spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းတရုတ် ပိုက်လိုင်းစီမံကိန်း ဖြတ်သန်းရာဒေသများတွင် မြေယာသိမ်းဆည်းမှုများ ဖြစ်ပွားနေ

    တရုတ် ပိုက်လိုင်းစီမံကိန်း ဖြတ်သန်းရာဒေသများတွင် မြေယာသိမ်းဆည်းမှုများ ဖြစ်ပွားနေ

    -

    ရိုင်မရော့ – တရုတ်နိုင်ငံ၏ ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ပြည်သူတို့၏ လယ်ယာမြေ များကို စစ်တပ်မှ အဓမ္မသိမ်းဆည်းမှုများ ရှိနေကြောင်း ရွှေသဘာဝ ဓာတ်ငွေ့လှုပ်ရှားမှုက ပြောကြားလိုက်သည်။ 

    ရခိုင်ပြည်နယ် မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းလမ်းကြောင်း တလျှောက်တွင် ဒေသခံပြည်သူတို့၏ လယ်ယာမြေများကို စစ်တပ်မှ သိမ်းဆည်းနေပြီး ပုဂ္ဂလိက ကုမ္ပဏီများသို့ တဆင့်ပြန်လည်ရောင်းချမှုလည်း ရှိနေသည်ဟုလည်း ရွှေဂတ်စ် က ပြောသည်။

    ထိုစီမံကိန်းအတွက် ပြည်သူတို့၏ လယ်ယာခြံမြေများကို အာဏာပိုင်တို့မှ တိုက်ရိုက် သိမ်းပိုက်မှုများရှိနေသလို သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်ရှိ ကုမ္ပဏီများမှ သိမ်းပိုက်မှုများပြုလုပ်နေတာရှိသည်ဟုလည်း ၎င်းက ပြောသည်။

    “နောက်ဆုံးစာရင်းကောက်ခံချက်အရ လယ်မြေဧက ၆၀၀ ကျော် အသိမ်းခံထားရတာရှိတယ်၊ စစ်တပ်ကသိမ်းတာရှိသလို ကုမ္ပဏီက သိမ်းတာလဲရှိတယ်” ဟု ရွှေသဘာဝ ဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မဖြိုးဖြိုးက ပြောသည်။

    ရွှေသဘာဝ ဓာတ်ငွေ့လှုပ်ရှားမှု (Shwe Gas Movement) သည် လူထုအခြေပြု အဖွဲ့အစည်းတခုဖြစ်ပြီး၊ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းနှင့် မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် ပိုက်လိုင်းစီမံကိန်း အချက်အလက်များကို အနီးကပ်စောင့်ကြည့်နေသည့်အဖွဲ့ဖြစ်သည်။

    ရွှေဂတ်စ်လှုပ်ရှားမှု ခေါင်းဆောင် ဦးဝင်းအောင် ကလည်း ကုမ္ပဏီအချို့မှ သိမ်းယူသည့် မြေများအတွက် ထိုက်သင့်သည့် လျော်ကြေးပေးသော်လည်း အာဏာပိုင်မှ တဆင့် ဒေသခံများကို ပေးအပ်ရာတွင် အပြည့်အဝ မရသည့် အဖြစ်များလည်း ရှိနေသည်ဟု ပြောသည်။

    “အသိမ်းခံရတဲ့ လယ်မြေတွေက ထိုက်သင့်သလောက်မရဘူး၊ ကာလပေါက်စျေးရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရတယ်” ဟု ၎င်းက ပြောသည်။

    ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကိစ္စ ကြေညာပြီး မကြာခင်မှာပင် ဂုံးချွိန်ကျေးရွာတွင် နေထိုင်သူပြည်သူများကို စီမံကိန်းအတွက် သူတို့ပိုင်မြေများကို အသုံးပြုရန် လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် လွန်းသီ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးနှင့် ဗိုလ်ချုပ်မြင့်ဆွေ အပါအဝင် မြန်မာ၊ တရုတ်နှင့် ကိုရီးယားကုမ္ပဏီ ကိုယ်စားလှယ်များနှင့် အစိုးရအရာရှိများက အသိပေးပြောကြားခဲ့သည်ဟု ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့မှ ယနေ့ထုတ်ပြန်သည့် “အကုန်ရောင်းတဲ့ မူဝါဒ” အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

    နယ်မြေအခြေချ တပ်ရင်းများက ဒေသခံတို့၏ လယ်ယာခြံမြေများကို စစ်တပ်၏ သေနတ်ပစ်ကွင်း ဆောက်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် မြေများသိမ်းခဲ့ကာ ပုဂ္ဂလိက လုပ်ငန်းရှင်များလက်သို့ လွှဲပြောင်း ပေးခြင်း ရှိနေသည်ဟု လည်း အစီရင်ခံစာတွင် ပါရှိသည်။

    သာဓက အဖြစ်အပျက် တစ်ခုအနေဖြင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ခန့်က ခလရ (၃၄) မှ စစ်တပ်များက စစ်တပ် သေနတ်ပစ်ကွင်းဖောက်ရန် အကြောင်းပြချက်ဖြင့် မိသားစု ၅ စုပိုင် မြေကို သိမ်းယူခဲ့ပြီး တပတ်အတွင်းမှာပင် စီမံကိန်းဒေသရှိ ဒေဝူးအင်တာနေရှင်နယ်ကုမ္ပဏီထံ လွှဲပြောင်းရောင်းချခဲ့သည် ဟု လည်း ဖေါ်ပြခဲ့သည်။

    စီမံကိန်းဒေသ တလျှောက်ဖြစ်ပျက်နေသည့် လယ်ယာမြေသိမ်းဆည်းမှုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်ထံ တိုင်ကြားသော်လည်း တစုံတရာ အရေးယူပေးခြင်းမရှိကြောင်းလည်း ပါရှိသည်။

    ဓါတ်ငွေ့ပိုက်လိုင်း စတင်ရာ ရခိုင်ပြည်နယ် သာမကပဲ ဖြတ်သန်းသွားမည့် မြန်မာနိုင်ငံ အလယ်ပိုင်း တလျှောက်နှင့် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်တို့တွင်လည်း အစပျိုးရှင်းလင်းခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် မြေသိမ်းယူမှုများ ဖြစ်ပေါ်နေကြောင်းကိုလည်း အစီရင်ခံစာအရ သိရှိရသည်။

    သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရပိုင် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)မှ တာ၀န်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး ဆက်နွယ်နေသည့် ရွှေဓါတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းတွင် တောင်ကိုရီးယားနိုင်ငံမှ ဒေဝူး ကုမ္ပဏီ၊ အိန္ဒိယနိုင်ငံ မှ ONGC Videsh ကုမ္ပဏီ၊ Gas Authority of India-GAIL၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE တို့ ပူးတွဲ လုပ်ဆောင်နေခြင်းဖြစ်သည်။

    မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၀ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ဘက်မှလည်းကောင်း စက်တင်ဘာလတွင် တရုတ်နိုင်ငံဖက်မှ လည်းကောင်း စတင်တည်ဆောက်ခဲ့သည်။ ထိုစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင် လည်ပတ်နိုင်မည်ဟု မျှော်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts