မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / အနုသယနိုင်ငံရေးနဲ့ သမုဒယဗျူဟာ

အနုသယနိုင်ငံရေးနဲ့ သမုဒယဗျူဟာ

ရေးသားသူ:

(နာဲမတ်ဒိပ်) – အနုသယဆိုတာ အင်မတန်သိမ်မွေ့လှတယ်။ သိမ်မွေ့တယ်ဆိုတာ ပျော့ပျောင်းလာတာကို ပြောတာ မဟုတ်ဘူး။ ခန့်မှန်းရခက်တာကို ဆိုချင်တယ်။ ကြံ့ဖွတ်အစိုးရအနေနဲ့ နည်းဗျူဟာအရ နိုင်ငံရေးအခင်းအကျင်းသစ်ကို တင်ဆက်တယ်။ တုန့်ပြန်မှုကို စောင့်ကြည့်တယ်။ အကျိုးအမြတ်ကို တွက်ချက်တယ်။ သမိုင်းတစ်ကွေ့မှာ မှတ်ကျောက်တင်နိုင်ဖို့ ရည်ရွယ်တယ်။ နိုင်ငံရေးအနုသယကို တဒင်္ဂပယ်ဖို့ ကြိုးစားပုံ ရတယ်။ 

(အနုသယ (ပု) [အနု+သိ+အ] (၁) သတ္တဝါတို့ သန္တာန်၌-ကိန်း-တည်နေ-တတ်သော-အဖန်ဖန်-ဖြစ်စေတတ်သော-တရား၊ ကြွက်အဆိပ်ကဲ့သို့ လျော်သော အကြောင်းကို ရလျှင် ဖြစ်ပေါ်နိုင်သော တရား၊ အနုသယတရား။ (၂) ကိန်းခြင်း။ အနုသယဝစန-ကြည့်။ တိပိ၊၂၊၂၁၆+၂၁၇+၂၁၈

အနု-သယ (ပ) (အနု√သီ+အ) အာရုံ၌ စွဲကပ်ခြင်း။ ကိန်းခြင်း။ ကိန်းအောင်းတတ်သော တရား။ နောင်တပူပန်ခြင်း။ (m.) proclivity; a dormant disposition.Inclination, thought, desire, bias, latent disposition) pali2myn@gmail.com မှဘာသာပြန်ဆိုချက်(အယ်ဒီတာ)

ဒီမိုကရေစီအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူများက ခြေကုန်လက်ပမ်းကျနေတဲ့အချိန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက သွေးအေးနေတဲ့အချိန်၊ မတရားတဲ့ဥပဒေ မတရားတဲ့ရွေးကောက်ပွဲကနေ တက်လာတဲ့ကြံ့ဖွတ်အစိုးရက နိုင်ငံတကာမိသားစုမှာ ရပ်တည်ဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ သိမ်မွေ့လှတဲ့ ဒီအနုသယနိုင်ငံရေးကို မျိုးချစ်စိတ်ဆိုတဲ့ သမုဒယဗျူဟာနဲ့ လှလှပပ ကပြအသုံးတော်ခံဖို့ စီစဉ်ထားပုံရတယ်။

ဇာတ်ညွှန်းကောင်း၊ သရုပ်ဆောင်ကောင်းနဲ့ ပွဲကျအောင် ဇာတ်တိုက်ထားတယ်။ လွှတ်တော်မှာ လူပြက်တွေ ပြက်လုံးထုတ်တယ်၊ သမ္မတအိမ်တော်မှာ နောက်ခံကောင်းကောင်းနဲ့ မင်းသားမင်းသမီးတွေ လူပျိုလှည့်ခန်း ပါတယ်၊ ဇာတ်ပို့ဇာတ်ရံတွေက စီးပွားရေးဆိုတဲ့ စာတမ်းတွေ ဖတ်ကြတယ်၊ ပွဲမကြမ်းယင် ကလေးတွေ အိပ်ပျော်ကုန်မှာစိုးလို့ ကချင်နဲ့ရှမ်းဘက်မှာ သေနတ်သံ နည်းနည်းမြည်စေတယ်။

ဒါပေမယ့် ဇာတ်လမ်းမှာ ဗီလိန်ခန်းက ပျောက်နေတယ်။ လူကြမ်းမင်းသားက သူ့လူတွေကို လွှတ်ပြီး မင်းသမီးကို ခြိမ်းခြောက်အန္တရာယ်ပေးကာ မင်းသမီးက အားကိုးရာမဲ့လို့ စိတ်အားငယ်တဲ့အချိန်မှာ ဘွားကနဲ ပေါ်လာပြီး ကယ်တင်ရှင် လုပ်နေသလား၊ ဒါမှမဟုတ် မကောင်းမှုလုပ်ဖန်များတော့ ဇောပြန်ပြီးအရိုးတွန်လို့ အမှန်တကယ် စိတ်ကောင်းဝင်နေသလား ခန့်မှန်းလို့ မရဘူး။

ဇာတ်ရှိန်က နည်းနည်းရလာတယ်။ ပြည်တွင်းပြည်ပ ပွဲကြည့်ပရိသတ်တွေက သံသယနဲ့ ကြည့်နေကြတယ်။ ယူရိုတို့၊ ယူအင်တို့ ယောင်ပြီး လက်ခုပ်တီးတယ်။ ထူးတာက ဒီဇာတ်ညွှန်းကနေ မြက်မြက်ကလေး အမြတ်ရကြမယ့် တရုတ်တို့၊ အိန္ဒိယတို့၊ အာဆီယံတို့က ဘေးကနေ အသံတိတ်နေကြတယ်။ ကျိတ်ကြံနေတာလား၊ အားပေးအားမြှောက်လုပ်နေတာလား၊ အကဲခတ်နေကြတာလားပေါ့။

ဘာပဲပြောပြော ဇာတ်လမ်းဆင်တယ်ဆိုကတည်းက အစစ်အမှန် မဟုတ်ပါဘူး။ ပြည်သူတွေက ပွဲကြည့်ပြီးယင် ပုံမှန်ဘဝကို ရင်ဆိုင်ရမှာပါ။ အဲဒီပုံမှန်ဘဝကပဲ အရေးကြီးပါတယ်။

စစ်အစိုးရမှာ အနည်ကျနေတဲ့ စရိုက်တစ်ခု ရှိပါတယ်။ အဲဒါက ဘယ်နည်းနဲ့မှ အရှုံးမပေးဘူး၊ ဘယ်တော့မှ နောက်မဆုတ်ဘူးဆိုတာပါပဲ။ လက်ရှိကြံ့ဖွတ်အစိုးရဟာ အရင်က စစ်အစိုးရနဲ့ လုပ်ဟန်ကိုင်ဟန်မထူးဘူးဆိုယင် ဒီအနုသယကလည်း ထူးလာမှာမဟုတ်ပါဘူး။

၁။ ဒေါ်အောင်ဆန်းစုကြည်ကို အသားပေးပြီး ဆက်ဆံတာဟာ NLD ကို သဘောကျလို့ မဟုတ်ပါဘူး။ NLD ပါတီက ၂၀၀၈-ခုဥပဒေကို လက်မခံလို့ တရားမဝင်ဘူးဆိုယင် ဒီတရားမဝင်မှုဟာ ကြံ့ဖွတ်အစိုးရကလည်း တရားဝင်တယ်လို့ ကျေညာလို့မရပါဘူး။ ကျေညာယင်လည်း တရားမဝင်ပါဘူး။

၂။ NLD ပါတီကလည်း ပါတီရပ်တည်ချက်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေပါတယ်။ ဒီ ၂၀၀၈-ခုဥပဒေကို မထောက်ခံဘဲနဲ့ တရားဝင်ပါတီ ဖြစ်ကြောင်း ကြံ့ဖွတ်အစိုးရက ကျေညာမှာ မဟုတ်ပါဘူး။ ကျေညာခဲ့ယင်လည်း အခြေခံဥပဒေပြင်ပမှာ နိုင်ငံရေးပါတီတစ်ခု ရပ်တည်လို့ရနေသလို ဖြစ်သွားမှာပါ။

၃။ မတူကွဲပြားမှုကို ဘေးဖယ်ပြီး တူတာတွေကို အတူလုပ်ကြရအောင်ဆိုယင် NLD နဲ့ USDP တို့ အတူလုပ်နိုင်တဲ့အလုပ်က ဘုရားသွားကျောင်းတက်တာတစ်ခုပဲ ကျန်မှာပါ။

၄။ အခြေခံဥပဒေပြင်ဆင်ရေးဆွဲတာတို့၊ တစ်မတ်သားကိုယ်စားလှယ်အမတ်တွေကို ရုပ်သိမ်းတာတို့ ဖြစ်မလာဘူးဆိုယင် လုပ်သမျှအားလုံးဟာ တိုင်းပြည်အတွက် ဖြစ်မဖြစ် စိစစ်ရပါမယ်။

၅။ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိဇာတ်ညွှန်းအတိုင်း တစ်ခန်းတစ်ကဏ္ဍ ပါဝင်ချင်တယ်ဆိုယင် ဘယ်အခန်းက ပါမလဲ စဉ်းစားသင့်တယ်။ ဘယ်ဆွေးနွေးပွဲမှာ ကန့်သတ်ချက်ထားစရာမလိုဘူး၊ တိုင်းပြည်အတွက် အသုံးချခံရယင်လည်း ခံမှာပဲဆိုယင် ဒါဟာ ကြံ့ဖွတ်အစိုးရသည်းခြေကြိုက်စကားတွေပဲ ဖြစ်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ဖြစ်လို့ အသုံးချခံရယင် NLD ပါတီလည်း ခံရတာပါပဲ။ ပြည်သူတစ်ရပ်လုံးကလည်း ခံရတာပါပဲ။

၆။ ကြံ့ဖွတ်အစိုးရဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမှန်တကယ်လုပ်ဆောင်နေပါတယ် ဆိုယင် ၂၀၀၈-ခု အခြေခံဥပဒေကို စွဲစွဲမြဲမြဲ ကိုင်ဆွဲထားမှာ မဟုတ်ပါဘူး။ ကြံ့ဖွတ်အစိုးရဘက်က ကန့်သတ်ချက်တွေထားပြီး NLD ဘက်က ဘာမှ ကန့်သတ်ချက်မထားယင် နိုင်ငံရေးခြေကျွံဖို့ လွယ်လွယ်လေးပါ။

ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှအစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ပြတ်သားပါတယ်။ သူ ဘာကိုယူမလဲဆိုတာကို အသေအချာပြောပါတယ်။ ဘယ်အချက်က မရှိမဖြစ် လိုအပ်ပုံကိုလည်း ရှင်းရှင်းလင်းလင်း အသိပေးပါတယ်။ NLD နဲ့ USDP တို့ဆွေးနွေးသမျှကို ပြည်သူတွေကို အသိမပေးဘူးဆိုယင် အဆင်မပြေမှ အထုတ်ဖြေပြယင်လည်း အချိန်မီမှာ မဟုတ်ပါဘူး။

ဘာကန့်သတ်ချက်မှ မထားဘူး၊ ဆွေးနွေးတာကို ပြည်သူတွေကို အသိမပေးဘူးဆိုယင် ဒါက ရိုးသားဂုဏ် ယုတ်လျော့ပါတယ်။ အသိပေးစရာမရှိသေးလို့ အသိမပေးယင် ကိစ္စမရှိပါဘူး။ ရှိရက်သားနဲ့ နောက်ပြောစရာမရှိမှာစိုးလို့ တမင်ချန်ထားတာမျိုးဆိုယင် မဖြစ်သင့်ပါဘူး။

ဇာတ်ကတဲ့နေရာမှာ ကန့်လန့်ကာနောက်က အဖြစ်အပျက်နဲ့ ကန့်လန့်ကာရှေ့က မြင်ကွင်းမတူပုံကို သဘောပေါက်ပါတယ်။ ပရိသတ်တွေက အဆင်ပြေပြေကြည့်နိုင်ဖို့ ဇာတ်စင်နောက်က လူတွေ အလုပ်ရှုပ်ရပါတယ်။ စကားများရပါတယ်။ ရန်လည်း ဖြစ်ရပါတယ်။ စိတ်လည်း ညစ်ရပါတယ်။ ဒါပေမယ့် ပရိသတ်ရှေ့ရောက်တော့ ဖြစ်သမျှကို မေ့ပြီး ဇာတ်ညွှန်းဆရာ ပြောတဲ့အတိုင်း ကပြအသုံးတော်ခံကြရပါတယ်။

ဒါပေမယ့် နိုင်ငံရေးမှာ ပြောင်းပြန်ပါ။ နိုင်ငံရေးဆိုတာ ဖျော်ဖြေမှုတစ်ခု မဟုတ်ပါဘူး။ လက်တွေ့ဘဝတစ်ခုပါ။ ပရိသတ်ကြည့်ကောင်းရုံ လုပ်နေတာလည်း မဟုတ်ပါဘူး။ ဇာတ်စင်နောက်မှာ ကန့်လန့်ကာနောက်က ဘဝပေါင်းများစွာ၊ ဇာတ်စင်ရှေ့က ပွဲကြည့်ပရိသတ်ပေါင်းများစွာအတွက် ဘဝပြဿနာတွေကို ဖြေရှင်းရတဲ့အလုပ် ဖြစ်တယ်။

ဒီတော့ မသေချာယင် မစွန့်စားရဘူး။ အန္တရာယ်တွေထဲမှာ နိုင်ငံရေးစွန့်စားမှုဆိုတာ ကြောက်စရာအကောင်းဆုံးပါပဲ။ နိုင်ငံရေးမှာ အလောင်းအစားလည်း မလုပ်ကောင်းပါဘူး။ နိုင်ငံရေးမှာ ကျရှုံးယင် နလံထူဖို့ ခက်ပါတယ်။

ကြံ့ဖွတ်အစိုးရဟာ ဘာတစ်ခုမှ မပေးရဘဲ အဆင်ပြေနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဘာနိုင်ငံရေးမှ မဆွေးနွေးဘဲ နှစ်ပေါင်း(၂၀) ထိန်းနိုင်ခဲ့ပါတယ်။ အခုလည်း ဘာကိုမှ မပေးရဘဲ ဝအဖွဲ့ခွဲတစ်ခုနဲ့ မိုင်လားအဖွဲ့ကို စည်းရုံးနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ ပြောစရာရှိလာပါတယ်။ ကြံ့ဖွတ်အစိုးရက…

၁။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို စွန့်လွှတ်ခိုင်းပြီး ၂၀၀၈-ခုဥပဒေကို လက်ခံခိုင်းပါတယ်။

၂။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို NLD နဲ့ UNFC တို့နဲ့အတူ လုပ်သင့်ရက်သားနဲ့ ခွဲပြီး တိုက်နေတယ်။

၃။ သွေးခွဲအုပ်ချုပ်ရေးစနစ်ကို လက်ကိုင်ထားပြီး သိမ်သိမ်မွေ့မွေ့နဲ့ နိုင်ငံရေးကစားနေတယ်။

ပေါ်လွင်တဲ့ ဥပမာတစ်ခုကို ပြရယင် ကချင်နဲ့ ဆွေးနွေးခဲ့ပုံကို မြင်ပါ။ ဝ၊မိုင်လားနဲ့ အပစ်ရပ်ပုံကို ကြည့်ပါ။ အပစ်ရပ်ဖို့ ရှောရှောရှူရှူတွန်းအားပေးနေပုံကို ကြည့်ပါ။ လူငယ်စကားနဲ့ ပြောယင် မင်း…ငါ့ကို ချစ်ချစ် မချစ်ချစ် ငါ့ကို အဖြေပေးယင် ရပြီလို့ ပြောနေသလိုမျိုးပါ။ တန်ဖိုးထားလို့ အဖြေရချင်တာမဟုတ်ဘဲ လူသိရှင်ကြားသတင်းစကားပါးနိုင်ဖို့က အရေးကြီးနေပုံပါပဲ။

ကချင်ကို မျှားခေါ်တယ်၊ ပါမလာတော့ မင်းမဟုတ်ယင်လည်း ဘာဖြစ်လဲ၊ ဝနဲ့မိုင်လား ရှိကြသေးတယ်၊ ဒီလိုအချိုးမျိုး ချိုးသွားတာပဲ မဟုတ်လား။ တိုင်းရင်းသားအရေးကို အမှန်တကယ် အလေးထားတယ်ဆိုယင် UNFC အဖွဲ့ရှိနေတာ ဝမ်းသာစရာပါပဲ။ တိုင်းရင်းသားတွေက စုစုစည်းစည်းနဲ့ တိုင်ပင်ဆွေးနွေးချင်ယင်လည်း ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုသင့်တယ်မဟုတ်လား။

UNFC လို အဖွဲ့မျိုးကို အရေးကြီးတယ်လို့ မသတ်မှတ်ယင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း အလေးထားရာမရောက်ပါဘူး။ UNFC က တစုတစည်းနဲ့ ဆွေးနွေးချင်တယ်လို့ ပြောယင် UNFC သဘောဆန္ဒမပါဘဲ အခြားအဖွဲ့ခွဲများနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်လာယင်တောင် စဉ်းစားသင့်မှ စဉ်းစားရပါလိမ့်မယ်။ UNFC ကို သေးသိမ်အောင် လုပ်ပြီး တိုင်းရင်းသားတွေကို အလေးထားပါတယ်လို့ ပြောလည်း အပိုပါပဲ။ ကြံ့ဖွတ်အစိုးရ လူကြီးလူကောင်းမဆန်ပုံကို ပြောတာပါ။

တိုင်းရင်းသားအရေးမှာ သူတို့သဘောထားမမှန်ယင် NLD ကိုလည်း စိတ်ကောင်းထားပါ့မလား။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပုံ၊ နိုင်ငံတကာကိုယ်စားလှယ်တွေ အဝင်အထွက်ရှိပုံတို့ကို ကြည့်ယင် မျောက်ပြဆန်တောင်းနေမှန်း သိသာပါတယ်။

အဖွဲ့အစည်းအချင်းချင်း အမှန်တကယ် လေးစားကြတယ်ဆိုယင် အဲဒီအဖွဲ့အစည်းရဲ့့စံနှုန်းကို တန်ဖိုးထားကြရတယ်။ ပြဿနာကို အမှန်တကယ် ဖြေရှင်းချင်တယ်ဆိုယင် အမှန်တကယ်ရှိနေတဲ့ပြဿနာတွေကို အသိအမှတ်ပြုကြရတယ်။ အမှန်ကို လိုချင်တယ်ဆိုယင်လည်း ဘယ်အချက်က မှားခဲ့လဲ၊ မှားနေလဲ ထောက်ပြကြရတယ်။

လူနာရှိနေတာကို အသိအမှတ်မပြုဘူး၊ ရောဂါအကြောင်း မဆွေးနွေးရဘူး၊ ဆေးမြည်းတိုအကြောင်း နည်းမပေးရဘူး၊ ငါ့မှာ ခေါင်းကိုက်ရောဂါရှိနေတာ ငါလည်း မပြောရဘူး၊ မင်းမှာ အစာအိမ်ရောဂါရှိယင်လည်း ကွန်းပလိန်းမတက်ရဘူး၊ မင်းရောဂါကိုလည်း မကုပါနဲ့ဦး၊ ငါ့ရောဂါကိုလည်း မကုဘဲ ထားလိုက်ပါဦးမယ်၊ ဒို့နှစ်ယောက် အင်အားချည့်နဲ့နေယင်လည်း ရှိတဲ့အင်အားနဲ့ ဆန္ဒတူတဲ့ လုပ်ငန်းတစ်ခုကို မငြီးမငြူး လုပ်ကြရမယ်ဆိုယင် ဘာဖြစ်သွားမလဲ။

အဆိုးမြင်တဲ့လူနဲ့ အကောင်းမြင်တဲ့လူနှစ်ယောက်က အမှန်တရားကို မျက်ကွယ်ပြုပြီး အတူလက်တွဲကြစို့ဆိုယင် တိုင်းပြည်အတွက် ဘာကောင်းကျိုးမှ ဖြစ်လာမှာမဟုတ်ဘူး။ ဆင်းရဲတွင်းနက်လာဖို့ပဲ ရှိကြပါရော့မယ်။ နဂိုကတည်းက ဗြဟ္မစိုးတရားနဲ့ လက်တွဲခဲ့ကြတာမဟုတ်လို့ ခေါင်းကိုက်လို့၊ အစာအိမ်နာလို့ တစ်ယောက်ယောက်က ကိစ္စချောသွားယင်လည်း ဆုံးရှုံးစရာလို့ သဘောထားကြတာမှ မဟုတ်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် တွေ့ကြတယ်။ ဘာကို ဆွေးနွေးခဲ့ကြလဲ သိခွင့်မရပါ။ စီးပွားရေးဖိုရမ်ကို အတူတက်ကြတယ်။ ဘာအတွက်လည်း မသိသေးပါ။ ဝနဲ့မိုင်လားတွေ အပစ်ရပ်ကြတယ်။ အစိုးရရုံးတွေ အဲဒီနယ်တဝိုက်မှာ ပြန်ဖွင့်ဖို့ဆိုတယ်။ မြန်မာအစိုးရက တိုင်းရင်းသားတွေနဲ့ အမှန်တကယ်ငြိမ်းချမ်းလိုကြောင်း အီးယူကိုယ်စားလှယ်က ယုံကြည်တယ်။ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးဘဲ၊ တစ်တိုင်းပြည်လုံး အပစ်မရပ်သေးဘဲ၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲအတွက် အဆင်သင့်မဖြစ်သေးဘဲ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်ထားသင့်ဖြစ်ကြောင်း ဗားဂျီးနီးယားပြည်နယ်အမတ် ဂျမ်ဝက်က အဆိုပြုနေပြီ။

နှစ်ပေါင်းကြာလာတော့ ပြည်တွင်းပြည်ပနိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရော၊ ပြည်တွင်းနဲ့နိုင်ငံတကာအစိုးရတွေပါ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအရင်းအမြစ်ကို မျက်ခြေပြတ်စပြုလာပြီလို့ ဆိုရမှာဖြစ်တယ်။ ကြံ့ဖွတ်အရေခြုံစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြရုံနဲ့၊ ဖိုရမ်တွေ လုပ်ပြရုံနဲ့၊ လွှတ်တော်မှာ အိုက်တင်လုပ်ပြရုံနဲ့ အာရုံတွေ ထွေပြားကုန်ပြီ။

သွေးလား၊ လေလား၊ ပယောဂလား စာအုပ်ကို ဖတ်ဖူးပါတယ်။ ပယောဂကုယင် စုန်းလား၊ ကဝေလား၊ နတ်လား၊ တစ္ဆေလား သိနိုင်ဖို့ အဆင့်သတ်မှတ်ချက် ရှိပါတယ်။ ရောဂါစစ်တဲ့အချိန် အဆင့်(၅)လောက် ကြမ်းယင် အင်မတန် ကုရလွယ်ပါတယ်။ အဆင့်(၁)၊ ဒါမှမဟုတ် သိမ်သိမ်မွေ့မွေ့နဲ့ တုန့်ပြန်တဲ့လူနာမျိုးဆိုယင် အင်မတန်သတိထားရပါတယ်။ လူနာကို ခန့်မှန်းရခက်လို့ ကုဖို့လည်း ခက်ပါတယ်။

အဲဒီလို လူနာမျိုးက မာယာလည်း များပါတယ်။ ဘာရောဂါမှ မရှိသလိုလည်း နေပြတတ်တယ်။ သူက အပြုစားခံရသလိုမျိုးလည်း ပုံမှားရိုက်တတ်တယ်။ ရောဂါစစ်ဆေးလို့ မဖြစ်မနေ ဝန်ခံရယင်လည်း လူနာ့ကိုယ်မှာ ကြာကြာနေရဖို့ အချိန်ဆွဲပါတယ်။ တစ်ခါတလေ ဆရာ့ကိုလည်း မလိမ်တပတ်လုပ်ပါတယ်။ လူနာ့ဆီက သူထွက်တော့မှာ ဖြစ်ကြောင်း ပြောပြီး လျှို့ဝှက်ကျန်နေခဲ့တာလည်း ရှိပါတယ်။ လူနာကို ရေရှည် ဒုက္ခပေးသွားတတ်ပါတယ်။

အနုသယဆိုတာ သိမ်မွေ့ပါတယ်။ အနည်ကျနေတဲ့ကိလေသာများဖြစ်လို့ သူရှိနေမှန်း မသိအောင် နေပြတတ်တယ်။ သူက ပြဿနာမလုပ်ကြောင်းလည်း ထင်ယောင်ထင်မှားလုပ်တတ်ပါတယ်။ ဒါပေမယ့် အခွင့်အခါရတိုင်း သူက လက်မနှေးပါဘူး။ လက်ဦးမှု ရယူတတ်ပါတယ်။ ဒါကြောင့် သီလနဲ့ တဒင်္ဂပယ်ရုံမျှ မနိုင်ပါဘူး။ သမာဓိနဲ့ ဖော်ထုတ်ကန့်သတ်လိုက်ရုံနဲ့လည်း မပြီးပါဘူး။ ပညာနဲ့ အပြီးအပိုင် ဖယ်ရှားပစ်မှာပဲ အမှန်တကယ်ငြိမ်းချမ်းမှာပါ။

အခုလည်း မြန်မာ့နိုင်ငံရေးက အဲဒီအတိုင်းပါပဲ။ သိမ်မွေ့လာတယ်။ ခန့်မှန်းရခက်လာတယ်။ လူတွေရော၊ ဆရာသမားတွေပါ ဇဝေါဇဝါတွေ ဖြစ်ကုန်တယ်။ ယာယီအပစ်ရပ်ရုံ၊ ယာယီတွေ့ကြရုံနဲ့ မရပါဘူး။ ပြဿနာတွေကို ဖော်ထုတ်ပြီး ကန့်သတ်ဖြေရှင်းရုံနဲ့လည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မရနိုင်ပါဘူး။

လွတ်လပ်ရေးရကတည်းက အနည်ကျနေတဲ့ပြဿနာတွေ ရှိပါတယ်။ အဲဒီပြဿနာတွေကတော့ လူမျိုးတန်းတူရေးပြဿနာ၊ ဒီမိုကရေစီရေးပြဿနာ၊ လူအခွင့်အရေးပြဿနာတွေပါပဲ။

ဒီပြဿနာတွေ မရှိပါဘူးပြောတဲ့လူတွေ ရှိချင်နေမယ်၊ လူမှုရေးပြဿနာတွေကို ဖြေရှင်းလိုက်ယင် လူမျိုးရေးပြဿနာတွေကိုလည်း ဖြေရှင်းရာရောက်ပြီလို့ ပြောချင်တဲ့လူတွေလည်း ရှိမှာပဲ။

ဒီမိုကရေစီရေးကို အရင်ဖြေရှင်းပါ။ ပြီးမှ တိုင်းရင်းသားပြဿနာကို ဖြေရှင်းကြမယ်လို့ အဆိုပြုသူတွေလည်း ပေါ်လာမှာပဲ။

ဒါပေမယ် သေချာတာတစ်ခု ရှိတယ်။ ရှိသမျှရောဂါအားလုံးကို ကုပြီးမှ ကျန်းမာလာမယ်ဆိုတာပါပဲ။ အပူငုပ်အပုပ်အစပ်ပါမကျန် ရောဂါစင်အောင် ကုရမှာပါ။ သွေးကြောင့် ဖြစ်တဲ့ရောဂါ (လူမျိုးရေး)၊ လေကြောင့် ဖြစ်တဲ့ရောဂါ (ဒီမိုကရေစီရေး)၊ ပယောဂကြောင့်ဖြစ်တဲ့ရောဂါ (လူ့အခွင့်အရေး) ဒီရောဂါတွေအားလုံးကို မသိကျိုးကျွံ ပြုလို့ မရပါဘူး။

ဘယ်လောက်သိမ်မွေ့နက်နဲတယ်ဆိုလည်း ကုနည်းရှိပါတယ်။ လူနာနဲ့တူတဲ့ တိုင်းနိုင်ငံကို ကြည့်ယင် နာတာရှည်ရောဂါ ဖြစ်နေကြောင်း ဆရာက သိပါတယ်။ ကပ်စားကပ်ဖားတွေကြောင့် နိုင်ငံက ချွတ်ခြုံကျနေမှန်းလည်း ဆရာက မြင်ပါတယ်။ ဆရာက သိရက်သားနဲ့ ပယောဂလေသံကို နားယောင်ပြီး မကောင်းဆိုးဝါးကို ယုံမသွားဖို့ပါပဲ။ မကောင်းဆိုးဝါးရဲ့အသုံးချမှုကို မခံရအောင် သတိဆောင်သင့်တယ်။ ဆရာ့စည်းကို လုံအောင် လုပ်ထားသင့်တယ်။ ဆရာ့စည်းပျက်ယင် ဆရာလည်း ဒုက္ခရောက်ရသလို လူနာလည်း အသက်ပျောက်ရပါလိမ့်မယ်လို့ တင်ပြလိုက်ပါတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

“မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။ “၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း ဒီနေ့ပဲ တီးစေချင်ကြ အစာတောင်း ငှက်ကလေးတွေလို လက်ခုပ်သံကို ဆာလောင်” …

%d bloggers like this: