spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းညီနောင် ၅ ပါတီမှ နှုတ်ထွက်ရန် မွန်ပါတီကို ဝန်ကြီးချုပ် ဖိအားပေး

    ညီနောင် ၅ ပါတီမှ နှုတ်ထွက်ရန် မွန်ပါတီကို ဝန်ကြီးချုပ် ဖိအားပေး

    -

    အာကာ – တိုင်းရင်းသား ညီနောင် ၅ ပါတီ Brotherhood of Ethnic Parties ဟု ခေါ်သည့် ပါတီအစုအဖွဲ့မှ နှုတ်ထွက်ရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ဖိအားပေး ပြောဆိုမှုများ ရှိကြောင်း ပါတီအသိုင်းအဝိုင်းမှ လာသော သတင်းက ဆိုသည်။

    တိုင်းရင်းသားညီနောင် ၅ ပါတီအမှတ်တရဓာတ်ပုံ(၃၊ ၈၊ ၂၀၁၁ ဓါတ်ပုံ-NBF)
    တိုင်းရင်းသားညီနောင် ၅ ပါတီအမှတ်တရဓာတ်ပုံ(၃၊ ၈၊ ၂၀၁၁ ဓါတ်ပုံ-NBF)

    နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် ညီနောင် ၅ ပါတီ၏ သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ AMDP ဥက္ကဌ နိုင်ငွေသိန်းက ပြည်ပသတင်းဌာနများသို့ ပြောကြားခဲ့သည့် ဧပြီလကုန်ပိုင်းမှ စ၍ ဖိအားပေးခံရခြင်း ဖြစ်သည်။

    “ညီနောင် ၅ ပါတီကနေ နှုတ်ထွက်ဘို့၊ ပြည်ပသတင်းဌာနတွေနဲ့ အဆက်အသွယ် လုပ်တာကို ရပ်တန့်ဖို့ မွန်ပါတီက ဝန်ကြီးတွေကို ပြောထားတယ်” ဟု မွန်ဝန်ကြီး ၂ ဦးနှင့် နီးစပ်သည့် ပါတီဝင်တဦးက ပြောသည်။

    ဦးအုန်းမြင့်က AMDP မှ ပြည်နယ်ဝန်ကြီး ၂ ဦး ဖြစ်သည့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးနှင့် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင်တို့မှတဆင့် ဖိအားပေး ပြောဆိုခြင်း ဖြစ်သည်။

    တနင်္ဂနွေနေ့ အပတ်စဉ် ဝန်ကြီးအစည်းအဝေးများတွင် ဦးအုန်းမြင့်က ဝန်ကြီးများကို မောက်မာစွာ ပြောဆိုလေ့ ရှိပြီး အတိုက်အခံများကိုလည်း ရိုင်းစိုင်းစွာ ဆဲရေးလေ့ရှိကြောင်း ဝန်ကြီးနှင့် နီးစပ်သူက ပြောသည်။

    “ဒီကောင် ပြောလို့မရရင် ရေထဲ မျှောပစ်မယ်” ဟု ဦးအုန်းမြင့်က နိုင်ငွေသိန်းကို ရည်ညွှန်းပြီး ဝန်ကြီးအစည်းအဝေးတွင် ပြောဆိုခဲ့သည်ဟုလည်း သူက ပြောသည်။

    မည်သို့ပင် ဖိအားပေစေကာမူ တိုင်းရင်းသား ညီနောင် ၅ ပါတီမှ နှုတ်ထွက်လိမ့်မည် မဟုတ်ကြောင်း ပါတီဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    “ကျနော်တို့ကို တိုက်ရိုက်ပြောတာ မရှိသေးဘူး။ လုပ်သင့် လုပ်ထိုက်တာကို လုပ်တာပဲ၊ ဘာမှ ကြောက်စရာ မလိုဘူး။ ကြောက်တဲ့လူတွေက ထွက်ကြပေါ့” ဟု သူက ပြောသည်။

    မွန်ဝန်ကြီးချုပ်၏ ဖိအားပေးမှုကြောင့် လက်ရှိ AMDP တွင် ညီနောင် ၅ ပါတီမှ နှုတ်ထွက်စေလိုသည့် ဝန်ကြီးနှစ်ဦးအုပ်စုနှင့် လွှတ်တော်အတွင်း အတိုက်အခံ လုပ်လိုသည့် ပါတီဥက္ကဌ အုပ်စု ၂ စု သဘောထားကွဲလျက် ရှိသည်ဟု ပါတီအသိုင်းအဝိုင်းမှ လာသောသတင်းက ဆိုသည်။

    ညီနောင် ၅ ပါတီတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပါဝင်ကြသည်။

    သြဂုတ်လ ၃ ရက်နေ့တွင်လည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အချက် ၅ ချက်ပါသည့် ကြေညာချက်တစောင်ကို အထက်ပါ ညီနောင် ၅ ပါတီက ထုတ်ပြန်ခဲ့သေးသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts