spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးဘယ်သူ၀င်ကာမှ ဒီအန္တရာယ်က ရှင်းနိုင်ပါ့

    ဘယ်သူ၀င်ကာမှ ဒီအန္တရာယ်က ရှင်းနိုင်ပါ့

    -

    မင်းတော်လ၀ီ – ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့ကလေးဟာ တောတောင်ရေမြသဘ၀အလှနှင့် အေးချမ်းသာယာလှတယ်၊ ပြည်တွင်း၊ ပြည်ပဧည့်သည်တွေက အသွားအလာများတော့ မြို့ကလေးဟာ အမြဲတမ်းစည်ကားနေပါတယ်။ သို့သော် ဒေသခံတွေ၊ ပြည်တွင်းပြည်ပဧည့်သည်တွေနှင့် အထူးသဖြင့် ကလေးတွေကို အမြဲဒုက္ခပေးနေတဲ့ ခွေးလေခွေးလွင့်တွေ ရဲ့အန္တရာယ်ကလည်း ရှိနေပြန်တယ်။ ဒါ့ကြောင့် ဒေသခံတွေက ဒီခွေးလေခွေးလွင့်ရဲ့ အန္တရာယ်ကနေ ကင်းရှင်းလိုကြပါတယ်။

    “ခွေးလေခွေးလွင့်တွေဟာ လမ်းသွားလမ်းလာသူတွေကို ကိုက်တယ်။ ခေါင်းရွက်ဗျတ်ထိုး စျေးသည်အမျိုးမျိုးကိုလဲ ကိုက်တယ်၊ နောက်ပြီး ကျောင်းသွားကျောင်းလာ ကျောင်း သားတွေဆို ပိုအကိုက်ခံရသေးတယ်၊ တခါတလေ ပြည်တွင်းပြည်ပဧည့်သည်တွေပါ အ ကိုက်ခံရသေးတယ်” ဟု ကျန်းမာရေးအရ နေ့စဉ်လမ်းလျှောက်နေသူ စံခလပူရီ ထိုင်းဘက် ကမ်းနေ အသက် ၇၅ နှစ်အရွယ်ရှိ နိုင်ကျော်ရွှေက ပြောတယ်။

    ခွေးလေခွေးလွင့်အရေအတွက် ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် လုပ်ပေးနေသူတဦး
    ခွေးလေခွေးလွင့်အရေအတွက် ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် လုပ်ပေးနေသူတဦး

    “နံနက်စောစောကို လမ်းထွက်မလျှောက်ရဲဘူး။ စံခလပူရီကို အလည်အပတ်ရောက်လာတဲ့ နိုင်ငံခြားသားဧည့်သည်အချို့ သူတို့စောစောလမ်း ထွက်လျှောက်ကြတယ်၊ ယခုထွက် မလျှောက်ရဲဘူး။ ကျောင်းသွားကျောင်းပြန် ကလေးတွေကို ခွေးအကိုက်ခံရမှာကို မိဘတွေ ကပိုစိုးရိမ်ကြတယ်” ဟု နိုင်ကျော်ရွှေက ဆက်ပြောတယ်။

    “စံခပူရီမြို့ထဲနဲ့ အနီး၀န်ကျင်ရွာတွေဆီမှာရှိတဲ့ ခွေးအရေအတွက်ရဲ့ လေးပုံသုံးပုံဟာ ပိုင်ရှင်မဲ့ခွေး (သို့) ခွေးလေခွေးလွင့်အဖြစ်နဲ ့ရပ်ကွက်မှာ၊ လမ်းများမှာ၊ စျေးအနီးအနားနဲ့ ဘုန်းတော်ကြီးကျောင်း၀န်းကျင်မှာ ရှိနေတယ်” ဟု ထိုင်းနိုင်ငံစံခပူရီမြို့ရှိ Baan Unrak Animal Sanctuary–non profit organization အဖွဲ့မှ Gemma “ဂျမ်မာ’’ ဆိုသူ ဗြိတိသျှ အမျိုးသမီးက ပြောပါတယ်။

    ခွေးလေခွေးလွင့်အကိုက်ခံရတာနှင့်ပတ်သက်ပြီး “သားတို့ ညီအကို (၂) ယောက်ကို ညနေ ကျောင်းလွှတ်အပြန်မှာ စံခပူရီမြို့ ၀က်စီ ဘုန်းတော်ကြီးကျောင်းနဲ့ ဘားမားအင်းကြား လမ်းပေါ်မှာ ခွေးအုပ် (၅) ကောင်က ၀ိုင်းကိုက်တယ်၊ ဒဏ်ရာကြောင့် ကျောင်း (၁၅) ရက် ပျက်ပြီးဆေးကုရတယ်၊ ဆေးကုစရိတ် ဘတ်ငွေ တစ်သောင်းခွဲလည်း မိဘက ကုန်သွား တယ်” ဟု စံခပူရီမွန်ဘက်ကမ်းမှ ညီအစ်ကိုကျောင်း သား ၂ ယောက်က ပြောတယ်။

    လမ်းမပေါ်မှာကျက်စားနေသည့် ခွေးလေခွေးလွင့်များကိုက်တာကို ခံရသည့် စံခလပူရီ မွန် ဘက်ကမ်းမှ ဟင်းရွက်သည် မိလွန်နှင့် သူမသမီး ၁၆ နှစ်အရွယ်က ရပ်ကွက်ထဲဟင်းသီးဟင်းရွက် လိုက်ရောင်းရင်း ခွေးကိုက်ခံခဲ့ရတာနှင့်ပတ်သက်ပြီး ယခုလို ရှင်းပြပြန်သည်။

    “ကျမနဲ့သမီးက ဟင်းရွက်တောင်းကို ရွက်ပြီးစျေးလည်ရောင်းရင်း ခွေးနှစ်ကောင် ၀င် ကိုက်လိုက်တယ်၊ ကျမထက်သမီးက ပိုထိသွားတယ်၊ ကျမက သုံးပေါက်၊ သမီးက ခြောက် ပေါက်ပေါက်သွားတယ်၊ ခွေးလေခွေးလွင့်တွေ ပေါလွန်းတယ်” ဟု မိလွန်က ပြောသည်။

    နောက်ပြီး ဆေးကုသစရိတ်လည်း ဘတ်ငွေ နှစ်သောင်းလောက်ကုန်ပြီး လောလောဆယ် အကြွေး တင်နေတယ်လို့ သူမက ဆက်ပြောသည်။

    ဒါ့အပြင် “စံခပူရီမြို့ရဲ့နံနက်ခင်း လေကောင်းလေသန့်ကို ရှုရှိုက်ဖို့ လမ်းလျှောက်ထွက်လာတဲ့ ကျနော့်တို့ဇနီးမောင်နှံကို လမ်းပေါ်က ခွေးသုံးကောင်၀ိုင်းကကိုက်လို့ ဒဏ်ရာရသွားတယ်” ဟု ပီဂစ်ဟောက်မှာတည်းခိုပြီး လမ်းလျှောက်ထွက်ရင်း ခွေးအကိုက်ခံရသည့် အမေရိကန်ဧည့်သည် ဇနီးမောင်နှံက ပြောသည်။

    စံခလပူရီမြို့နှင့်ပတ်၀န်းကျင်ရွာများမှလူများ ခွေးလေခွေးလွင့်ကိုက်သဖြင့် ဆေးရုံ ဆေးပေး ခန်းများသို့သွားရောက် ဆေးကုသခံရသည့်လူနာများမှာ တလကို ပျမ်းမျှ ၅ ယောက်ခန့် ရှိသည်ဟု စံခပူရီဆေးရုံမှ၀န်ထမ်းတဦးက ပြောသည်။

    ဆေးရုံဆေးခန်းကိုမရောက်လာနိုင်သည့် တောလက်ကျေးရွာက လူတွေလည်း ခွေးအ ကိုက်ခံရသည့် လူနာစာရင်းထဲမှာမပါတဲ့ လူနာတွေလည်း ရှိနိုင်သေးတယ်ဟု သူက ဆိုသည်။

    ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခပူရီမြို့နှင့်အနီး၀န်ကျင်ရွာများမှ တချို့လူတွေက ခွေးကို ချစ်တတ်လို့ နောက်ပြီးလုံခြုံရေးအရ စနစ်တကျမွေးထားသူလည်းရှိပါတယ်၊ ဒါပေမယ့် သူတို့ခွေးတွေကလမ်းမှာသွားလမ်းလာ နေသူတွေကို အန္တရာယ်မပြုနိုင်အောင် ထိန်း ထားကြတယ်။

    တချို့ခွေးတွေမှာ လူနေအိမ်ကို ခဏလာကပ်နေပြီး ထမင်းကျန်ဟင်းကျန်ကိုစားပြီး နေရာ စုံသွားတယ်။ မိမိခွေးအဖြစ်လည်းလည်း မသတ်မှတ်ကြပါဘူး၊ လမ်းမှာနေပြီး လမ်းသွား လမ်းလာသူများကို ရန်ပြုတယ်။ကိုက်တယ်။ ၎င်းခွေးအမိုျးအစားကိုလူတွေက ခွေးလေ ခွေးလွင့်လို့ခေါ်ကြပါတယ်။

    နောက်တမျိုးက ပိုင်ရှင်မရှိ၊ နေစရာမရှိ၊ ကျွေးမွေးမည့်လူလည်းမရှိပဲ သွားလိုရာသွားနေတဲ့ ခွေးအမျိုးအစားကိုတော့ ခွေးလေခွေးလွင့် စစ်စစ်အဖြစ်နှင့် လူတွေ သတ်မှတ်ကြပါတယ်။

    ခွေးရဲ့သဘာ၀သည် မူလကတောရိုင်းတိရစ္ဆာန်ပါ။ သို့သော် လူတွေမွေးလာသည့်အခါ ယဉ်ပါးလာပြီး အပြန်အလှန်နားလည်မှု ချစ်ခင်မှုရလာတယ်။ လူတွေအပေါ် သစ္စာသိတတ် လာတယ်။ နောက်အိမ်မွေးတိရစ္ဆာန်ထဲမှာ လူတွေအချစ်ခင်ဆုံးတိရစ္ဆာန် ဖြစ်လာရတယ်ဟု ခွေးကိုချစ်ပြီး ခွေးအကြောင်းလေ့လာနေသူနှင့် စနစ်တကျမွေးနေသူ ကရင်အမျိုးသမီး နော် နွယ်နွယ်က ပြောသည်။

    ခွေးက သခင်ကိုချစ်ခင်တွယ်တာတတ်ပြီး စောင့်ရှောက်မှုကိုပါပေးသည့်အပြင်၊ လုံခြုံရေး၊ ထောက်လှန်ရေး၊ စစ်ရေးများမှာလည်း လူတွေမစွမ်းနိုင်တဲ့ အရေးကြီးလျှို့၀ှက်မှုတွေကို အနံ့ခံနည်းနှင့် ရှာဖွေဖေါ်ထုတ်ပေးနိုင်သေးတယ်။ သခင့်အတွက် အရေးကြုံလာက အသက်ပေးပြီး ခုခံကာကွယ်ပေးတတ်တဲ့တိရစ္ဆာန်ဟာ ခွေးလိုမျိုးက ရှားတယ်။ ဒါ့ကြောင့် လူတွေက ခွေးကိုသစ္စာရှင်လို့ ပြောကြတယ် ဟု မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနမှ အငြိမ်းစား တိမွေးကုဆရာ၀န် ဒေါက်တာစံခိုင်က ပြောသည်။

    ခွေးက လူတွေနှင့် နီးစပ်ထိတွေမှု မွေးမြူ ထိန်းသိမ်းစောင့်ရှောက်မှု လေ့ကျင့်မှု ရှိသည့်ခွေး များကသာ လူတွေအတွက် အကျိုးဖြစ်နိုင်တယ်။ သို့သော် ပိုင်ရှင်မဲ့ခွေးလေခွေးလွင့်များကတော့ လူတွေအတွက် အန္တရာယ်ရှိပြီး၊ ခွေးမှတဆင့် ရောဂါကူးစက် ပြန့်ပွားနိုင်တယ်၊ ခွေးရူး ဆိုလူ့အသက်ကိုအန္တရာယ် အပေးဆုံးပါ၊ခွေရူးရောဂါဟာ ခွေးလေခွေးလွင့်ကတဆင့် အဖြစ်အများဆုံး ဟု ဒေါက်တာစံခိုင်းက ဆက် ပြောပါသည်။

    ခွေးလေခွေးလွင့်အချင်းချင်း၊ ခွေးလေခွေးလွင့်နှင့် မြေခွေး (ခဲ၀ါ) ခွေးအနှင့်မျိုရောတတ်ပြီး တစ်နှစ်ကို နှစ်သား ပေါက်ပွားနိုင်သည့်အတွက် အကောင်ရေတိုးမြန်သည်ဟု ခွေးအကြောင်းကို လေ့လာထားသူ ရခိုင်ပြည်နယ် သံတွဲမြို့ နန်းချောင်းရပ်က ဦးမောင်မောင်သိန်းက ပြောသည်။

    ခွေးတိုင်းက လူတွေကို အန္တရာယ်ပေးတတ်တာချည်းပါပဲ။ သို့သော်လူတွေ စနစ်တကျ မွေးထားသည့်ခွေးကိုတော့ ရင်းနှီးလို့ ချစ်နေတတ်ကြတယ်။ ဒါပေမယ့် ခွေးလေခွေးလွင့်ကို လူ တွေကရွံတယ် ကြောက်တယ်၊ နောက်ပြီး မုန်းလည်းမုန်းပါတယ်။

    သို့သော် ခွေးလေခွေးလွင့်တွေကို မရွံမကြောက်ပဲ ယုယကျင်နာစွာချစ်နေပြီး ယနေ့တိုင် ပြုစုကျွေးမွေးပြီး၊ ခွေးအရေအတွက်ထိန်းသိမ်းရေး ကန့်သတ်ရေးကို တစိုက်မတ်မတ်လုပ် ဆောင်သူတဦးကို တွေ့နေရပါတယ်။ သူမကတော့ ထိုင်းနိုင်ငံစံခပူရီမြို့ရှိ Baan Unrak Animal Sanctuary–non profit organization အဖွဲ့မှ Gemma “ဂျမ်မာ’’ ဆိုသူ ဗြိတိသျှ သူလေး ဖြစ်ပါတယ်။

    လက်တလောအခြေအနေမှာ စံခလပူရီမြို့နှင့် အခြားနေရာကလူတွေ ခွေးလေခွေးလွင့်များကို သုတ်သင်းရှင်းလင်းရာမှာ သတ်ဖြတ်သည့်နည်းကို တွင်တွင်ကျယ်ကျယ် သုံးနေတာ တွေ့ရတော့ စိတ်တုန်လှုပ်ခြောက်ခြားမိတယ် ဟု “ဂျမ်မာ” က ပြောသည်။

    ခွေးများကိုပြုစုစောင့်ရှောက်မှု၊ သားဆက်ခြားကုသမှုနှင့် ခွေးအရေအတွက်ထိန်းသိမ်း ကန့်သတ်မှုအတွက်ကို စံခလပူရီမြို့နှင့် အခြားနေရာတွေမှာ ဆောင်ရွက်နေတာနှင့် ပတ် သက်ပြီး “ဂျမ်မာ” က ပြောပြရာမှာ-

    “ပထမအဆင့်အနေဖြင့် ခွေးလေခွေးလွင့် အရေအတွက်ကိုမှတ်တမ်းပြုစုပြီး ခွေးအရေ အတွက် ထိန်းသိမ်း (ကန့်သတ်) မှု ဆက်လုပ်ဖို့ စီစဉ်ရပါမယ်၊ တဆက်တည်းမှာ သားဆက် ခြားလုပ်ငန်းကို လုပ်ရပါတယ်၊ အစားအစာကျွေးမွေးပြုစုမှုကိုလည်း ဆက်လုပ်သွားရပါတယ်၊ဖျားနာတဲ့ခွေးတွေကို ဆေး၀ါးကုသမှုလုပ်ပေးနေတာ ခွေးအကောင်ရေ ရာချီရှိနေပါပြီ” ဟု သူမက ပြောပါတယ်။

    “သားဆက်ခြားလုပ်ဆောင်ရာမှာ ပညာရှင် တိရစ္ဆာန်ဆရာ၀န်က ခွဲစိပ်နိုင်အောင် ကူညီပေးရပါတယ်။ ခွဲစိပ်ပြီးရင် ခွေးများ နောက်ထပ်သားဆက်ပွားများလာ စရာ မရှိ တော့ပါဘူး၊ ခွေးကိုသန္ဓေမြုံဆေးလည်း သုံးစရာမလိုဘူး၊ ခွေးတွေကို အဆိပ်ခတ် သတ် ဖြတ်သုတ်သင်တဲ့ နည်းနဲ့လည်း လုံး၀မလုပ်ဘူး” ဟု ဂျမ်မာက ဆက်ပြောပါတယ်။

    ခွေးလေခွေးလွင့်အရေအတွက် ထိန်းသိမ်းကန့်သတ်လိုက်ခြင်းက တဖက်ကလည်း ခွေး လေခွေးလွင့်တွေရဲ့ အရေအတွက်က လျှော့နည်းသွားတယ်။ဆောင်ရွက်သည့်အခါမှာ ခွေးတွေရဲ့အသက်အန္တရာယ်ကို မထိခိုက်စေပဲ မေတ္တာ၊ စေတနာ၊ ဂရုဏာတရား ရှေ့ထားပြီး ယခု အသက်ရှင်ဆဲခွေးတွေကို အသက်ရှင်ခွင့်ပေးထားသည့်တိုင် နောက်သားဆက်လည်း ပွားစရာမရှိတော့ဘူး ဟု သူမက ဆက်ပြောပါတယ်။

    ရက်စက်ကြမ်းကြုတ် သုတ်သင်သတ်ဖြတ်သည့်နည်းမှ ရှောင်ရှားနိုင်သောနည်းလမ်းမှာ သားဆက်ခြားခြင်းဖြင့် အရေအတွက် ထိန်းသိမ်းသည့်နည်းလမ်းပင် ဖြစ်တယ်။တိရစ္ဆာန်အခွင့်အရေးကို လေးစားလိုက်နာသောနိုင်ငံ ဥပမာ အင်္ဂလန်နိုင်ငံနှင့် အခြားဒီမိုကရေစီထွန်းကားသောနိုင်ငံတို့မှာ တိရစ္ဆာန်ကိုအဆိပ်ခပ်သတ်သည့် အမှုက ထောင်ဒဏ်အနည်းဆုံး ၂ နှစ် ကျခံစေရမှာဖြစ်ပြီး ခွေးကိုခြေထောက်ဖြင့် ကန်ကျောက်တာကိုပင် အပြစ်ဒဏ်ခံရတာ ရှိနေသည်ဟု ဂျမ်မာက ဆက်ပြောသည်။

    လောလောဆယ် ခွေးအရေအတွက် ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်လာရာမှာ အောင်မြင်မှုရှိနေပြီးဖြစ်သည်၊ စံခလပူရီမြို့ စျေးကြီးနေရာမှာလို၊ နောက်ပြီး စံခပူရီမွန်ဘက် ပိုင်းမှာရှိသည့် ရာမညစျေးမှာလို ခွေးလေခွေးလွင့်တွေ လုံး၀ ပပျောက်သွားသည်ကို တွေ့မြင်နေရပြီဟု စျေးရောင်းသူများက ပြောကြသည်။

    ထိုနည်းတူ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာ၊ စံခလပူရီမြို့နယ် ကွေ့မလိုင်ရွာ၊ ချန်းလွတ်ရွာများမှာလည်း ခွေးအရေအတွက်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရာ ယခုအခါ ခွေးလေခွေးလွင့် အရေအတွက် လျှော့ကျလာနေပြီးဟု ချန်လွတ်ရွာသားတဦးက ပြောသည်။

    ဆက်လက်ပြီးခွေးလေခွေးလွင့်အန္တရာယ်မှကင်းေ၀းရန် Baan Unrak Animal Sancturary-non profit organization အဖွဲ့၊ NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပညာပေးလုပ်ငန်းများကို ထိုင်းနိုင်ငံမှာ ဆက်လက်ဆောင်ရွက်လျှက်ရှိနေသည်။

    ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဆင့်မြင့်မြို့တော်များ၊ သာမန်မြို့များမှာလည်း ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်များ လမ်းများမှာ ပြန့်နှံ့စွာသွားလာနေတာမျိုးကိုမဆိုထားနှင့် အမှိုက်သရိုက် တပိုင်းတစကိုပင် တွေ့ရခဲတယ်ဟု နိုင်အွန်းမွန် (မွန်ပြည်လူ့အခွင့်အရေးဖေါင်ဒေးရှင်း) က ဆွီဒင်နိုင်ငံသို့ရောက်ခဲ့စဉ်က သူမြင်တွေ့ခဲ့ရသည့် စတော့ဟုမ်းမြို့ရဲ့ သန့်ရှင်းမှုအကြောင်းကို ပြောပြသည်။

    ဒေသခံပြည်သူများ၊ နိုင်ငံခြားခရီးသည်များနှင့် ကျောင်းသား၊ ကလေးသူငယ်များကို အန္တရာယ်ပေးနေသည့် ခွေးလေခွေးလွင့်ရဲ့ ဘေးရန်မှ ကင်းေ၀းဖို့ အကောင်းဆုံးနည်းလမ်းမှာ သားဆက်ခြားခြင်း၊ ခွေးအရေအတွက် ထိန်းသိမ်းကန့်သတ်မှုနည်းလမ်းပင် ဖြစ်သည်ဟု Baan Unrak Animal Sancturary-non profit organization ရဲ့ဆောင်ရွက်ချက်မှ လက်တွေ့အကျိုးခံစားနေရသူများက ပြောနေပါပြီ။

    ဤအလုပ်ကိုဦးဆောင် လုပ်ပေးနေသည့် Baan Unrak Animal Sancturary-non profit organization အဖွဲ့၊ NGO အဖွဲ့အစည်းများနှင့်အတူ ပြည်သူများ ပူးပေါင်းပါ၀င်ရန် လိုပါသည်။ ဤသို့ပူးပေါင်းပါ၀င်ခြင်းဖြင့် ခွေးလေခွေးလွင့်ရဲ့ အန္တရာယ်မှ ကင်းေ၀းပပျောက် သွားမှာအမှန်ပင်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts