spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမုဒုံမြို့နယ် ရာဘာမျိုးပွားခြံကို ဆက်ကြေးတောင်းထား

    မုဒုံမြို့နယ် ရာဘာမျိုးပွားခြံကို ဆက်ကြေးတောင်းထား

    -

    မင်းတော်လဝီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျုံဖိုက်ရွာရှိ ရာဘာသုတေသနမျိုးပွားခြံကို မွန်နိုင်သန်းလွင် ဦးစီးသည့် မွန်လက်နက်ကိုင်အဖွဲ့ တဖွဲ့  မှ ဆက်ကြေးပေးရန် စာဖြင့် အကြောင်းကြားခဲ့ပြီး ဇူလိုင်လ ၂၇ ရက် (ယနေ့) တွင် ငွေပေးရန်ရက် သတ်မှတ်ထားသည်ဟု သိရသည်။

    ရာဘာခြံတစ်နေရာ
    ရာဘာခြံတစ်နေရာ

    “ရာဘာ သုတေသနမျိုးပွားခြံ လက်အောက်မှာ ရာဘာခြံတွေအများကြီးပဲ၊ မုဒုံမြို့ပြင်ကနေ နိုင်လှုံရွာအထိရှိတယ်၊ ကိုရင်သန်းလွင်တို့အဖွဲ့က ငွေဘယ်လောက် တောင်းသလဲတော့ မသိဘူး ဇူလိုင်လ ၂၇ ရက်နေ့ နောက်ဆုံးထားပေးရမယ်ဆိုတာပဲ သိတယ်”ဟု ကာယကံရှင်နှင့် နီးစပ်သူတဦးက ပြောသည်။

    အကယ်၍ တောင်းခံထားငွေပမာဏကို မပေးနိုင်ပါက ၄င်းတို့ဖက်မှ အရေးယူမှု ပြုလုပ်သွားမည်ဟု သတိပေးထားသည်ဟုလည်း သိရသည်။

    မုဒုံ-သံဖြူဇရပ်ကားလမ်း ကံထရိုက် ရရှိထားသည့် အေကေ (AK) လမ်းတံတား ဆောက်လုပ် ပြုပြင်ရေးကုမ္ပဏီ အလုပ်သမားဝန်ထမ်းတစ်ဦးအား ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်နှင့် ကရင်လက်နက်ကိုင် ပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ ပြန်ပေးဆွဲကာ ငွေကျပ်သိန်း ၁၅၀ ပေးရန် တောင်းဆိုခဲ့ကြောင်း ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

    ယခုကဲ့သို့ မွန်ပြည်နယ်အတွင်း အချို့ဒေသများ၌ လက်နက်ကိုင်အဖွဲ့များမှ ဆက်ကြေးတောင်းခြင်းနှင့် ပြန်ပေးဆွဲခြင်းများသည် ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီး နောက်ပိုင်းတွင် ပိုမိုိုဖြစ်ပေါ်လာသည်ဟု ထိုင်းမြန်မာနယ်စပ်မှ စစ်ရေးလှုပ်ရှားမှုကို လေ့လာအကဲခတ်နေသူ တဦးက ပြောသည်။

     ယခုကဲ့သို့ နိုင်သန်းလွင် လက်နက်ကိုင်အဖွဲ့မှ အစိုးရခြံအားဆက်ကြေးငွေ တောင်းခံသည့် သတင်းကြောင့် မုဒုံမြို့နယ်နှင့်သံဖြူဇရပ်မြို့နယ်ရှိ ပုဂ္ဂလိကခြံရှင်များထံ ဆက်လက် တောင်းခံလာမှာကို ထိတ်လန့်နေကြကြောင်း မုဒုံမြို့နယ်၊ တော်ကူးရွာမှ အစိုးရခြံနှင့် နီးစပ်နေသည့် ပုဂ္ဂလိကခြံရှင်တဦးက ပြောသည်။

    ထို့အပြင် မုဒုံမြို့နယ်နှင့်သံဖြူဇရပ်မြို့နယ် စပ််ကြားရှိ အစိုးရရာဘာခြံတခြံမှ တဲတစ်လုံးကိုလည်း နိုင်သန်းလွင် မွန်လက်နက်ကိုင်အဖွဲ့က ဇူလိုင်လ(၁၇) ရက်နေ့တွင် မီးရှို့ဖျက်ဆီး ခဲ့သည်။ ၄င်းနောက် ရာဘာခြံများ၌ လာရောက် အလုပ်လုပ်ကိုင်နေကြသော အထူးသဖြင့် ရပ်ဝေးဒေသမှ ဗမာလူမျိုးများကို ကိုယ့်နေရပ်သို့ ပြန်ကြရန် ဗမာစစ်တပ်က သတိပေးထားသည်ဟု မုဒုံမြို့နယ်၊ ယောင်းဒေါင်းရွာမှ ရာဘာခြံရှင်တဦးက ပြောသည်။

    “ကျနော်တို့ဒေသက လူတွေ ထိုင်းမှာ ရာဘာခြံအစေးသွားခြစ်ကြတယ်၊ ဒါကြောင့် ရပ်ဝေးက ဗမာခြံလုပ်သားတွေကိုပဲ ခြံမှာ အလုပ်လုပ်ဖို့ လူငှားကြတာပါ” ဟု ၄င်းခြံရှင်က ဆက်ပြောသည်။

    ယခုအခါမှာ နယ်မြေလုံခြုံရေးနှင့်တည်ငြိမ်းရေး ပျက်ပြားလာသည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ကြေးတောင်း၊ ပြန်ပေးဆွဲလုပ်ရပ်များဖြစ်ပေါ်သည့်အတွက် ခြံများတွင် အလုပ်လုပ်နေသူများကို နေရပ်သို့ ပြန်ခိုင်းနေသည်မှာ သာမန်အရပ်သားများကို ထိုနယ်မြေမှ ရှင်းထုတ်ခြင်း ဖြစ်နိုင်ပြီး စစ်ဆင်ရေးပြုလုပ်လာမည်ကို ဒေသခံလူထုက စိုးရိမ်နေကြသည်ဟု မွန်နိုင်ငံရေးသမားတဦးက သုံးသပ်ပြောဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts