မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ဘုရားသုံးဆူလှေလမ်းတွင် ပဲချိပ်လှေတိုက်မိ ရေနစ်မြုပ်တစ်ဦးသေ၊ တစ်ဦးပျောက်ဆုံး

ဘုရားသုံးဆူလှေလမ်းတွင် ပဲချိပ်လှေတိုက်မိ ရေနစ်မြုပ်တစ်ဦးသေ၊ တစ်ဦးပျောက်ဆုံး

ရေးသားသူ:

မင်းသုတ-ကရင်ပြည်နယ်၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ဇမိမြစ်ကြောင်းလမ်းအတိုင်း သွားလာနေသည့် ခရီးသည်တင် ပဲ့ချိပ်လှေနှစ်စီး ယမန်နေ့ နေ့ခင်းပိုင်းတွင် ကျောက်ဖျာဒေသအနီး မျက်နှာချင်းဆိုင်တိုက်မိကြရာ ဒဏ်ရာရရှိကြသည့်အပြင် လူတစ်ဦးသေဆုံးခဲ့ကြောင်း လှေဂိတ်မှူးတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့နယ်၊ ချောင်းဆုံလှေဂိတ်ရှိ ပဲ့ချိပ်စက်လှေနှင့် ခရီးသည်အချို့  ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
ဘုရားသုံးဆူမြို့နယ်၊ ချောင်းဆုံလှေဂိတ်ရှိ ပဲ့ချိပ်စက်လှေနှင့် ခရီးသည်အချို့ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

“တစ်ယောက်သေ၊ တစ်ယောက်ပျောက်၊ တစ်ယောက်ခြေထောက်ကျိုးဒဏ်ရာ၊ နာမည်တွေကို ပြောခွင့် မရှိဘူး၊ အစိုးရအာဏာပိုင်တွေနဲ့ ပတ်သက်လာမှာ စိုးလို့ပါ”ဟု အဆိုပါဂိတ်မှူးက ပြောသည်။

သေဆုံးသူမှာ အမည်မသိ အသက် (၆၀) အရွယ် ကြာအင်းဆိပ်ကြီးမှ လှေစီးလာသူ အမျိုးသမီးတစ်ဦးဟုသိရပြီး ပျောက်ဆုံးနေသူကိုလည်း အတည်ပြု မပေးနိုင်ခဲ့ပေ။

ဘုရားသုံးဆူမြို့နယ်၊ ချောင်းဆုံလှေဂိတ်မှ လှေစီးလာသူယောကျ်ားလေးလူငယ်တစ်ဦးလည်း ခြေထောက်ဒဏ်ရာ ရရှိသည်ဟု သိရသည်။

ယင်းလှေနစ်မြုပ်လူသေသည့် အခင်းဖြစ်ပွားမှုကို ဒေသခံ KNU တပ်မဟာ ၆ မှ အရေးယူ ကိုင်တွယ်နိုင်သည်ဟု လှေသမားများအသိုင်းအဝိုင်းမှ ပြောဆိုနေကြသည်။

အဆိုပါလှေနစ်မြုပ်ခဲ့သည့်နေရာမှာ KNU လှေအကောက်စခန်းရှိရာ ကျွန်းချောင်းဂိတ်နှင့် နာရီဝက်ခန့်သာ ခရီးကြာမြင့်သည်ဟု သိရသည်။

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ဇမိမြစ်ကြောင်းလမ်းကို KNU ကအဓိက ချုပ်ကိုင်ထားပြီး မြစ်ကြောင်းတလျှောက်နေရာအချို့တွင် မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေနှင့် အစိုးရစစ်တပ်၊ ရေတပ်များစခန်းချကာ ခရီးသွားကုန်သည်များထံမှ ငွေကောက်ခံလျှက်ရှိကြသည်။

ခြောက်သွေ့ရာသီများတွင် ဘုရားသုံးဆူမှ ပြည်တွင်းရှ ိမြို့အသီးသီးဖြစ်ကြသည့် ရေး၊ သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ မော်တော်ကားဖြင့် သွားလာနိုင်သော်လည်း မိုးတွင်းကာလများတွင် ကြာအင်းဆိပ်ကြီးမြို့ လှေလမ်းတစ်ခုတည်းသာ ကုန်စည်များ တင်ပို့နိုင်သည်။

ယခုနှစ်တွင် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လှေလမ်းကြောင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပွားသော ရေနစ်မြုပ်လူသေမှု ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

စစ်မှန်သောနိုင်ငံရေးတည်ဆောက်ရန် အားလုံးပါဝင်ရေး ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပြောကြား

စစ်မှန်သော နိုင်ငံရေးတည်ဆောက်ရန်အတွက် အားလုံးပါဝင်ကြရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ Peace Process Steering Team-PPST ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး …

%d bloggers like this: