spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးကို စစ်ရေးနည်းဖြင့် မတည်ဆောက်နိုင်ဟု မွန်ခေါင်းဆောင်ပြော

    ငြိမ်းချမ်းရေးကို စစ်ရေးနည်းဖြင့် မတည်ဆောက်နိုင်ဟု မွန်ခေါင်းဆောင်ပြော

    -

    မင်းသုတ – လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀ ကျော်ကာလက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ စစ်ရေးနည်းများဖြင့် တိုက်ခိုက်အနိုင်ယူပြီး တတိယမြန်မာနိုင်ငံတည်ဆောက်နိုင်ခဲ့သကဲ့သို့ ယနေ့ခေတ်ကာလ၌ လက်နက်အင်အားသုံးပြီး တိုင်းပြည်တခုကို စုစည်းမထားနိိုင်ကြောင်း ဝါရင့် မွန်နိုင်ငံရေးသမား မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဒု-ဥက္ကဌ နိုင်ငွေသိန်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ယနေ့ ပြောကြားသည်။

    နိုင်ငွေသိန်း၏ ပြောကြားချက်သည် ယမန်နေ့က နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြောကြားခဲ့သော မြန်မာအစိုးရသစ်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများကို          ရည်ညွှန်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

    “အပစ်အခတ်ရပ်စဲရေးလုပ်ရမယ့်ဟာကို ငြိမ်းချမ်းရေးလို့ ပြောပြောနေတာက သဘာဝမကျလှဘူး၊ ပထမတစ်နိုင်ငံလုံးအပစ်ရပ်စဲနိုင်ဖို့ လုပ်ပြီးတာနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးနိုင်မှသာ ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်မယ်၊ စစ်တပ်ဘက်က ဒီအတိုင်း စစ်ဆင်နေလို့တော့ ဘယ်တော့မှ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူး” ဟု နိုင်ငွေသိန်းက ပြောသည်။

    မြန်မာအစိုးရသစ် သမ္မတဦးသိန်းစိန် ယမန်နေ့ပြောကြားခဲ့သောမိန့်ခွန်းတွင် “မည်သည့်လက်နက်ကိုင်အဖွဲ့မဆို ငြိမ်းချမ်းရေးရယူလိုတဲ့ ဆန္ဒရှိရင် သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ အချိန်မရွေး ဆွေးနွေးနိုင်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်ကို ပြည်တွင်းမီဒီယာများက ဖေါ်ပြသည်။

    “(မွန်ပြည်နယ်) ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြည်နယ်အစိုးရအဖွဲ့နဲ့ ဆွေးနွေးဖို့ မွန်ဆရာတော်တွေကတဆင့် ပြောကြားလာတာရှိတယ်၊ ဒီလိုကမ်းလှမ်းမှုကို ကျနော်တို့ပါတီအနေနဲ့ လက်မခံနိုင်ဘူး” ဟု ထိပ်ပိုင်း မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တစ်ဦးက ပြောသည်။

    “KIO သည် တနိုင်ငံလုံးအပစ်အခတ် ရပ်ဆိုင်းကာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ရည်ရွယ်၍ အစိုးရအဖွဲ့သစ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် မူသဘောထားများကို ဆွေးနွေး မေးမြန်းထားသည်ဖြစ်ကြောင်း” အပိုဒ် ၄ ပိုဒ်ပါ ယမန်နေ့ရက်စွဲဖြင့် KIO ဗဟိုကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။

    အထက်ပါစာပိုဒ်အား ထောက်ရှုခြင်းအားဖြင့် ဗဟိုအစိုးရနှင့်သာ KIO တွေ့ဆုံဆွေးနွေးလိုကြောင်း ပြည်နယ်အစိုးရကိုယ်စားလှယ် မှတဆင့် တောင်းဆိုခဲ့သည်ဟု သိရသည်။ သို့ ရာတွင် သမ္မတဦးသိန်းစိန်သည် KIO အား နိုင်ငံတော်၏စွမ်းအင်စီမံကိန်းကို ဖျက်လိုဖျက်ဆီး ပြုခြင်း၊ လမ်းတံတားများကို ဖျက်ဆီးနေသည့် အကြမ်းဖက်သမားဟု စွပ်စွဲထားပေသည်။

    မြန်မာအစိုးရသစ်သည် KIO နှင့် လတ်လလော အပစ်အခတ် ရပ်စဲနိုင်ရန် အပြင်းအထန် ကြိုးစားနေသော်လည်း မြန်မာစစ်တပ်များ ကချင်ဒေသများ၌ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဖြစ်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖေါ်ပြနေသည်။

    ထို့အတူ ရှမ်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း မြန်မာတပ်ဖွဲ့များ ထိုးစစ်ဆင်လျှက်ရှိရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်။

    အစိုးရနှင့် ဆန်ကျင်နေသော လက်နက်ကိုင်အဖွဲ့အစည်းများကို သောင်းကျန်းသူအဖွဲ့ဟု ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ မြန်မာအစိုးရသတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း သတ်မှတ်ခေါ်ဝေါ်နေဆဲဖြစ်သည်။

    နဝတ၊နအဖ စစ်အစိုးရချမှတ်ခဲ့သော ဒို့တာဝန်အရေးသုံးပါး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်သာ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်ကို ဖေါ်ဆောင်ပေးမည်ဟု ယမန်နေ့ ဦးသိန်းစိန်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းသည်ကို လက်မခံနိုင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာတပ်ဖွဲ့တို့ အပစ်ရပ်စဲမှုပျက်ပြယ်ခဲ့ပြီး တိုင်းရင်းသားဒေသများတွင် အစိုးရတပ်များ ဝင်ရောက်လာရာမှ တိုက်ပွဲများဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

     

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts