spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာ တဘက်သတ် ရေးသားထားဟု မွန်ပါတီ ေ၀ဖန်

    ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာ တဘက်သတ် ရေးသားထားဟု မွန်ပါတီ ေ၀ဖန်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ-လွှတ်တော် သုံးရပ်မှ ကိုယ်စားလှယ် ၂၃ ဦး၏ အိတ်ဖွင့်ပေးစာတွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်မှု အပေါ် လက်နက်ကိုင် အဖွဲ့အစည်းများအား တဘက်သတ် အပြစ်တင်ခြင်းသည် တရားမျှတမှု မရှိဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ က ပြောကြားလိုက်သည်။

    လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး၏ အိတ်ဖွင့်ပေးစာ
    လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး၏ အိတ်ဖွင့်ပေးစာ

    ယနေ့ထုတ် မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည့် အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပြည်တွင်းငြိမ်းချမ်းရေး မအောင်မမြင်ပဲ ပျက်ပြားရခြင်း အကြောင်းအား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ အားနည်းချက်များကြောင့် ဖြစ်သည်ဟု ရေးသားထားသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက “ဒါက တဘက်စွန်းပြောတာ ဖြစ်နေတယ်၊ မွန်ပါတီအနေနဲ့ ပြောရရင် ကျနော်တို့ ညီနောင် ၅ ပါတီက ထုတ်ပြန်ထားတဲ့အတိုင်းပဲ၊ ပြည်တွင်းစစ် ရပ်စဲသွားအောင် ပြည်တွင်း ငြိမ်းချမ်းသွားအောင် အစိုးရသစ် အနေနဲ့ အစဉ်တစိုက် လုပ်ဆောင်သင့်တယ်” ဟု ပြောသည်။

    စာမျက်နှာ တစ်မျက်နှာခွဲရှိသည့် အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့် ပြည်သူက ကြိုးပမ်းခဲ့သော်လည်း ကျန်တစ်ဖက်က သံသယလွန်ကဲခြင်း၊ အစွန်းရောက်ခြင်း၊ ဘေးပယောဂ ဝင်ရောက်နှောင့်ယှက်ခြင်း၊ ကတိပျက်ကွက်ခြင်း၊ အကြမ်းဖက်မှုများ ပါဝင်ခဲ့ခြင်းများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ခဲ့ရသည်ဟု ပါရှိသည်။

    အိတ်ဖွင့်ပေးစာ၌ လက်မှတ်ရေးထိုးထားသော ၂၃ ဦးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၀ ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃ ဦးပါ၀င်သည်။

    အဆိုပါကိုယ်စားလှယ်များက ပြည်သူ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များဟု အမည်ခံလျက် “ငြိမ်းချမ်းရေးလိုလားသူများအတွက်” ဟု ခေါင်းစဉ် တပ်ထားသည်ကို တွေ့ရှိရသည်။

    မွန်သတင်းအေဂျင်စီမှ ရရှိခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ နေ့စွဲဖြင့် လက်မှတ်ရေးထိုးသည့် မူလ အိတ်ဖွင့်ပေးစာ ခေါင်းစဉ်အောက်၌ “ဒေါ်အောင်ဆန်းစုကြည်၏ ၂၈.၇.၂၀၁၁ နေ့စွဲပါ အိတ်ဖွင့်ပေးစာအား ရည်ညွှန်းလျက်” ဟုဖေါ်ပြပါရှိသော်လည်း အစိုးရပိုင် သတင်းစာများက ဖေါ်ပြရာတွင် အဆိုပါ ရည်ညွှန်းချက်ကို ချန်လှပ်ထားခဲ့သည်။

    ကိုယ်စားလှယ် ၂၃ ဦးသည် နိုင်ငံရေး ပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော်လည်း ယခု အိတ်ဖွင့်ပေးစာမှာ ပါတီအနေဖြင့် သဘောထား မဟုတ်ပဲ တဦးချင်းသာ ပါဝင်လက်မှတ်ရေးထိုးခဲ့ ကြောင်းကိုလည်း ပါတီခေါင်းဆောင် တချို့က ပြောသည်။

    “ကျနော်တို့ ပါတီအနေနဲ့က မိမြင့်သန်းပါတယ်၊ ပါတီအနေနဲ့တော့ မဟုတ်ဘူး သူက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ပဲ လက်မှတ် ရေးထိုးထားတာ ပါတီနဲ့ မဆိုင်ဘူး” ဟု နိုင်ငွေသိန်းက ပြောသည်။

    လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအမျိုးမျိုးကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား မောင်နှမများ ခါးစည်းခံခဲ့ကြရပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည့်အကြောင်းများတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများ သက်ဆိုးရှည်ခဲ့ခြင်းသည်လည်း အဓိက အကြောင်းအရာတစ်ခုပင် ဖြစ်သည်ဟုလည်း ပေးစာတွင် ဖေါ်ပြထားသည်။

    လက်မှတ်ရေးထိုး ခဲ့သည့် ၂၃ ဦးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆောင်စီ၊ ဦးစောနေကော်ကြီး၊ ဦးခွန်မောင်သောင်း၊ ဦးငွန်မောင်း၊ ဦးစောသိန်းအောင်၊ ဦးမန်းမောင်မောင်ဉာဏ်၊ ဒေါက်တာသန်းဝင်း၊ ဦးစိုင်းသီဟကျော်၊ ဒေါ်မိယဉ်ချမ်း၊ ဒေါ်နန်းဝါနု၊ ဒေါ်ဒွဲဘူ၊ ဒေါ်နန်းနွံ၊ ဒေါ်ခင်စောဝေ၊ ဒေါ်မိမြင့်သန်း၊ ဦးသူရိန်ဇော်၊ ဦးဝင်းစိန်၊ ဦးတီခွန်မြတ်၊ ဦးမောင်တိုး၊ ဦးလှမြင့်ဦး၊ ဦးသန်းမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စား ဦးစခုန်တိန့်ယိန်း၊ ဦးနေဝင်ထွန်း၊ ဦးမန်းအောင်တင်မြင့်တို့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts