မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လယ်သမားများလွတ်လပ်ခွင့်

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လယ်သမားများလွတ်လပ်ခွင့်

ရေးသားသူ:

မင်းတော်လ၀ီ
အစိုးရအသစ်နှင့် မူဝါဒအဟောင်း

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လယ်ယာကဏ္ဍထုတ်လုပ်မှု တိုး တက်လာရေးသည်အဓိကကျသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့်

လှည်းလမ်းလော၊ လယ်ကွင်းပြင်လော
လှည်းလမ်းလော၊ လယ်ကွင်းပြင်လော

ဆည်မြောင်း၀န်ကြီး ဦးမြင့်လှိုင်က ဇူ လိုင်လ၂၆ ရက်နေ့က ပြည်နယ်အဆင့်မြေစာရင်း၀န်ထမ်းများကို နေပြည်တော်မှာ တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ လယ်ယာကဏ္ဍထုတ်လုပ်မှု တိုးတက်ရန်အတွက် သီးနှံအထွက်တိုးမည့် နည်းလမ်းများ လိုက်နာရန် ချမှတ်ပေးထားပြီးဖြစ်သကဲ့သို့ သီးနှံစံပြကွက််ကြီးများကို လေ့လာနိုင်ရန်လည်း ဝန်ကြီးဌာနမှ စိုက်ပျိုးပြသထားပြီး ဖြစ်သည်။ သို့သော် သီးနှံများ အထွက်တိုးရန် လိုက်နာရမည့်အချက်များနှင့် စံပြကွက်လုပ်ပြသရုံနှင့် လက်တွေ့မှာ တကယ်တမ်း သီးနှံများ အထွက်တိုးလာနိုင်မှာလား စသည်ဖြင့် လယ်သမားများအကြား မေးခွန်းထုတ်စရာ ဖြစ်နေကြသည်။

နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍထုတ်လုပ်မှု တိုးတက်ရေးကို အစိုးရအဆက်ဆက်က တစိုက်မတ်မတ် လုပ်ခဲ့ကြပေမယ့် လယ်ယာကဏ္ဍကုုန်ထုတ်မှာ ထင်ရှားပေါ်လွင်သည့် တိုးတက်မှု မရှိခဲ့သလို လယ်သမားများ၏ ဆင်းရဲနွမ်းပါးမှုများလည်း လျှော့ကျ မသွားသေးပါ။ယခုအခါမှာ ဆင်းရဲနွမ်းပါးမှု လျှော့ကျရေးအတွက် သီးနှံအထွက်တိုးရေးတခုအပေါ်မှာပဲ တွန်းတွန်းတိုက်တိုက် မလုပ်သင့်ပဲ လယ်သမားများ၏အခွင့်အရေး ရပိုင်ခွင့်များနှင့်လွတ်လပ်မှု၊ လွတ်လပ်ခြင်းများကိုလည်း ဖေါ်ဆောင်ပေးသင့်ကြောင်း အင်တာဗျူးမေးမြန်းရာတွင် လယ်သမားများက ပြောကြားကြသည်။

အနိမ့်အမြင့်မတူညီသောလယ်ကွင်းပြင်ကျယ်
အနိမ့်အမြင့်မတူညီသောလယ်ကွင်းပြင်ကျယ်

“မြန်မာနိုင်ငံမှာ သီးနှံ ထွက်တိုးရေးစီးမံကိန်းတွေ အမျိုးမျိုး ချမှတ်ဆောင်ရွက်ခဲ့ဘူးပါတယ် သီးနှံ အ ထွက်တိုးဖို့အချက် (၁၀) ချက်နဲ့စပါးအထွက်တိုးစီမံကိန်းကို ၁၉၇၀ခုနှစ်မှာ လုပ်ခဲ့တယ်၊ နောက်ကမ္ဘာ့ ဘဏ်အကူအညီနှင့် ၁၉၇၅ ခုနှစ်မှာ စပါး (၁) စပါး (၂) စီမံကိန်းတွေ လုပ်ခဲ့ပြန်တယ်၊ ရည်မှန်းချက်အတိုင်း မအောင်မြင်ခဲ့ဘူး၊ လယ်သမားများ ရပိုင်ခွင့််နှင့် လွတ်လပ်ခွင့်မရှိခဲ့တဲ့ စစ်အာဏာအောက်မှာ ကျရောက်ခဲ့ရတဲ့အခြေအနေကြောင့် မအောင်မြင်ခဲ့သည့်အချက်ပဲ” ဟု ၁၉၇၀ခုနှစ် စပါးအထွက်တိုး စတင် ဆောင်ရွက်ခဲ့ပြီး၂၀၀၅ ခုနှစ်အထိ တာ၀န်ထမ်းဆောင်ခဲ့သူ အငြိမ်းစား စိုက်ပျိုးရေးအရာရှိတဦးက ပြောသည်။

ယခုအခါမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သီးနှံအထွက်တိုးမှ ဖြစ်မည်ဟု ဤစီမံကိန်းကြီးကို ဖေါ်ဆောင်သောအစိုးရက ယုံကြည်လျှက် ယခင်ချမှတ်ခဲ့သည့် အထွက်တိုး အချက် (၁၀) ချက်မှ ယခုအစိုးရသစ် လက်ထက်မှာ (၁၄) ချက်ဖြင့် လိုက်နာစေပြန်သည်။ ထို့အပြင် လယ်သမားများအတွက် စိုက်ပိုျးရေးစရိတ်ချေးငွေကိုလည်း တစ်ဧကကျပ်နှစ်သောင်းမှ လေးသောင်းထိ တိုးချေးပေးဖို့ရှိသည် ဆိုသည့်အကြောင်းကို လယ်ယာစိုက်ပိုျးရေးနှင့် ဆည်မြောင်း၀န်ကြီး ဦးမြင့်လှိုင်က ဇူလိုင်လ (၂၆) ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်နယ်တိုင်းမြေစာရင်းမှူးများ အစည်းအေ၀းမှာ ပြောကြားခဲ့သလို သြဂုတ်လ (၁၂) ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာလည်း ပြန်ကြားရေး၀န်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းက ပြောခဲ့ပြန်သည်။

“မနှစ်က မိုးစပါးတစ်ဧက၏ ကုန်ကျစရိတ်မှာ မျိုး၊ စိုက်ပျိုးစရိတ်၊ ဓါတ်မြေသြဇာအပါအ၀င် ကျပ် (၈၀၀၀၀) ခန့် ကုန်ကျခဲ့သော်လည်း ယခုနှစ်မှာ ကျပ် (၉၀၀၀၀) ကျော် တစ်သိန်းနီးပါး ကုန်ကျနေတယ်၊ ဒီနှစ် စိုက်ပျိုး ချိန်လွန်သွားလို့ နောက်နှစ်ကျမှ ချေးငွေနှုန်းထားအသစ်နဲ့ရတော့မယ်တဲ့၊ နောက်နှစ်မှာလည်း လယ်လုပ်ခ ဆက်ကြီးနေတော့ သိပ်မထူးဘူး” ဟု မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းရွာ စပါးအဆင့်မြင့်စိုက်ကွင်းက ဒေသခံလယ်သမားတဦးက ပြောသည်။

ထို့အပြင် နိုင်ငံတော်က မျှော်မှန်းထားသည့် သီးနှံအထွက်တိုးရေးနှင့် အရည်အသွေးမြင့်သီးနှံများ ရရှိရေးအတွက် နိုင်ငံတော်က ပြုလုပ်ပြသထားသည့် စံပြကွက်ကြီးများကို နမူနာယူဖို့ ပြသထားသော်လည်း လက်တွေ့ စိုက်ပျိုးနေသည့် လယ်သမား ၊ယာသမား၊ ဥယျာဉ်ခြံသမားနှင့် နှစ်ရှည်ခြံသမားများအဖို့ ကုန် ကျစရိတ် ကြီးမားပြီး အစိုးရက စိုက်ပျိုးပြသထားသည့် စံပြကွက်ကဲ့သို့လိုက်နာဆောင်ရွက်ရန် ငွေရေးကြေးရေး အခက်ခဲကြောင့် မလုပ်နိုင်ဖြစ်နေကြသည်။ အမှန်မှာ သီးနှံအထွက်တိုးရန် အစိုးရက ဘယ်မျှပံ့ပိုးပေးနိုင်သလဲဆိုသည့်အပေါ်မှာ မူတည်နေသည်ဟုလည်း လယ်သမားများကြားမှာ တောင်းဆိုမှုများ၊ ေ၀ဖန်မှုများ ရှိနေကြသည်။

လယ်သမားများအတွက် အခွင့်အရေး

အကူအညီဟု ဆိုရာမှာ ငွေကြေး၊ သွင်းအားစုများဖြစ်တဲ့ မျိုး၊ ဓါတ်မြေ၊ ပိုးသတ်ဆေး၊ လုပ်ငန်းသုံး စက်ကရိယာများနှင့် စိုက်ပျိုးရေးဗဟုသုတ ပညာများအပြင် လယ်သမားကို ကာကွယ်ပေးမယ့် ဥပဒေကိုလည်း ပြဌာန်းပေးဖို့ လိုအပ်သလို လယ်သမားအကျိုးကို ဆောင်ရွက်ပေးနိုင်မယ့် လယ် သမားသမဂ္ဂအဖွဲ့ကိုလည်း ဖွဲ့စည်းခွင့်ရရှိဖို့လယ်သမားများ လိုလားနေတဲ့အရာများပဲ” ဟု ကျိုက်ထိုမြို့နယ် ကော့ထင်းရွာအဆင့်မြင့် လယ်ယာမြေ (၁၈၀) ဧက စိုက်ကွင်းမှာ ပါ၀င်နေသူ B.Ag စိုက်ပျိုးရေးဘွဲ့ရ လယ်လုပ်ငန်းမှာ လုပ်နေသူတဦးက ပြောသည်။

မြန်မာ့သမိုင်းစဉ်တလျှောက်လုံးတွင် ဆင်းရဲတွင်းနက်ခဲ့ရသည့် လယ်သမားဘ၀ကို ဆင်းရဲနွမ်းပါးမှုကို လျှော့ကျစေပြီး လူတန်းစေ့ဘ၀နှင့် နေနိုင်အောင် လုပ်ပေးနိုင်သည့် မည်သည့်အစိုးရကိုမဆို ပြည်သူ များက ကြည်ညို လေးစားပြီး “စံပြ” အစိုးရဟု သတ်မှတ်ကြမှာ အမှန်ပါ။ သို့သော် အစိုးရသက်တမ်း တခုအတွင်းမှာ လယ်သမားအတွက်ကို တခုခုလုပ်ပြမှ တန်ကာကျမယ်ဟု တွေးပြီး “ဟန်ပြ” အဖြစ်နှင့် လုပ်မည်ဆိုက ယခင်မဆလ၊ န၀တ၊ နအဖအစိုးရ လက်ထက်ကဲ့သို့ပင် ထူးမခြားနားပဲ လယ်သမားများခမျာမှာ ဆင်းရဲတွင်း နက်သထက် ပိုနက်သွားရုံသာဖြစ်မည် ဟုလယ်သမားများက ေ၀ဖန်ထောက်ပြမှု ရှိနေသည်ကို အထက်ပါ ဘွဲ့ရလယ်လုပ်သူက ပြောသည်။

၂၀၁၁ခုနှစ် ဇူလိုင်လတတိယပတ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များစွာတွင် ရေကြီးဒဏ်ကြောင့် စပါးဧကများစွာ ပျက်စီးဆုံးရှုံးကြရသည်၊ ရေပြန်ကျသည့် အချိန်နောက်ကျသည့်အတွက် ပြန်စိုက်ဖို့ပျိုးပင်မရှိ၊ မျိုးစပါးအခက်အခဲနှင့် ငွေကြေးအကြပ်အတည်းကြောင့် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

“ဒီနှစ် ရေကြီးဒဏ် ဆိုးဆိုးရွားရွား ခံလိုက်ရတဲ့ ကျုပ်တို့ပဲခူးမြိုးနယ်မှာ စပါးဧကသောင်းချီ ပျက်စီး ခံသွားရပြီ ေ၀ါ၊ က၀၊ သနပ်ပင်၊ ဒိုက်ဦးမြို့နယ်များလည်း အများကြီး ပျက်ဆီးသွားပြီ၊ ဇူလိုင် ၂၆ ရက်နေ့က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရောက်လာပြီး ရေဘေးသင့်ခံရသူ များလာ ရောက်တွေ့ဆုံစဉ်က စိုက်စရိတ်တစ်ဧက ကျပ်၂၀၀၀၀ ကနေ ကျပ် ၄၀၀၀၀ ထိ တိုးချေးပေးဖို့တောင်းကြတယ်၊ အဖြေတော့မရသေးဘူး၊ မှတ်တော့သွားတယ်”ဟုသမ္မတခရီးစဉ်မှတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့််ပဲခူးမြိုး၁၉ ရပ်ကွက်အုပ်ခုျပ်ရေး အဖွဲ့၀င်တဦးက ပြောသည်။

မိသားစုလယ်မြေမှ စပါးပျိုးခင်းတစ်ခင်း
မိသားစုလယ်မြေမှ စပါးစိုက်ခင်း

“ဖြစ်သင့်တာက အခုစပါးဧကသောင်းချီ ပျက်စီးနေတဲ့ချိန်မှာ ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါ ဥစ္စာ ရင်လို ဥစ္စာရင်ခဲဖြစ်ဖို့ လိုတယ်၊ တောင်သူလယ်သမားများကို ပေးမယ့်အကူ အညီကို အချိန်နှင့် တပြေးညီဖြစ်ဖို့ လိုပါတယ်၊ စိုက်ပျိုးရေးအလုပ်က အချိန်ကန့်သတ်ချက် ရှိနေလို့ပါ၊ ပြုစုမှု၊ ကာကွယ်မှု၊ ဖြည့်ဆီးမှုတွေ အားလုံးက အချိန်အကန့်အသတ်နဲ့ချည်းဖြစ်တယ်” ဟု ရေကြီးဒဏ်ကြောင့် ပဲခူးမြိုးနယ် ကလိကွင်းတွင် စပါးဧက၂၀ကျော် ပျက်စီးဆုံးရူံး ခံရသူ ပဲခူးမြို့ မွန်စံပြရပ်ကွက်နေ လယ်သမားနိုင်မောင်ခင်က ပြောသည်။

“ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက်ပဲဖြစ်ဖြစ် လယ်သမားအကျိုးနဲ့ နိုင်ငံအကျိုးပဲဖြစ်ဖြစ် သီးနှံမျိုးစုံ စိုက်ပျိုးတဲ့အခါ အထွက်တိုးဖို့ အရည်သွေးမီဖို့က လို်အပ်တာ အမှန်ပါ၊ ဒီလယ် အလုပ်ကိုလုပ်ဖို့ လူ့အရင်းအမြစ် လုံလုံလောက်လောက် ရှိနေပြီးပဲ၊ လိုနေတာက လယ်သမားတွေ လွတ်လပ်ပျော်ရွှင်စွာနဲ့လုပ်ချင်စိတ်ရှိဖို့ ငွေကြေးအရင်းနှီး၊ သွင်အားစုပစ္စည်းနဲ့ လယ်သမားကို ကာအကွယ်ပေးသည့်ဥပဒေနဲ့လယ်သမားသမဂ္ဂပဲလိုတယ်”ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန စိုက်ပျိုးရေးစီမံကိန်း ဦးစီးဌာန (ရုံးချူပ်) မှ အငြိမ်းစား ညွှန်ကြားရေးမှူးတဦးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ လယ်သမားများ အလိုရှိဆုံးက မြေယာပိုင်ဆိုင်ခွင့်၊ သီးနှံစိတ်ကြိုက် စိုက်ပျိုးပိုင်ခွင့်၊ လွတ်လပ်စွာ ရောင်းချခွင့်နှင့် အကျိုးအမြတ် အာမခံချက်ရှိသော စျေးကွက်ရရှိဖို့ လိုအပ်မည်ဟု ထိုစိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှ။ူးက ဆက်ပြောသည်။

လယ်သမားများ၏ လယ်ယာမြေပိုင်ဆိုင်ခွင့်

လယ်ယာမြေကို အခြေခံပြီး မှီတင်း နေထိုင် အသက်မွေးသည့် လူအများစုကို ဆင်းရဲတွင်းက ထွက်နိုင်အောင် ကူညီပံ့ပိုးဖို့လိုလာပါသည်။ လယ်သမားတိုင်းကို သူဌေးဖြစ်အောင် လုပ်ပေးရမည်ဟု မဆိုလိုပါ။ သို့ သော် ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးပြီး လူတန်းစေ့နေနိုင်၊ စားနိုင်အောင် လုပ်ဆောင်ဖို့ ပထမဆုံးအဆင့်အဖြစ် အရေးကြီးဖြစ်နေသည်ဟုလည်း အငြိမ်းစားညွှန်းကြားရေးမှူးက ပြောသည်။

ထို့ အပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဆောင်ရွက်တော့မည် ဆိုလျှင် ထိပ်မှာ ပိတ်နေသည့် ရှုပ်ထွေးနေ သည့် လယ်ယာမြေပိုင်ဆိုင်မှုအခွင့်အရေးများ ရှင်းရှင်းလင်းလင်းဖြစ်အောင် အရင်ဆောင်ရွက်ဖို့ လိုလာသည်။ ဤကဲ့သို့ဆောင်ရွက်ရာမှာ အချို့သော နိုင်ငံများ၏ မြေယာပြုပြင် ပြောင်းလဲရေးကိစ္စများကို လေ့လာကြည့်ပြီး လိုအပ်သည်များကို နမူနာ ရယူနိုင်မည် ဖြစ်သည်။ ဥပမာ ထိုင်းနိုင်ငံကဲ့သို့ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို လယ်သမားလက်တွင်းမှာ ရှိပြီး သမ၀ါယမ သို့မဟုတ် အစုအဖွဲ့စနစ်ကို ထူထောင်ကာ ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး လွတ်လွတ်လပ်လပ်ဖြင့် မိမိတို့ ၏ စပါးသီးနှံကို ဝယ်ယူရောင်းချကြသည်။ လယ်သမား၊ ယာသမား၊ ခြံသမားက စိုက်ပျိုးရေး တခုတည်းသာ တာ၀န်ယူအာရုံစိုက်ရပြီး ကုန်ကျစရိတ်၊ ရိတ်သိမ်းစရိတ်ကို အစိုးရငွေချေးဘဏ် (သို့ မဟုတ်) ကုမ္ပဏီမှ တာဝန်ယူပြီး လယ်သမား၊ ယာသမား အကျိုးရှိစေမည့် ၀ယ်ယူရေးစနစ်ဖြင့် လုပ်နေကြသည်ကို ကန်ချနပူရီခရိုင် ထုံဖါဖွန်မြို့နယ် ခထီးလရွာက စိုက်ပျိုးရေးလုပ်ငန်းတွင် တွေ့ရသည်ဟု မြန်မာနိုင်ငံမြေစာရင်းဌာနဦးစီးဌာနမှာ ၀န်ထမ်းဘ၀တာ၀န် ထမ်းခဲ့ဘူးပြီး ယခုထိုင်းမြန်မာနယ်စပ်တွင် နေထိုင်သူ ဦးကျော်ရွှေ (အသက် ၇၅ နှစ်) က ပြောသည်။

“မြေယာအပေါ်မှာ အမှီပြုပြီး အသက်မွေး၀မ်းကျောင်းရသည့် ဆင်းရဲသားလယ်သမားများ မြေမဲ့ လယ်သမားများအတွက် မြေယာပြန်လည်ေ၀ငှခြင်းသည် မလုပ်မဖြစ် လုပ်သင့်တဲ့ကိစ္စလို့ မြင်ပါတယ်။ ဒါဟာ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးသာမက နိုင်ငံတော်တခုလုံးရဲ့ ဖွံ့ဖြိုးတိုတက်ရေးအတွက်ပါ အ ထောက်အကူဖြစ်စေပါတယ်” ဟု ဦးကျော်ရွှေက ဆက်ပြောသည်။

ကမ္ဘာ့တတိယနိုင်ငံများ (ဖွံ့ဖြိုးဆဲနိုင်ငံများ) လူများစုသည် ဆင်းရဲသားများသာ ဖြစ်ပြီး သူတို့သည်အဓိက အားဖြင့် တောနယ်တွေမှာနေထိုင်ကြပါ သည်။ သဘာ၀အားဖြင့် နိုင်ငံတခုမှာဆင်းရဲမွဲတေမှုကို လျှော့ချလျှင် တောနယ်တွေမှာ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဟာ အရေးပါသည်ဟု လည်း သူက ဆက်ပြောသည်။

ယခုအခါမှာ မြန်မာနိုင်ငံမှာ မြေလွတ်မြေရိုင်း၊ ပလပ်မြေ၊ ရေအောက်မြေ၊ မြေနုကျွန်းပေါ်နှင့် ကုန်းမြင့် လယ်ယာများကို ဖေါ်ထုတ်ခွင့်ပြုပြီး တိုင်းရင်းသားလုပ်ငန်းကြီးအမည်ခံ ငွေရှင်ကြေးရှင်လက်ထဲကို ထိုးအပ်ထားသည်။ လယ်ယာမြေေ၀ ခွဲပေးခြင်းအခွင့်အရေး လုံး၀မရရှိသည့် လယ်ယာမဲ့ တောနေ လူထုတွေမှာ လက်လုပ်လက်စားဘ၀နှင့်ပင် ဘ၀ဆက်ရှင်သန်ရင်း ဆင်းရဲမွဲတေဘ၀ကနေ မည်သို့မျှ လွတ်နိုင်ဘွယ်ရာမရှိ ဖြစ်နေရသည်။ ကျိုက်ထိုမြို့နယ် ကျိုက်ကသာရွာ မြေနုကျွန်းမြေနေရာကို ခွဲေ၀ နေရာချထားစဉ်က တိုင်းရင်းသားလုပ်ငန်းရှင်များ အမည်ခံကုမ္ပဏီများနှင့် နယ်မြေခံတပ်ရင်းများမှ လုပ်ခွင့်ရရှိသွားပြီး သာမန်အရပ်သား တောင်သူလယ်သမားအများစုက လုပ်ခွင့်မရခဲ့ ဖြစ်ခဲ့သည့်အကြောင်းကို မြေလုပ်ခွင့်မရခဲ့သည့် လယ်သမားတဦးက ပြောသည်။

ထို့ကြောင့် ယခင် ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံမှ သင်တန်းဆရာအဖြစ် ဆောင်ရွက် ခဲ့သည့် ကျေးလက်ပညာရေးဆိုင်ပညာရှင် အမေရိကန်လူမျိုး မစ္စတာဘိုကိတ်က တောနယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးမှုဟာ အဓိက ကျတဲ့လုပ်ဆောင်ချက်လို့ ဆိုခဲ့သည်။ ဆင်းရဲသားလယ်သမားများအတွက် လယ်ယာစိုက်ပျိုးရေး တိုးတက်လာ ခြင်းသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်သည်။ ဤကဲ့သို့လုပ်ဆောင်ခြင်းသည် လယ်သမားတဦးချင်းစီအတွက်သာမက တောနယ်စီးပွားရေးနှင့် နိုင်ငံတော်အဆင့် စီးပွားရေး နယ်ပယ်မှာပါ ဆင်းရဲနွမ်းပါးမှုကို အတိုင်းအတာတခုအထိ လျှော့ပါးစေနိုင်သည်ဟု ထိုပညာရှင်က ပြောခဲ့သည်။

ထို့ အပြင် လွတ်လပ်မှု၊ လွတ်လပ်ခြင်းတို့ တည်ရှိနေခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်းမှာ ပိုလို့ အကျိုးရှိအောင် ဆောင်ရွက်နိုင်ပါသည်။ လွတ်လပ်မှု လွတ်လပ်ခြင်းကို တည်ရှိနေနိုင်ဖို့ ဒီမိုကရေစီ ဖွံ့ဖြိုးမှုရှိမှသာ ပိုမိုအောင်မြင်မှာ ဖြစ်သည်။ ဖိနှိပ်မှုဆိုသည်မှာ အမျို့အစား စုံလင်လှပြီး ဖိနှိပ်မှုမျိုးစုံကို တလွှာပြီး တလွှာခွါချနိုင်မှသာ ဖွံ့ဖြိုးတိုးတက်ခြင်းကို ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ပါမည်ဟုလည်း နိုင်ငံရေးလေ့လာ သူများက ပြောကြသည်။

မဖွံ့ဖြိုးသောစပါးခင်း
မဖွံ့ဖြိုးသောစပါးခင်း

အချုပ်အားဖြင့် တောင်သူလယ်သမားများ၏ ဆောင်ရွက်မှုဖြင့် သီးနှံအထွက်တိုးပြီးမှ ဖွံ့ဖြိုးတိုးတက်ဖို့ (နဂိုအခြေအနေထက်ပိုပြီး တိုးတက်လာမှု) ဆင်းရဲနွမ်းပါးမှုလျှော့ချမှုအတွက်ဆိုလျှင် အစိုးရက တောင်သူလယ်သမားများကို စီမံကိန်းချပြရုံ၊ လိုက်နာရန်နည်းလမ်းများချမှတ်ထားရုံ၊ စံပြစိုက်ကွက််ပြထားရုံနှင့် ဖိအားပေးတိုက်တွန်းနေရုံနှင့် မပြီးပါ။လယ်သမားတို့၏ ရပိုင်ခွင့်များ၊ လွတ်လပ်မှု၊ လွတ််လပ်ခြင်းတို့လည်း မရှိမဖြစ် လိုအပ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဇာတ်လိုက်ကိုဖမ်းမမိသည့် အလံတရာဒေသက ပန်းဦးဆက်ဇာတ်လမ်း

ယခင်က အကြောက်တရားများလွှမ်းမိုးနေပြီး ယခုအချိန်မှသာ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်ကြားနိုင်လာသည့်အတွက် အလံတရာဒေသမှ ပန်းဦးဆက်ဇာတ်လမ်းနဲ့ပတ်သက်သည့် တိုင်ကြားစာများရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ရှင်းပြသည်။ …

%d bloggers like this: