spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းစပါးခင်းများတွင်ကျရောက်သည့်ခရုမျိုးစိတ်သစ် ဖျက်ဆီးမှုလျှော့နည်းလာ

    စပါးခင်းများတွင်ကျရောက်သည့်ခရုမျိုးစိတ်သစ် ဖျက်ဆီးမှုလျှော့နည်းလာ

    -

    မင်းတော်လဝီ – မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်ရှိစပါးခင်းများတွင် လွန်ခဲ့သည့်လပိုင်း၌ ခရုမျိုးစိတ်သစ်တမျိုးကျ ရောက်ဖျက်ဆီးမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါမှာစပါးပင်အခြအနေမှာ ကြီးရင့်လာသောကြောင့် ပျက်ဆီးမှုအခြေအနေနည်းပါးလာပြီဟု ဒေသခံလယ်သမားများထံမှ သိရသည်။

     ရွှေရောင်ခရုအမျိုးအစား ( ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်း အေဂျင်စီ)
    ရွှေရောင်ခရုအမျိုးအစား

    “ပျိုးခင်း၊ စိုက်ခင်းသစ်၊ အပင်အရွက်နုချိန်မှာ အပျက်များခဲ့တယ်၊ လယ်မြေပြုပြင်ချိန်လည်းဖြစ် မြက်လည်းမရှိတော့ ဒီခရုတွေကက စပါးပျိုးခင်းပြောင်းစိုက်စအပင်၊ အပင်ပွားအနုတွေကို စားနေတော့ စပါးရာသီအစောပိုင်းမှာ တော်တော်ပျက်စီးသွားရတယ်” ဟု ခရုဖျက်ဆီးခံရသော နတ်မှော်ရွာမှ လယ်ရှင်တဦးက ပြောသည်။

    လယ်သမားများသည် လယ်လုပ်ငန်း၏အစ အရေးကြီးဆုံး ပျိုးပင်ရှင်သန်ကြီးထွားရေးအတွက် အလေးပေးဆောင်ရွက်နေသည့်ကြားက မျက်ခြေပြတ်သွားတာကြောင့်လည်း ပျိုးခင်းတခင်းလုံး ပျက်စီးသွားသည်ဟု ပျိုးခင်းအဖျက်ခံရသည့် ချောင်းဆုံမြို့မှ လယ်သမားတဦးက ပြောသည်။

    “နတ်မှော် ချောင်းဆုံကားလမ်းအနောက် ရေနက်ကွင်းမှာ စိုက်ဖို့ပျိုးခင်းစောစော ထောင်လိုက်တာ ပျိုးခင်းကွက် တစ်ဧကနီးပါး ညအခါမှာ ခရုကိုက်လိုက်တာ အားလုံးကုန်သွားတယ်၊ စိုက်ခင်း ၆ ဧကစိုက်ဖို့ ပျိုးခင်းကုန်သွား တော့ ပျိုးပင် လိုက်ဝယ်လိုက်ရတယ်” ဟု အထက်ပါလယ်သမားက ပြောသည်။

    ၄င်းအဖျက်ဆီးခံလိုက်ရသည့်ပျိုးခင်းတစ်ကွက်တွင် ပိုးသတ်ဆေး၊ ထုံး၊ ဆားဖြင့် တမျိုးမျိုးဖြင့် နှိမ်နင်းလိုက်သောအခါ ခရုများသေကျေသွားပြီး “ဂေါ်ပိုက်ရင်တွန်း” ဖြင့်စုဆောင်းလိုက်သည့်အခါ ဓာတ်မြေသြဇာ သုံးလေးအိတ်ခန့် စုဆောင်းရမိသည်ဟု ၄င်းလယ်သမားက ပြောသည်။

    အဆိုပါခရုသည် ချောင်းဆုံမြို့နယ်ရှိ ကျေးရွာအုပ်စုအများအပြားတွင် ကျရောက်ခဲ့ပြီး အထူးသဖြင့် ရေချိုရေငန်စပ်လယ်မြေ၊ ရေချိုလယ်မြေများတည်ရှိသည့် မြစ်ဝနှင့် ပင်လယ်စပ်ရှိ လယ်မြေများတွင် ကျရောက်မှုများပြားသည်ဟု သိရသည်။

    ချောင်းဆုံမြို့နယ်အတွင်းရှိ ဟင်္သာကျွန်း၊ ကညှော်၊ ချောင်းဆုံ၊ တကူကနား၊ ကလယ်ဘို့၊ ကပ်မနဲ၊ ပိုင်ကဒါး၊ကော့ဒွတ်၊ ခရိုက်သစ်၊ ကလယ်ဘီ၊ ကော့ကဒိုက်၊ ကွမ်လှာ၊ တောကပိုး၊ ကမာကေး၊ ရွာလွတ်၊ မူဒူး ၊နတ်မှော် စသည့်ကျေးရွာများမှာ ကျရောက်ဖျက်ဆီးမှုရှိခဲ့ရာတွင် သက်ဆိုင်ရာဌာနအကြီးအကဲများက ပျက်စီးမှုဧကထုတ်ပြောဆိုရန်ခွင့် မပြုကြောင်း ချောင်းဆုံမြို့၊ မြန်မာ့ စိုက်ပျိုးရေးရုံးမှ ဝန်ထမ်း တဦးက ပြောသည်။

    ရွှေရောင်ခရုအမျိုးအစားနှင့် ၄င်း၏ဥများ  ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ရွှေရောင်ခရုအမျိုးအစားနှင့် ၄င်း၏ဥများ

    ယခုကျရောက်သောခရုမျိုးစိတ်သစ်မှာ (Golden apple snails) ရွှေရောင်ခရုအမျိုးအစားဖြစ်ကြောင်း လယ်ကွင်းတွင်တွေ့နေကျ မြေကြီးအရောင်ရှိ ခရုမျိုးကဲ့သို့ အရွယ်အစားမျိုးစိတ်တူဖြစ်ကြောင်း၊ ရေမြေ ဒေသကွာခြားမှုကြောင့် အရွယ်အစားအကြီးအသေးကွာခြားနေကြောင်း၊ ရိုးရိုးခရု၏ဥမှာ အဖြူဖြစ်ပြီး၊ ရွှေရောင်ခရုဥသည် ပန်းရောင်၊ အရွယ်ရောက်အကောင်မှာ ရွှေဝါရောင်၊ နီကျင်ကျင်အရောင်ဖြစ်ကြောင်း၊ ၄င်းသက်တမ်းကာလမှာ တစ်လခွဲမှ နှစ်လခန့်ကြာမြင့်တတ်ပြီး ဖျက်ဆီးနိုင်မှုအဆင့်မှာ အကောင်ပေါက်ခါစမှ သက်တမ်းတလျှောက်ဖြစ်ကြောင်း၊ ၄င်းအစာအဖြစ် မြက်ပင် စပါးပင်များဖြစ်ကြောင်း မြန်မာနိုင်ငံစိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပိုးမွှားကာကွယ်ရေးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

    ချောင်းဆုံမြို့နယ်တွင် ဇွန်လမှစတင်၍ ၄င်းခရုမျိုးစိပ်သစ်နှိင်နင်းရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုမ်နင်းလာခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်သည်လည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ဟု သိရသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts