spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ပါတီဟောင်းက ပါတီသစ်နှင့် အမျိုးသားရေး ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိ

    မွန်ပါတီဟောင်းက ပါတီသစ်နှင့် အမျိုးသားရေး ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒရှိ

    -

    အာကာ – ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် မိမိလူမျိုးစုအရေးအတွက် လက်ရှိ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၀င် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် ပူးပေါင်းလုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF က ပြောသည်။

    MNDF ဒု-ဥက္ကဌ နိုင်ငွေသိမ်း
    MNDF ဒု-ဥက္ကဌ နိုင်ငွေသိမ်း

    “ဒီမိုကရေစီအရေးနှင့် ပတ်သက်ရင် ဘယ်သူနဲ့မဆို လက်တွဲနိုင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ လူမျိုးစုအရေးအတွက် ဆိုရင် အခုရွေးကောက်ပွဲ ဝင်တဲ့ မွန်ပါတီနဲ့လည်း ပူးပေါင်းလုပ်ဆောင်သင့်တာ လုပ်ရလိမ့်မယ်” ဟု MNDF ဒု-ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို လက်မခံသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြန်လည် မှတ်ပုံမတင်ခဲ့သည့် MNDF က AMDP ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည်နှင့် ပတ်သက်ပြီး ဆန့်ကျင် ပြောဆိုခြင်း မရှိကြောင်းလည်း သူက ပြောသည်။

    “ကိုယ်ယုံကြည်သလို ကိုယ်လုပ်လို့ ရပါတယ်၊ ကိုယ့်နည်းနဲ့ ကိုယ်လည်း လုပ်လို့ရပါတယ်၊ ကျနော်တို့ ဘာမှ ကွန့်ကွက် ပြောဆိုစရာ မရှိပါဘူး” ဟု နိုင်ငွေသိမ်းက ပြောသည်။

    ရွေးကောက်ပွဲ အကြိုကာလက ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချနိုင်ရန် MNDF အပါအဝင် ပြည်တွင်းရှိ မွန်ခေါင်းဆောင်အချို့၊ မွန်ပြည်သစ်ပါတီဝင်ဟောင်းအချို့နှင့် အငြိမ်းစားအစိုးရဝန်ထမ်းများ ပါဝင်သည့် ၁၅ ဦး ကော်မတီကို ၂၀၀၉ ခုနှစ် ဇွန်လကုန်ပိုင်းက စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ခုနှစ် မတ်လကုန်တွင် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်ခဲ့ရာမှ ရွေးကောက်ပွဲ ဝင်လိုသူများက ဧပြီလ ၇ ရက်နေ့တွင် AMDP ကို ဖွဲ့စည်းလိုက်ခြင်းကြောင့် ပြည်တွင်း မွန်နိုင်ငံရေးပါတီ ၂ ခု ဖြစ်ခဲ့သည်။

    လက်ရှိတွင် MNDF က ရွေးကောက်ပွဲ မဝင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ပါတီတချို့နှင့် ပူးပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP တွင်လည်းကောင်း၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့ UNA တွင်လည်းကောင်း လှုပ်ရှားလျက် ရှိပြီး AMDP က ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းကာ လှုပ်ရှားလျက် ရှိသည်။

    MNDF အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲ၀င် တိုင်းရင်းသားပါတီဟောင်း ၈ ပါတီက ၎င်းတို့အား အစိုးရက တရား၀င်ပါတီအဖြင့် အသိအမှတ် ပြုစေလိုကြောင်း အပါအဝင် စစ်ဖြစ်နေသော တိုင်းရင်းသားဒေသများတွင် လူအခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများနှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးတို့ ပါဝင်သည့် တောင်းဆိုချက် ၄ ချက်ပါ ပေးစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တားနားထံ သြဂုတ်လ ၂၄ ရက်နေ့တွင် တင်ပြတောင်းဆိုထားသည်။

    လက်ရှိတွင် MNDF အနေဖြင့် အဖွဲ့၀င်အင်အား အများအပြားရှိသည့်ပြင် အစည်းအေ၀းများ ပုံမှန် ခေါ်ယူကာ လှုပ်ရှားမှုများကို လုပ်ဆောင်နေကြောင်းလည်း နိုင်ငွေသိမ်းက ပြောသည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့့၌ စတင်ဖွဲ့စည်းကာ ၁၉၉၀ ရွေးကောက်ပွဲတွင် အမတ် ၁၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမတ် ၅ နေရာ အနိုင်ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးခံရကာ ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။

     

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts