မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News

ဖိအား

ရေးသားသူ:

(ဗညားရံ) – အမှန်တကယ် အလုပ်လုပ်တော့မယ်ဆိုယင် ပုံမှန်အားဖြင့် ရန်သူရဲ့ဖိအားကိုပဲ အဓိကထားလေ့ ရှိပါတယ်။ မိမိအသင်းအဖွဲ့ကို ဖျက်ဆီးဖို့ ရန်သူက နောက်တွန့်နေမှာ မဟုတ်ပါဘူး။ ဒါကို လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဘယ်ရန်သူမဆို မိမိရဲ့ရန်သူကို အကြောင်းမသိဘဲ ဝင်ရောက်တိုက်ခိုက်လေ့ မရှိပါဘူး။ အချိန်နဲ့ အခွင့်ကို စောင့်လေ့ ရှိကြပါတယ်။

နောက်ပြီး ရန်သူဟာ တစ်ဖက်အဖွဲ့အစည်းရဲ့ အားနည်းချက်ကို အမိအရ အသုံးချပြီး ဦးညွန့်ကျိုးအောင် လုပ်လေ့ရှိပါတယ်။ စည်းလုံးမှုမှာ အားနည်းတာလည်း ရှိမယ်၊ လူသားအရင်းအမြစ်မှာ အားနည်းတာလည်း ရှိမယ်၊ ရန်ပုံငွေမှာ အားနည်းတာလည်း ရှိမယ်၊ ဆက်သွယ်ရေးမှာ အားနည်းတာလည်း ရှိမယ်၊ မဟာဗျူဟာမှာ အားနည်းတာလည်း ရှိမယ်၊ နည်းဗျူဟာမှာ အားနည်းတာလည်း ရှိမယ်။

ရန်သူဟာ အားသာချက်ရှိတဲ့နေရာကို ရွေးပြီး တိုက်ကြသလို အားနည်းချက်ကို အမိအရကိုင်ပြီး ဖြိုတာလည်း ရှိပါတယ်။ တစ်ဖက်က စစ်ရေးအရ တော်နေမယ်ဆိုယင် စစ်ရေးအရ မတိုက်ဘဲ အခြားနိုင်ငံရေး သံတမန်ရေးဘက်ကို စွဲဆောင်ပြီး တိုက်လေ့ရှိပါတယ်။ တစ်ဖက်က နိုင်ငံရေး သံတမန်ရေးရာမှာ အင်အားသာယင် စစ်ရေးကို အရှိန်အဟုန်မြှင့်ပြီး တိုက်ကြပါတယ်။

ရန်သူက သွေးထိုးတဲ့နည်းကို သုံးလေ့ရှိပါတယ်။ ဥပမာ လူထုထောက်ခံမှုရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းကို ပါတီများ ခွဲထွက်အောင် လမ်းဖွင့်ပေးခြင်း၊ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့အဖွဲ့ကို အဖွဲ့တွင် ရန်တိုက်ပေးခြင်းများကို ပြုလုပ်လေ့ရှိတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအရ သွေးခွဲခံရပုံကို ကြည့်ပါ။ ကရင်အမျိုးသားအစည်းအရုံး နှစ်ခြမ်း ကွဲအောင် လုပ်နိုင်ခဲ့ပုံကို လေ့လာပါ။

ဒီနေရာမှာ ဖိအားကို ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေးအရ ခွဲထွက်အောင်၊ လူမျိုးရေးဘာသာရေးအရ ခွဲထွက်အောင် ရန်သူက ဖိအားပေးလို့ မရပါဘူး။ ဖိအားရအောင် တစ်ဖက်အားကိုပဲ အသုံးချရပါတယ်။ NLD နဲ့ KNU တို့ဟာ စစ်အစိုးရရဲ့ ခြေလှမ်းကို မသိမမြင်လို့ မဟုတ်ပါ။ စစ်အစိုးရ ဖန်တီးပေးတဲ့ အဖွဲ့တွင်းဖိအားကိုလည်း မသိလို့ မဟုတ်ပါ။ ဒါပေမယ့် သူတို့ကိုယ်တိုင်က သူတို့ရဲ့ ပါတီမူဝါဒနဲ့ အမျိုးသားရေးစိတ်ဓာတ်ကို မလွန်ဆန်နိုင်ခဲ့ဘူး။ ပါးပါးနပ်နပ် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ အရှက်ကို အသက်နဲ့လဲသူ ရှိသလို အသက်အတွက် အရှက်မရှိသူလည်း ရှိပါတယ်။

NLDကနေ ခွဲထွက်သွားတဲ့ ပါတီခွဲများ၊ အဲဒီပါတီကနေ ခွဲထွက်သွားတဲ့ အစွယ်အပွားများဟာ ရန်သူရဲ့ အကွက်ထဲ ဝင်နေမှန်း မသိကြပါဘူး။ သူတို့ကြောင့် နိုင်ငံရေးလမ်းကြောင်း ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် စည်းစည်းလုံးလုံး မဟုတ်တဲ့အတွက် အဲဒီအပြောင်းအလဲဟာ ရန်သူ့အားပေးဖို့ပဲ များပါတယ်။ အကောင်းဘက် ရောက်ဖို့ (ဒါမှမဟုတ်) လူထုဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ မလွယ်ပါဘူး။

၂၀၀၈-ခုနှစ် အခြေခံဥပဒေဟာ ၂၀၁၀ ဖိအားကို ဖြစ်ပေါ်စေခဲ့တယ်။ NLD ကွဲပါတယ်။ ၂၀၀၈-ခုနှစ်ဥပဒေနဲ့ပဲ ကိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်လာပြန်ပါတယ်။ အဖွဲ့အစည်းအသီးသီးဟာ မိမိတို့ရဲ့ ပြည်နယ်အစိုးရနဲ့ ဆက်သွယ်ကြဖို့ ပြောပါတယ်။ ဒါဟာ UNFC ကို ကွဲသွားအောင် ဖိအားပေးတာပါပဲ။ NLD နဲ့ UNFC တို့ အစဉ်တောင်းဆိုနေတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးကို မျက်ကွယ်ပြုပြီး ဒီအဖွဲ့ကြီးတွေကြား ဖိအားဖြစ်လာအောင်၊ အဖွဲ့တစ်ခုစီမှာလည်း အဖွဲ့တွင်းဖိအား ဖြစ်ပေါ်လာအောင် ဖန်တီးနေခြင်းဖြစ်တယ်။

မြန်မာအစိုးရကမ်းလှမ်းချက်ဟာ ရိုးသားမှုမရှိသလို စိတ်ချရဖို့လည်း မရှိပါဘူး။ ပြည်တွင်းနိုင်ငံရေးပဋိပက္ခ၊ ပြည်တွင်းစစ်ပဋိပက္ခကို သေးသိမ်းအောင် လုပ်ရုံမျှမကဘဲ သပ်လျှိုသွေးခွဲဖို့ ကြံစည်ခြင်းလည်း ဖြစ်ပါတယ်။ အနည်းဆုံး ပြည်တွင်းပါတီများနဲ့ နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များမှာ ဖိအားများ ဖြစ်ပေါ်လာပြီလို့ ထင်ပါတယ်။ သိန်းစိန်စကားကို ထောက်ကြည့်ယင် သိသာပါတယ်။ ကချင်လွတ်မြောက်ရေးပါတီကို ကချင်လူထုဆန္ဒအရ တည်ရှိနေတာမဟုတ်ဘူး ပြောပါတယ်။ ဒါဟာ စစ်အစိုးရရဲ့ ရည်ရွယ်ချက်အစစ်အမှန်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို သူ့ကို ထောက်ခံတဲ့လူတွေဆီက နဂ္ဂတစ်ဖိအားဖြစ်အောင် ကြံစည်နေတာပါ။

ဒါတင်မကဘဲ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေလည်း ဌာနေပြန်ခွင့်ပြုကြောင်း ကျေညာလိုက်ပါတယ်။ ဒါလည်း ပြည်ပရောက်တွေအတွက် ဖိအားရှိလာပါတယ်။ အခွင့်အရေးသမားတွေဟာ ကိုယ်ကျိုးရှိယင် ပြန်မယ်၊ မရှိယင် မပြန်ဘူး ဒီလိုပဲ ဆုံးဖြတ်ကြမှာပါ။ တကယ့်နိုင်ငံရေးသမားတွေကတော့ ဌာနေပြန်ဖို့ ပိုပြီး စိတ်ဝင်စားကြမှာပါ။ ဒါပေမယ့် နှစ်ပေါင်း (၂၀) ကျော် ပြည်ပမှာ ရောက်ရှိနေတဲ့အတွက် စစ်အစိုးရကို နဖူးတွေ့ဒူးတွေ့ ဆက်ဆံဖူးခြင်း မရှိကြပါဘူး။ နောက်ပြီး ပြည်ပရောက်တွေမှာပဲ စိတ်ထားအနည်းငယ် ပြောင်းလဲလာပေမယ့် စစ်အစိုးရကတော့ မူဝါဒ မပြောင်းလဲပါဘူး။ နည်းဗျူဟာပဲ ပြောင်းလဲတာပါ။ ဒီတော့ မြန်မာပြည်နဲ့ အဆက်ပြတ်နေလို့ စစ်အစိုးရရဲ့ သရုပ်သကန်အမှန်ကို မသိနိုင်ကြပါဘူး။ ရွှေဝါရောင် တော်လှန်ရေး အနှောင်းပိုင်းမှာ ထွက်လာကြတဲ့လူတွေကျတော့ စစ်အစိုးရသဘောသဘာဝကို သိဖို့ ပိုနီးစပ်ပါတယ်။ ဒီတော့ ပြန်ရေး မပြန်ရေး ဖိအားတွေ ဖြစ်လာပါတယ်။

ဖိအားကတော့ ဒီမျှနဲ့ ပြီးမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ဗမာတွေရော ဗမာမဟုတ်တဲ့လူမျိုးတွေရော ဒီလိုပဲ လက်ခံထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မနှိုင်းကောင်းပေမယ့် မဖြစ်မနေ နှိုင်းရယင် ဗိုလ်ချုပ်နဲ့ ဒေါ်စုတို့ဟာ ဗမာလူထုရဲ့ ထောက်ခံမှုရတာချင်းလည်း တူပါတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ ယုံကြည်မှုကို ရရှိတဲ့နေရာမှာလည်း ဆင်တူပါတယ်။ ဗိုလ်ချျပ်က ပထမလွတ်လပ်ရေး၊ ဒေါ်စုက ဒုတိယလွတ်လပ်ရေး လွတ်လပ်ရေးတိုက်ပွဲအရလည်း ဆင်တူပါတယ်။ ဗိုလ်ချုပ်ရဲ့ ပထမလွတ်လပ်ရေးတော်လှန်ရေးမှာ ကွန်မျူနစ်များ၊ ဆိုရှယ်လစ်များအပါအဝင် အဖွဲ့အစည်းအသီးသီးတို့က တခဲနက် ထောက်ခံကြသလို လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာလည်း ဒေါ်စုကို မဆလပါတီဟောင်း တစညအပါအဝင် ကွန်မျူနစ်အမာခံများအဆုံး ပြည်သူတစ်ရပ်လုံးက လက်ခံကြပါတယ်။

ဒါပေမယ့် မတူတာက ဗိုလ်ချုပ်အောင်ဆန်းက နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ်ရတာပါ။ ဒေါ်စုကတော့ သူ့ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ တိုက်ပွဲဝင်နေရတာပါ။ ကြမ်းတမ်းမှုရော အနစ်နာခံမှုရော ဒေါ်စုက များစွာ ပေးဆပ်ရပါတယ်။ နောက်ပြီး နယ်ချဲ့အင်္ဂလိပ်တို့က လူသားချင်းစာနာထောက်ထားမှု အနည်းငယ် ပြသတတ်ပါတယ်။ တပ်မတော်အစိုးရက အင်္ဂလိပ်အစိုးရလောက်တောင် မိမိပြည်သူလူထုကို မေတ္တာစေတနာ မထားနိုင်ပါဘူး။ နောက်ဆုံး မတူတာက အတွေးအခေါ်ပိုင်းပါ။ ဗိုလ်ချုပ်က ရေတိုတော်လှန်းရေးတစ်ခုကို ပုံဖော်ခဲ့ပြီး ဒေါ်စုက အကြမ်းမဖက်လမ်းစဉ်နဲ့ ရေရှည်တိုက်ပွဲတစ်ခုကို မိတ်ဆက်ပေးနေတာပါ။ အထင်ရှားဆုံးက ဗိုလ်ချုပ်က ယောကျာင်္သားဖြစ်ပြီး ဒေါ်စုက မိန်းမသားဖြစ်လို့ပါပဲ။

လက်ရှိအချိန်မှာ စစ်အစိုးရက ဖိအားတွေ ဖန်တီးပေးနေပါတယ်။ ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအသီးသီးကိုလည်းကောင်း၊ လက်နက်ကိုင် မကိုင် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးကိုလည်းကောင်း ဖိအားတွေ ရှိလာပါပြီ။ စစ်အစိုးရ ကစားတဲ့ အကွက်တွေထဲမှာ ဒီအကွက်က အကောင်းဆုံးလို့ ဆိုပါရစေ။ အကောင်းဆုံးတိုက်ကွက်ဖြစ်လို့ အတွင်းအားကနေ ဖြစ်ပေါ်စေမယ့် ဖိအားတွေကလည်း ပြင်းထန်နေမှာပါ။ ဒီအတွင်းအား ဒီဖိအားကို သုံးပြီး အာဆီယံမှာ သိုင်းလောကဂိုဏ်းချျပ် လုပ်ဖို့ သိန်းစိန်အစိုးရ ကြံနေတာပါ။

လက်ရှိမှာ မြန်မာက အာဆီယံဥက္ကဋ္ဌ ဖြစ်မဖြစ်ဆိုသည်မှာ နောက်ထပ်အဖွဲ့ခွဲတွေ ထွက်မထွက်အပေါ်မှာ မူတည်ပါတယ်။ ပြည်ပရောက်များက ဌာနေကို ပြန်ကြမယ်ဆိုယင် ပွဲကြီးပွဲကောင်းလို့ ဆိုပါရစေ။

ပွဲကြီးပွဲကောင်းဆိုလို့ စစ်အစိုးရက အထိနာမယ်မထင်ပါ။ ပြည်ပရောက် နိုင်ငံရေးဂုရုကြီးတွေက မြန်မာပြည်ကို ပြန်ရောက်ယင် ဘာလုပ်ကြမလဲ။ သိန်းစိန်အကြံပေးတွေက တီတိုး ပြောပြလို့ ပြီးနေလောက်ပါပြီ။ စာရေးသူက ခန့်မှန်းမိသလောက် ပြောရယင်။

၁။ နောက် ရွေးကောက်ပွဲမှာ ပါတီပေါင်း (၁၀၀) မျှ ထပ်တိုးလာစရာ ရှိတယ်။

၂။ နိုင်ငံရေးထီးဖြူဆောင်းဖို့ ဒေါ်စုကို ချဉ်းကပ်ကြမယ်။

၃။ ဒေါ်စုကပဲ လူတွေကို စုနိုင်ကြလို့ ဒေါ်စုကိုပဲ အကြပ်ကိုင်ပြီး မိမိလုပ်စေလိုတဲ့မူဝါဒများကို လက်ခံဖို့ ဖိအားတွေ ပေးပါလိမ့်မယ်။ ဒေါ်စုက လက်မခံယင် သစ္စာဖောက်လို့ စွပ်စွဲဖို့ ဝန်လေးကြမှာ မဟုတ်ဘူး။

၄။ ဒေါ်စုဟာ ထောင်တွင်းနိုင်ငံရေးသမားများကို အားကိုးနိုင်သလောက်၊ ပြည်သူများကို အားကို့လို့ ရနိုင်သလောက် ပြည်ပမှ ပြန်လာသူများကို အားကိုးလို့ ရမယ် မထင်ပါဘူး။

၅။ ပြည်ပရောက်နိုင်ငံရေးသမားတွေက နိုင်ငံရေးလွတ်လပ်ခွင့်မရှိယင်၊ လုံခြုံမှုမရှိယင် ပြန်ကြမှာမဟုတ်ဘဲ အတုအယောင်များ၊ အခွင့်အရေးသမားများသာ ပြန်ကြမှာမို့ ဒေါ်စုအတွက် ဖိအားပိုများဖို့ပဲ ရှိပါလိမ့်မယ်။

ဒါကြောင့် ရှိသမျှဖိအားဟာ ဒေါ်စုအပေါ်မှာ ရှိနေပါတယ်။ စစ်အစိုးရနဲ့ စကားပြောဆိုတာကအစ မကြိုက်လို့ ဝေဖန်သံတွေ နည်းနည်းကြားလာရပြီ။ ဒါဟာ ဖိအားရဲ့အစပါ။ ဒေါ်စုနဲ့ စစ်အစိုးရ တွေ့ဆုံမှုတွေ များလာလေလေ ဒေါ်စုအတွက် ဖိအားတွေ များလာလေလေပဲ ဖြစ်ပါတယ်။ စစ်အစိုးရ တိုက်ရိုက်ပေးတဲ့ဖိအားကို နှစ်ပေါင်း (၂၀) ကျော် ဒေါ်စု ခံနိုင်ရည် ရှိခဲ့ပါတယ်။ အခုလောလောဆယ်မှာ စစ်အစိုးရဘက်က ဖိအားတွေ နည်းလာသည်နှင့်အမျှ အတိုက်အခံတွေရဲ့ဖိအားက များပါလိမ့်မယ်။ အဲဒီအတိုက်အခံအင်အားစုများရဲ့အားဟာ စစ်အစိုးရရဲ့သွယ်ဝိုက်ဖိအားများသာ ဖြစ်ပါလိမ့်မယ်။

စာရေးသူအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ဖိအားကြောင့် သိန်းစိန်စစ်အစိုးရက လုပ်ဆောင်နေခြင်းဖြစ်ပြီး တန်ပြန်ဖိအား ဖြစ်အောင် ကြံစည်နေကြောင်း၊ သိန်းစိန်အစိုးရရဲ့ဖိအားကို မကြောက်ဘဲ တန်ပြန်ဖိအားကိုသာ စိုးရိမ်မိကြောင်း၊ ဒီဖိအားများကို မျိုးချစ်နိုင်ငံရေးသမားများ၊ မျိုးချစ်တိုင်းရင်းသားခေါင်းဆောင်များ၊ မိဘပြည်သူများက သတိထားရမှာဖြစ်ပြီး မိမိကိုယ်တိုင် စစ်အစိုးရအလိုကျ ယင်းဖိအားကို မပေးမိဖို့ အရေးကြီးကြောင်း ဆွေးနွေးချင်ပါတယ်။

 

About မွန်သတင်းအေဂျင်စီ

Check Also

စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

“မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။ “၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း ဒီနေ့ပဲ တီးစေချင်ကြ အစာတောင်း ငှက်ကလေးတွေလို လက်ခုပ်သံကို ဆာလောင်” …

%d bloggers like this: