spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းအမေရိကန် အထူးကိုယ်စားလှယ်၏ တိုက်တွန်းချက်ကို တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို

    အမေရိကန် အထူးကိုယ်စားလှယ်၏ တိုက်တွန်းချက်ကို တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို

    -

    ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်က တိုင်းရင်းသား ဒေသများမှ အခွင့်အရေး ချိုးဖောက်မှုှုများကို စုံစမ်းစစ်ဆေးမည့် အဖွဲ့အစည်းတရပ် ထူထောင်ရန် အစိုးရကို တိုက်တွန်းခဲ့သည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ကြိုဆို ထောက်ခံလိုက်ကြသည်။

    Mr. Derek Mitchell ရန်ကုန်လေဆိပ်တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
    Mr. Derek Mitchell ရန်ကုန်လေဆိပ်တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်

    ဒဲရက် မစ်ချဲလ်၏ ခရီးစဉ် ၅ ရက်ပြီးမြောက်သည့် စက်တင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် “အမျိုးသားပြန်လည် သင့်မြတ်ရေးကို မြှင့်တင်ရန်အတွက် ပထမအဆင့်အနေနှင့် တိုင်းရင်းသား လူနည်းစုဒေသများမှ တရားပြုကျင့်မှုများအကြောင်း စုံစမ်းစစ်ဆေးရန် တရားဝင်ပြီးယုံကြည် ကိုးစားရသည့် ယန္တရားတရပ် ထူထောင်ရန် အရေးကြီးကြောင်း” မြန်မာအစိုးရကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

    “သူ(ဒဲရက် မစ်ချဲလ်) တိုက်တွန်းတဲ့အချက်က ဖြစ်သင့်တဲ့အရာတခုပဲ၊ ကြိုလည်း ကြိုဆိုတယ်၊ လူထုကို တကယ် ကိုယ်စားပြုတဲ့ အစိုးရတရပ်အနေနဲ့လည်း အဲဒီအချက်ကို လိုက်နာ လုပ်ဆောင်သင့်တယ်” ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    တိုင်းရင်းသားဒေသများ အတွင်း ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းရန် ပထမအဆင့် အနေနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် ဥပဒေစိုးမိုးမှုရှိရန်အတွက် အစိုးရအပေါ် ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကလည်း ထောက်ခံလိုက်သည်။

    ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က “တိုင်းရင်းသားဒေသက ဗမာအစိုးရကနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုနေသလိုပဲ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း တချို့ဒေသမှာဆို လူ့အခွင့်အရေး ချိုးဖောက်တာရှိတယ် ဒါကို အစိုးရအနေနဲ့ ကိုယ်တွင်ဖြေရှင်းသင့်တယ်” ဟု ပြောသည်။

    ထို့အတူ ရှမ်းပြည်နယ်တပ်မတော် (မြောက်ပိုင်း) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက လည်း အမှန်တကယ် ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမှန်အတိုင်း တွေ့မြင်နိုင်ရန်အတွက် တကယ့်စစ်မှန်သည့် ပြည်သူ့အကျိုးဆောင်ရွက်မည့် ကော်မတီတရပ် ဖွဲ့စည်းရန် လိုသည်ဟု ပြောသည်။

    လောလောဆယ်တွင် မြန်မာအစိုးရသစ်က အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ်ကို အငြိမ်းစား အရာရှိကြီးများဖြင့် ဖွဲ့စည်းထားသော်လည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် မဟုတ်ဟု ယူဆသူများ ရှိနေသည်။

    ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက လည်း မြန်မာအစိုးရ၏ တိုင်းရင်းသား လူမျိုးနွယ်စုများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် Commission of Inquiry (CoI) ဖွဲ့စည်းရေးကို တောင်းဆိုထားသည်။

    ထိုတောင်းဆိုချက်ကို အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံခန့်က ထောက်ခံထားပြီး ယင်း အစီအစဉ်ကို ၂၀၁၀ ခုနှစ်၊ မတ်လပိုင်းမှ စတင် အဆိုပြုခဲ့ခြင်းဖြစ်သည်။

    မစ္စတာ ဒဲရက် မစ်ချဲလ်သည် တိုင်းရင်းသားဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေကို သာမက ခြွင်းချက်မရှိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအဖွဲ့များ ထိထွေ့ဆက်ဆံခြင်း တွေ့ဆုံဆွေးနွေးအပါအဝင် ပြုပြင်ပြောင်းလဲမှုနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိုပါ အဆိုပြုခဲ့ကြောင်း သူ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မစ္စတာ ဒဲရက် မစ်ချဲလ်သည် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ်လာရောက်ခဲ့ပြီး အစိုးရအဖွဲ့မှ တာ၀န်ရှိသူများ၊ လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်။

    မစ္စတာ ဒဲရက် မစ်ချဲလ်ကို အမေရိကန် အစိုးရ၏ တိုက်ရိုက် ထိတွေ့ ဆက်ဆံရေး မူ၀ါဒအရ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် ၂၀၁၁ ခုနှစ် ဇွန်လက တရားဝင်ခန့်အပ်ခဲ့သည်။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts