spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဒဲရက် မစ်ချဲလ်ကို တိုင်းရင်းသားပါတီများ က အမျိုးသားရင်ကြားစေ့ရေး တင်ပြ

    ဒဲရက် မစ်ချဲလ်ကို တိုင်းရင်းသားပါတီများ က အမျိုးသားရင်ကြားစေ့ရေး တင်ပြ

    -

    ရိုင်မရော့၊ စက်တင်ဘာ ၁၃၊ ၂၀၁၁ – အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်နှင့် ၂၀၁၀ ရွေးကောက် ပွဲဝင် နိုင်ငံရေးပါတီများနှင့် ယနေ့ တွေ့ဆုံရာတွင် အမျိုးသားရင်ကြားစေ့ရေးကိစ္စ ကို အဓိက ဆွေးနွေး တင်ပြခဲ့ကြောင်း ချင်းအမျိုးသား ပါတီက ပြောသည်။

    အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်
    အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်မူဝါဒညှိနှိုင်းရေးမှူး ဒဲရက် မစ်ချဲလ်

    တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ဒဲရက် မစ်ချဲလ်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စနှင့် ပတ်သက် ပြီး အဓိက မေးမြန်းခဲ့ကာ တိုင်းရင်းသားပါတီများကလည်း ထိုကိစ္စအတွက် တိုင်းရင်းသားအခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြန်လည် ပြောကြားခဲ့သည်။

    “အမျိုးသားရင်ကြားစေ့ဖို့ ကိစ္စမှာ အဓိက တိုင်းရင်းသား၊ အစိုးရ၊ နိုင်ငံရေးပါတီတွေဖြစ်နေတော့ တိုင်းရင်းသားတွေ မပါဘဲနဲ့ တိုင်းရင်းသားတို့ရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘဲနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး ပြောခဲ့ တယ်”ဟု ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်းက ပြောသည်။

    ဒဲရက် မစ်ချဲလ်က တက်ရောက်လာသည့် နိုင်ငံရေးပါတီအသီးသီး၏ တင်ပြချက်များကိုလည်း လက်ခံဆွေးနွေးခဲ့ပြီး တိုင်းရင်း သား ပါတီများနှင့် တွေ့ဆုံရမှုအပေါ် ဝမ်းသာမိကြောင်း ပြောကြားခဲ့သည်ဟုလည်း ၎င်းက ပြောဆိုသည်။

    “ဒဲရက် မစ်ချဲလ်က တိုင်းရင်းသားအကြောင်းတွေကို သူသိသလောက်တော့ သိထားပါတယ်တဲ့၊ ဒါပေမယ့် အခုလို တိုင်းရင်း သား နိုင်ငံရေးပါတီတွေနဲ့ တိုက်ရိုက်တွေ့ပြီး ပါတီတွေရဲ့ဆန္ဒသဘောထားတွေကို သိရလို့ ဝမ်းသာကြောင်း ပြောတယ်”ဟု ဦးဇိုဇမ်းက ဆိုသည်။

    ယနေ့ တွေ့ဆုံပွဲသို့ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ဖလုံ-စဝေါ်ပါတီတို့ တက်ရောက်ခဲ့ကြသည်။

    ယခုကဲ့သို့ အမေရိကန် ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုသည် အခွင့်အလမ်းကောင်းတခုဖြစ် ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    နိုင်ငွေသိန်းက “တိုက်ပွဲဖြစ်နေတာ၊ ငတ်ပြတ်နေတာ ပြီးတော့ ပညာရေး၊ စီးပွားရေးအစရှိတဲ့ ပြဿနာတွေက တိုင်းရင်းသား ဒေသမှာ ဖြစ်နေတဲ့ ပြဿနာလေ၊ အဲဒီတော့ အမေရိကန် ကိုယ်စားလှယ် တယောက်အနေနဲ့ တိုင်းရင်းသားတွေနဲ့ တွေ့တယ် ဆိုတာ ကောင်းတယ်လို့ မြင်တယ်”ဟု ပြောဆိုသည်။

    မစ္စတာ ဒဲရက် မစ်ချဲလ်သည် စက်တင်ဘာ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြား တွေ့ဆုံခဲ့အပြီး တဆက်တည်း မှာပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

    တခြားသော နိုင်ငံရေး လှုပ်ရှားသူများဖြစ်သည့် Generation Wave မျိုးဆက်သစ်လူငယ်များ အစည်းအရုံး တည်ထောင်သူ ဟစ်ပ်ဟော့ပ် အဆိုတော် ကိုဇေယျာသော်၊ ဥပေဒေအကြံပေး ပုဂ္ဂိုလ် ရှေ့နေ ဦးအောင်သိန်း၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမြတ်သူ၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများ ကွန်ရက်က ဦးမောင်မောင်လေးတို့နှင့်လည်း ဒဲရက် မစ်ချဲလ် က တွေ့ဆုံခဲ့သည်။

    မစ္စတာ ဒဲရက် မစ်ချဲလ်သည် စက်တင်ဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး နေပြည်တော်၌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ နယ်စပ် ရေးရာ ၀န်ကြီးဋ္ဌာနနှင့် မြန်မာ့ စက်မှုဖွံဖြိုးရေး၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားရေးရာ၀န်ကြီးဋ္ဌာနနှင့် လူမှု၀န် ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ ဆုံဆွေးနွေးသည်။

    ထို့နောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ရုပ်ရှင်းမင်းသား ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်းနှင့် ရန်ကုန်တိုင်း တောင်ဒဂုံတွင် NLD ပါတီက ဖွင့်လှစ်ထားသည့် HIV-AIDS ဂေဟာကိုလည်း သွားရောက်ခဲ့သည်။

    မစ္စတာ မစ်ချဲလ်၏ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်သည် စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

    မစ္စတာ ဒဲရက် မစ်ချဲလ်ကို အမေရိကန် အစိုးရ၏ တိုက်ရိုက် ထိတွေ့ ဆက်ဆံရေး မူ၀ါဒအရ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ်အဖြစ် ၂၀၁၁ ခုနှစ် ဇွန်လက တရားဝင်ခန့်အပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts