွဲ့ဝင်တွေက ပြောကြတယ်။ ပင်လုံစာချုပ် ပျယ်ပြယ်သွားပြီဆိုယင် လက်ရှိပြည်ထောင်စုလွတ်လပ်ရေး၊ လက်ရှိပြည်ထောင်စုအသွင်သဏ္ဍာန်၊ လက်ရှိပြည်ထောင်စုနယ်နမိတ်လည်း ပျက်ပြယ်သွားပြီလို့ ယူဆရမှာဖြစ်ပြီး ပြည်ထောင်စုကြီးက ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်မှာ တည်ရှိနေဆဲလို့ ဆိုလိုရာမရောက်ပေဘူးလား။

ပင်လုံစာချုပ်ပျက်ပြယ်ပြီလို့ ပြောရုံနဲ့ ဗမာပြည်မှာ ရာဇဝတ်မှု မမြောက်ပါဘူး။ ဝန်ကြီးတောင် တက်ဖြစ်သေးတယ်။ ပြည်သူကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ သယံဇာတများကို ခိုးရောင်းမှုများနဲ့ နာမည်ကျော်ကြားနေတဲ့ ဗမာ့အစိုးရအတွက် ပင်လုံစာချုပ်ကို ဆဲဆိုရုံနဲ့ ဘာမှ မဖြစ်ပါဘူး။ တွေးကြည့်စေချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ The Bill of Right ပျက်ပြယ်သွားပြီဖြစ်ကြောင်း ပြောမိတဲ့လူဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့ တိုးပြီး သမ္မတဆို အပြုတ်၊ အမတ်ဆို အထုတ်၊ သာမန်နိုင်ငံသားဆိုယင် အချုပ်ပဲ။ ဗမာ့နိုင်ငံရေးမှာ သူကောင်းပြုခံချင်ယင် ပင်လုံစာချုပ်ကိုလည်း ဆဲတတ်ရမယ်၊ အခြေခံဥပဒေကိုလည်း စော်ကားရဲရမယ်ဆိုတာမျိုးပါ။

ဒါဆိုယင် ပင်လုံစာချုပ်ဆိုတာ ပြည်ထောင်စုရဲ့ ဝိညာဉ်ဖြစ်တယ်။ အခြေခံဥပဒေဟာ ပြည်ထောင်စုရဲ့အသက်ဖြစ်တယ်။ အသက်နဲ့ဝိညာဉ်ရှိမှ ပြည်ထောင်စုက ရှင်သန်နိုင်မှာပါ။ ဒီနှစ်ခုကို မလေးစားသေးသရွေ့၊ ဒီနှစ်ခု အဖျက်ဆီးခံနေရသရွေ့၊ ဒီနှစ်ခုကို မောင်ပိုင်စီးထားသရွေ့ ပြည်ထောင်စုကြီးက လေးဘက်နာရောဂါသည်ကြီးလို ဖြစ်နေဦးမှာပါ။

ဒီတော့ ပြည်ထောင်စုနိုင်ငံရေးပြဿနာကို ပြောယင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချန်ထားလို့ မရဘူး။ ပြည်ထောင်စုကြီးကို ကယ်ဖို့ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ လူမျိုးတန်းတူရေးကို ကန့်သတ်ထားလို့ မရဘူး။ အရင်အပတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈-ဥပဒေကို ထဲထဲဝင်ဝင် လေ့လာနေတယ်လို့ သိရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲကို အနိုင်ရခဲ့တဲ့ ပါတီဖြစ်တယ်။ အနာဂတ်ပြည်ထောင်စုကြီးအတွက် ဖွဲ့စည်းပုံကို ဦးဆောင်ရေးဆွဲရမယ့်ပါတီ ဖြစ်တယ်။ ပြည်သူအများစုက မဲပေးလိုက်တဲ့ပါတီ ဖြစ်လို့ အမျိုးသားညီလာခံခေါ်ဖို့ အခွင့်အာဏာ ရှိတဲ့ပါတီ ဖြစ်တယ်။ ဒီပါတီကလည်း ဒီမိုကရေစီရေးကို လေးစားမယ့်ပါတီ၊ လူ့အခွင့်အရေးကို အခြေခံမယ့်ပါတီ၊ လူမျိုးတန်းတူရေးကို နားလည်ပေးမယ့်ပါတီအဖြစ် အသိအမှတ်ပြုခံရတယ်။

ဒီအရှိတရားကို လက်မခံဘဲ ထိုစဉ်က နဝတအစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သေးသိမ်အောင် လုပ်ပြီး ၁၉၉၃-ခု အမျိုးသားညီလာခံကို သူ့ဟာသူ ဦဆောင်ခေါ်ယူကျင်းပခဲ့တယ်။ သူတို့ညီလာခံမှာ အဲဒီအရေးသုံးပါးလုံးကို ငြင်းပယ်ထားတယ်။ လက်ရှိမှာ အဲဒီညီလာခံကို နောက်ဆုံးဦးဆောင်ခဲ့တဲ့ ဦးသိန်းစိန်က သမ္မတဖြစ်ခဲ့ပြီ။ ၂၀၀၈-ဥပဒေနဲ့ သူ့အစိုးရကို အသိအမှတ်ပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိအားပေးနေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ သိန်းစိန်အစိုးရပြောတဲ့အတိုင်း လုပ်မယ်ဆိုယင် ကွမ်းစားဆေးသောက် နှစ်မှုရောက်ဆိုသလို ဖြစ်ကုန်မယ်။ ဆေးလိပ်ကို ကွမ်းနဲ့ဖြတ်မယ်ဆိုပြီး ဆေးလိပ်ရော ကွမ်းပါ စွဲကုန်သလိုမျိုးပါ။ မိအေနှစ်ခါနာပါလိမ့်မယ်။ အခြေခံဥပဒေလည်း မတည်ငြိမ်သလို ပြည်ထောင်စုကြီးလည်း မငြိမ်းချမ်းနိုင်ဘူး။

သိန်းစိန်အစိုးရက ဆေးလိပ်နဲ့တူတဲ့ ၂၀၀၈-ဥပဒေကို ကွမ်းနဲ့တူတဲ့ လွှတ်တော်နဲ့ ဖြတ်ဖို့ စည်းရုံးနေပါတယ်။ ဆေးလိပ်ရော ကွမ်းပါ စွဲမှာ သေချာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆေးလိပ်ဖြတ်ချင်တယ်ဆိုယင် ထစ်ခနဲ ဖြတ်ဖို့ လိုတယ်။ ကွမ်းနဲ့ မဖြတ်မိဖို့ လိုတယ်။ ကွမ်းနဲ့ဖြတ်ပြီး ဆေးလိပ်ပြတ်သွားယင်တောင် ကွမ်းစားတဲ့အကျင့်က ဆေးလိပ်ထက် မသာပါဘူး။

အဲဒီဆေးလိပ်ဖြတ်တဲ့အကျင့်က ဆေးလိပ်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဖြတ်ယင် ပိုပြီးတော့ ယုတ္တိမတန်ဘူး။ ပုဂ္ဂိုလ်ရေးချဉ်းကပ်မှုနဲ့ လုပ်လာယင် ပိုပြီးတော့ စိတ်မချရဘူး။ တိုင်းရင်းသားတစ်ဦးအနေနဲ့ ခံစားရတာတွေကို ပြောရယင် ပြည်ထောင်စုနိုင်ငံရေးဟာ သူရဲကောင်းအားကိုးတဲ့ခေတ်မှာပဲ ရှိသေးတယ်။ တစ်ဦးချင်းကောင်းပြီး အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းတာကို အခုထိ မတွေ့ရသေးဘူး။ ဒါဟာ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ထင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီသဘောတရားကို သတိထားမိလို့ အပြောင်းအလဲအတွက် သူတစ်ယောက်ထဲနဲ့ မလုပ်နိုင်ကြောင်း၊ နိုင်ငံရေးကို လူတိုင်းလုပ်ရမှာဖြစ်ကြောင်း သူ့မိန့်ခွန်းမှာ ခဏခဏ ထည့်ပြောရတယ်။

နိုင်ငံသားတိုင်း ဘာသာမရွေးဘုန်းကြီးများအပါအဝင် နိုင်ငံရေးကို နားလည်သင့်ကြတယ်။ နိုင်ငံရေးပါတီ မထောင်သော်လည်းပဲ နိုင်ငံရေးကို အစဉ်လုပ်နေရမယ်။ ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ နိုင်ငံသားများ ဗလငါးတန်နဲ့ ပြည့်စုံဖို့ တရားပြယင် ဒါက ဘာသာရေးသက်သက်မဟုတ်ဘူး။ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်။ ကိုယ်ယဉ်ကျေးအောင်၊ နှုတ်ယဉ်ကျေးအောင်၊ စိတ်ယဉ်ကျေးအောင် တစ်ဖက်တလမ်း ကူညီပေးနိုင်ယင် နိုင်ငံ့သားကောင်းပေါင်း မြောက်များစွာကို မွေးထုတ်နိုင်ခဲ့လို့ လူမှုရေး၊ ပညာရေးလုပ်ငန်းများကိုလည်း ကူညီရာရောက်နေတာပါပဲ။ စကားစပ်လို့ ပြောမိတာပါ။

ဒီတော့ နိုင်ငံသားတိုင်းက နိုင်ငံရေးကို နားလည်ထားသင့်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျေကျေညက်ညက် လေ့လာထားသင့်တယ်။ အနည်းဆုံး ဖွဲ့စည်းပုံက ပေးအပ်ထားတဲ့ နိုင်ငံသားတို့ရဲ့အခွင့်အရေးနဲ့တာဝန်ကို နားလည်ထားသင့်တယ်။ အခွင့်အရေးနဲ့တာဝန်ဝတ္တရားနှစ်မျိုးကို သဘောပေါက်ထားသင့်တယ်။ မိမိရဲ့အခွင့်အရေးနဲ့တာဝန်ဝတ္တရားကို ကာကွယ်ထိန်းသိမ်းတတ်မှသာ နိုင်ငံသားကောင်းတစ်ဦး ဖြစ်နိုင်မှာမို့ပါ။ ဒီလိုမှ မဟုတ်ယင် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ဖြစ်ပေါ်လာပြီး မဖြစ်သင့်မဖြစ်ထိုက်တဲ့ ဆုံးရှုံးမှုတွေ ထပ်ဖြစ်လာဦးမှာပါ။

ပြောခဲ့တဲ့အတိုင်းပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းလို့ ပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်လို့ စစ်အစိုးရက ပြောဖူးတယ်။ သူတို့က ၁၉၄၇ ဥပဒေကို ရည်ညွှန်းတာပါ။ အတိုက်အခံတွေနဲ့ တိုင်းရင်းသားတို့ရဲ့ ပျော့ပျောင်းတဲ့သဘောထားကို ပြည်ထောင်စုပြိုခွဲရေး လို့ စစ်အစိုးရက ယူဆပါတယ်။ ဒါပေမယ့် သူတို့ဆွဲတဲ့ ၁၉၇၄ ခု ဥပဒေဟာ ၁၉၄၇ ခု ဥပဒေလောက်တောင် အသက်မရှည်ခဲ့ဘူး။ အခု ၂၀၀၈ ခု ဥပဒေလည်း ဘယ်လောက်ကြာ သွားနိုင်မလဲ စောင့်ကြည့်ဦးမှာပါ။

ဒါ ဘာကြောင့်လဲ။ ပြည်ထောင်စုသမိုင်းမှာ လူနဲ့မူ အနက် လူက ပိုအရေးကြီးနေလို့ပါပဲ။ လူလည်း ကောင်းရမယ်၊ မူလည်း ကောင်းရမယ်ဆိုပေမယ့် လူက မူအပေါ်မှာ ရောက်နေတာ များတယ်။ လူသာ ပဓာန ဖြစ်နေတယ်။ ပင်လုံစာချုပ်အကြောင်းကို စဉ်းစားကြည့်ယင် ထင်ရှားပါတယ်။ တိုင်းရင်းသားတွေက ဖွဲ့စည်းပုံကိုလည်း သိပ်သဘောပေါက်ဟန် မတူသေးပါ။ သဘောပေါက်လောက်တဲ့ မွန်တို့၊ ကရင်တို့၊ ရခိုင်တို့လည်း အဲဒီမှာ မပါခဲ့ပါ။ ပါသွားတဲ့တောင်တန်းစော်ဘွားများကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်တာတစ်ချက်နဲ့ အလုပ်ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လုပ်ကြံခံရရော ပင်လုံစာချုပ်က မျက်နှာငယ်ခဲ့တာပါပဲ။ ဦးနုက အာမခံလို့ တိုင်းရင်းသားတွေက ယုံခဲ့ပြန်တယ်။ ၁၉၄၇ ဥပဒေကို အနည်းငယ် ပြင်ဆင်ဖြည့်စွက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာတော့မယ်ဆိုပြီး ဝမ်းသာလုံးစို့နေခဲ့တယ်။ ၁၉၆၂-ခုမှာ စစ်တပ်က အာဏာသိမ်းတော့ အားကိုးမိတဲ့ ဦးနုကိုယ်တိုင် ထောင်ထဲရောက်ရတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရပြန်တယ်။ စစ်အစိုးရလက်ထက်မှာလည်း ခင်ညွှန့်ကို အားကိုးမိလို့ ခင်ညွှန့်လည်း ပြုတ်ရော အခြေအနေတွေ တစ်မျိုးပြောင်းကုန်တာပဲ။ အခုလည်း လက်ရှိ ၂၀၀၈-ဥပဒေအရ သိန်းစိန်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖိတ်ခေါ်နေပါတယ်။ တိုင်းရင်းသားများအပါအဝင် ပြည်သူတစ်ရပ်လုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးနေတဲ့အချိန်ပါ။ ဒါပေမယ့် ၂၀၀၈ ဥပဒေကို ကိုင်ပြီး စစ်ကောင်စီက အာဏာသိမ်းဖို့ စောင့်နေတယ်။ အစိုးရပဲပြောပြော လွှတ်တော်ပဲဆိုဆို တိုင်းရင်းသားတွေကို အနည်းငယ်မျှ အခွင့်အရေးပေးမိယင်ပဲဖြစ်ဖြစ်၊ စစ်တပ်အာဏာကို နည်းနည်းပါးပါးထိခိုက်မိယင်ပဲဖြစ်ဖြစ် အဲဒီကောင်စီက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ စစ်ဘင်ခရာသီချင်းကို ရေဒီယိုကနေ လွှင့်ပြီး အာဏာသိမ်းဦးမှာပဲ။ ဒါကြောင့် လူကိုတော့ ယုံပါ၊ ကုန်ကိုတော့ အကြွေးမပေးနဲ့ဆိုသလိုမျိုး သိန်းစိန်တစ်ယောက် သဘောကောင်းပြရုံနဲ့ ရှိသမျှပြဿနာက ပြီးမှာမဟုတ်ဘူး။

ခြုံကြည့်ယင် ပြည်ထောင်စုနိုင်ငံရေးပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်တာ ဟုတ်တယ်။ အတိုက်အခံတွေနဲ့ တိုင်းရင်းသားတို့က အများလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ဖို့ အဆိုပြုတယ်။ စစ်အစိုးရက ဖွဲ့စည်းပုံမရှိတဲ့အချိန်မှာ လူကို မာရှယ်လောနဲ့ချုပ်တယ်။ ဖွဲ့စည်းပုံရှိလာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ အကျယ်ချုပ်ထည့်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုတရပတ္တမြားမျက်ရှင်လို သူတို့ သဘောထားတယ်။ သူတို့ လုပ်ချင်တာကို အဲဒီမှာ ထည့်ထားတယ်။ ကြိုးမဲ့တံခွန်လို ကျင့်ကြံနိုင်ဖို့ အကွက်ဆင်ထားတယ်။ အခြေခံဥပဒေကို သားလို့ သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်ကို မိခင်လို့ သဘောထား၊ ဒေါ်ကြိုင်ကြိုင်ကို မိခင်တုလို့ သဘောထား၊ ဘန်ကီးမွန်ကို မဟောသဓာလို့ သဘောထား…သားအမှု စီရင်ရအောင်ပါ။

မဟောသဓာဇာတ်တော်မှာ သားလုခန်းဆိုတာ ရှိတယ်။ ဘီလူးမက ကလေးကို စားချင်တယ်။ မိခင်ကလည်း ကလေးကို ကာကွယ်ချင်တယ်။ မဟောသဓာက အဆုံးအဖြတ်ပေးရတယ်။ မိခင်မှန်ယင် သားသမီးအပေါ်မှာ မေတ္တာရှိရိုးဖြစ်လို့ မိခင်မေတ္တာကို စမ်းချင်လို့ “လုကြ၊ ကလေးရသူ နိုင်စေ” ဆိုတော့ မိခင်ရော ဘီလူးမပါ ကလေးရဖို့အရေး လုကြတယ်။ ကလေးငိုသံကြားလို့ မိခင်က သနားသွားပြီး မလုတော့ဘူး။ ကလေးက ဘီလူးမလက်ထဲ ရောက်ရတယ်။ ဒီတွင်မှ မဟောသဓာက ကလေးလွှတ်သူဟာ မိခင်စစ်ဖြစ်ကြောင်း၊ ကလေးကို သူပိုင်စေလို့ ဆုံးဖြတ်လိုက်တယ်။

ပြည်ထောင်စုပြဿနာကလည်း ထိုနည်းနှင့်ခပ်ဆင်ဆင်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်နစ်နာမှာစိုးလို့ သားနဲ့တူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ကို လက်လွှတ်ထားရတယ်။ စင်ပြိုင်အစိုးရ မထူထောင်ဘဲ နေတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံတော်ရဲ့အာဏာက ဘီလူးမနဲ့ တူတဲ့ ကြံ့ဖွတ်အစိုးရလက်ထဲ ရောက်နေတယ်။ ဘီလူးမကြံ့ဖွတ်အစိုးရက ဒီအမှုကို မဟောသဓာဆီ မရောက်အောင် တားနေတယ်။ မင့်ကလေး ငါ့လက်ထဲမှာထားပါ။ သူ့အန္တရာယ် မဖြစ်အောင် မင်းက ငါမကြိုက်တာ ဘာမှ မလုပ်ရဘူး။ ဒီလိုပုံစံ သွားနေတာပဲ။ ကုလသမဂ္ဂက အဲဒီသားက NLD သားပါဆိုလည်း ဘီလူးမက လက်မှမလွှတ်တာပဲ။ ဘေးက ပရိသတ်နဲ့ တူတဲ့ အိန္ဒိယတို့၊ တရုတ်တို့၊ ထိုင်းတို့ကလည်း ဘီလူးမရဲ့အစာကို ချောင်းနေလေတော့ မိခင်ရင်းရော ဘီလူးမပါ ဘာတတ်နိုင်မလဲ။ မြန်မာနိုင်ငံရဲ့ ပြဿနာက အဲဒီလို ဖြစ်နေတာပါ။

ကိုင်း…ဒီလိုဆိုတော့ လက်ရှိအနေအထားမှာ NLD ကလည်း ၂၀၀၈-ခု ဥပဒေကို လုံးစေ့ပတ်စေ့ လေ့လာနေပြီ။ UNFC ကလည်း ကြံ့ဖွတ်အစိုးရနဲ့ ဆွေးနွေးစရာရှိယင် အဆင့်သင့်ဖြစ်အောင် စီစဉ်ထားပြီးပြီ။ NLD ရော UNFC ပါ ဘာကို အခြေခံပြီး ပြင်ဆင်ထားကြသလဲ။ မသိနိုင်ပါ။ တကယ်လို့သာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်လာပြီး တိုးတက်ဖြစ်ထွန်းမှုများရှိကာ ၂၀၀၈-ခုဥပဒေကို ပြင်ဆင်ရေးဆွဲတာပဲဖြစ်ဖြစ်၊ ပြန်လည်ရေးဆွဲတာပဲဖြစ်ဖြစ် အခွင့်အရေးကြုံခဲ့သည်ရှိသော်….

၁။ ဖွဲ့စည်းအုပ်ချုပ်အခြေခံဥပဒေမှာ ပြည်ထောင်စုနဲ့ ပြည်နယ်များ အာဏာခွဲဝေမှုမှာ ပြတ်သားရမယ်။

၂။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ လူမျိုးတန်းတူရေးကို လုံးဝအခြေခံရမယ်။

၃။ တပ်မတော်က ပြည်ထောင်စုနိုင်ငံရေးမှာ မပါဝင်သင့်၊ မည့်သည့်အခြေအနေမှာမဆို အာဏာမသိမ်းရ။

ဒီအချက်တွေကို အဓိကထား ဆွေးနွေးကြဖို့ လိုတယ်။

လွတ်လပ်ရေးရပြီး (၆၃) နှစ်မျှ ကြာလာတာနဲ့အညီ နိုင်ငံရေးအချိုးအကွေ့များစွာကို တွေ့မြင်ခဲ့ရပြီ။ တိုင်းရင်းသားများအနေနဲ့ အတွေ့အကြုံရင့်ကျက်စွာနဲ့ နိုင်ငံရေးဒီရေအတက်အကျနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကျင့်ကြံရပါလိမ့်မယ်။ အထူးသဖြင့်…..သုံးပွင့်ဆိုင် ဆွေးနွေးပွဲဖြစ်မြောက်ပြီး ၂၀၀၈-ဥပဒေကို ပြင်ဆင်ဖြည့်စွက်ကာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာသည့်တိုင်အောင် ပြည်နယ်စောင့်တပ် ထားခွင့်မရှိယင် လက်မခံဖို့ လိုတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အားမကောင်းတဲ့ နိုင်ငံမှာ မိမိလက်နက်ကို မိမိလက်ထဲမှာ ထားတာက အလုံခြုံဆုံးဖြစ်တယ်။ ဘာကြောင့်ပြောရသလဲဆိုယင် ဒီနေ့ လက်နဲ့ရေးတာကို မနက်ဖြန် ခြေနဲ့ဖျက်တတ်တဲ့အကျင့် အစွန်းရောက်ဗမာ့ခေါင်းဆောင်အချို့မှာ ရှိနေနိုင်တာကို နှစ်ပေါင်း (၆၀) ကျော်အဖြစ်အပျက်များက သက်သေပြခဲ့ပြီ။

About မွန်သတင်းအေဂျင်စီ

Check Also

စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

“မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။ “၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း ဒီနေ့ပဲ တီးစေချင်ကြ အစာတောင်း ငှက်ကလေးတွေလို လက်ခုပ်သံကို ဆာလောင်” …

%d bloggers like this: