spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းမြန်မာနိုင်ငံတောင်ပိုင်းတွင် မြေသိမ်းမှုများ ဆက်လက်ရှိနေဆဲ

    မြန်မာနိုင်ငံတောင်ပိုင်းတွင် မြေသိမ်းမှုများ ဆက်လက်ရှိနေဆဲ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ကျွဲသုံးညီမကျွန်းရှိ ဒေသခံတို့၏ ဥယျာဉ်ခြံများအပြင် အခြားသောဒေသများ၌လည်း အစိုးရရေတပ် တိုင်းဒေသ လက်အောက်ခံရေတပ်က သိမ်းယူမှုများ ဆက်လက်ရှိနေကြောင်း မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ သြဂုတ်လ(၁၅)ရက် ယနေ့နေစွဲဖြင့် အစီရင်ခံစာ ထုတ်ပြန်သည်။

     တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမကျွန်းရှိ သိမ်းဆည်းခံထားရသည့် ရာဘာခြံတစ်ခြံ  ( ဓာတ်ပုံ-မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း )
    တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲသုံးညီမကျွန်းရှိ သိမ်းဆည်းခံထားရသည့် ရာဘာခြံတစ်ခြံ ( ဓာတ်ပုံ-မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း )

    “မှတ်တမ်းပြုစုချက်အရ လက်ရှိ ခြံမြေဧက ၁၀၀၀ ကျော်ကို ရေတပ်က သိမ်းဆည်းထားပြီးပြီး၊ ကျွန်းပေါ်မှာရှိတဲ့ မြေယာတွေမကဘူး ကျွန်းနဲ့အနီးအနားတဝိုက်မှာရှိတဲ့ အခြားကျေးရွာရဲ့ ရာဘာခြံ ဧကပေါင်း (၃၀၀၀) ခန့်ကိုလည်း သိမ်းယူဖို့ မြေတွေကို တိုင်းထွားပြီပြီ” ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ လူ့အခွင့်အရေးသတင်းအချက်အလက် ကောက်ခံရေးနှင့် စုဆောင်းရေးတာဝန်ခံ နိုင်အွန်းမွန်က ပြောသည်။

    ၄င်းအစီရင်ခံစာတွင် “ပြည်သူတို့၏ မြေယာများအား အစိုးရရေတပ်မှ အဓမ္မသိမ်းဆည်းခြင်း” ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ကောက်နုတ်ချက်များနှင့် ချိုးဖောက်ခံရသည့် ပြည်သူများနှင့် မေးမြန်းချက်များကို ရေးသားဖော်ပြထားသည်။ ၄င်းအပြင် မြေယာသိမ်းပိုက်ခံရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့ရသည့် မြန်မာအလုပ်သမားများနှင့် တွေ့ဆုံမှုများကိုလည်း ရေးသားထားသည်။

    ကျွဲသုံးညီမကျေးရွာသည် ကျွန်းပေါ်တွင်တည်ရှိနေသည့် ရွာဖြစ်ပြီး အဓိကအားဖြင့် မွန်လူမျိုးများ နေထိုင်ကြသည်။ အိမ်ခြေ ၃၅၀ ကျော်ရှိပြီး ဒေသခံများက ရာဘာခြံ၊ အခြားသောဥယျာဉ်ခြံများနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည်။

    “ကဒိုက်” အခြေစိုက် အစိုးရလက်အောက်ခံရေတပ် တပ်ရင်းအမှတ် (၄၃) မှ သိမ်းဆည်းခဲ့သည့် ခြံမြေများပေါ်တွင် စစ်လေ့ကျင့်ရေးကွင်း သင်တန်းကျောင်းနှင့် စစ်တန်းလျားများ တည်ဆောက်ရန်အတွက်ဖြစ်သည်ဟု ရေတပ်အာဏာပိုင်များက အကြောင်းပြထားသည်။ သို့သော် ဒေသခံကျေးရွာများ၏အဆိုအရ ၄င်းမှာ အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး ယုံကြည်မှုမရှိကြောင်း ပြောသည်။

    “စစ်ရေးလေ့ကျင့်ရေးစခန်း တည်ဆောက်ဖို့လို့ ကျနော်တို့ကိုရှင်းပြတာပဲ၊ ဒါပေမယ့် သိမ်းထားတဲ့ခြံတွေက ရှည်ပြီးတော်တော်လေးကျယ်နေတာပါ၊ သူတို့ဘယ်လို တည်ဆောက်မလဲဆိုတာတော့ မသိဘူး၊ မွန်ပြည်နယ်ဘက်မှာ ရာဘာခြံသိမ်းထားသလိုပဲ၊ သိမ်းပြီးရင် သူတို့မိသားစုအတွက်နဲ့ သူတို့တပ်တွေရဲ့ရန်ပုံငွေ အတွက်ပဲ” ဟု အသက် (၆၀)ရှိ နိုင်ဟတေက ပြောသည်။

    စာမျက်နှာ ၅၀ ပါသည့် ၄င်းအစီရင်ခံစာတွင် အသိမ်းခံရသည့် မြေယာပိုင်ရှင်များ၏ အမည်စာရင်းများကို ဖော်ပြထားသည်။ လွန်ခဲ့သည့် ၂၀၀၀ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ တပ်ရင်း (၄၃) မှ ၄င်းကျွန်းပေါ်သို့ စတင်အခြေချခဲ့သော်လည်း အင်အားတို့ချဲ့ခြင်း အဆောက်အဦးများ တည်ဆောက်ခြင်းမရှိသေးချေ။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှစ၍ ၄င်းတို့လုပ်ငန်းစဉ်များ အကောင်ထည်ဖော်ရန်အတွက် ပြည်သူများ၏ မြေယာများကို ပိုမိုသိမ်းဆည်းလာခဲ့သည်ဟု နိုင်အွန်းမွန်က ပြောသည်။

    မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းအနေနှင့် အသိမ်းဆည်ခံရသည့် မွန်ပြည်သူများ၏ကိုယ်စား လက်ရှိအစိုးရသစ်ဖြစ်သည့် မွန်ပါတီများထံသို့လည်ကောင်း၊ သမ္မတဦးသိန်းစိန်မှ စစ်တပ်နှင့် စီးပွားရေးကုမ္ပဏီတို့၏ အဓမ္မမြေယာသိမ်းဆည်းနေမှုများကို အမြန်ဆုံးတားဆီးပေးရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေးကင်တားနား အနေဖြင့် စစ်တပ်မှ တရားမဲ့သိမ်းယူထားသည့် ပြည်သူပိုင်မြေများအား သိမ်းယူနေမှုများအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

    ကျွဲသုံးညီမကျွန်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားမှုမရှိသည့်အတွက် ရေတပ်မှ ၄င်းဒေသတွင် စစ်ဆင်မှုမရှိဘဲ မြေယာများကို အလွယ်တကူသိမ်းယူခဲ့သည်။ ၄င်းဒေသပြင်ပတစ်ဝိုက်တွင် မြန်မာစစ်တပ် ခလရ ၂၇၃ နှင့် ခလရ ၂၈၂ တပ်တို့က မွန်လက်နက်ကိုင်တပ်နှင့် ကရင်တပ်တို့ကို ထိုးစစ်ဆင်နေသည်။

    မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပြစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) က ရေး-ထားဝယ် အရှေ့ဘက်ကားလမ်းဘက်သို့ ပြောင်းရွှေ့သွားပြီး အစိုးရတပ်နှင့် စစ်ဆင်မှုမရှိတော့ပေ။

    ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်တွင် မွန်ပြည်သစ်ပါတီမှ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ကို လက်မခံကြောင်း အကြာင်းပြန်လိုက်ပြီးနောက် စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲမှု ပျက်ပျယ်သွားခဲ့သည်။ သို့သော် မြန်မာစစ်တပ်နှင့် မွန်ပြည်သစ်ပါတီအကြား ပစ်ခတ်မှုများ ယခုအချိန်ထိ မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts